Room 31 (Together 4)

449 18 2
                                    

အခန်းအပြင်ကနေ ချောင်းနားထောင်နေသော စန္ဒီနှင့်သော်တာတို့မှာ ပြုံးစိစိနှင့်ရယ်နေကြသည်။
ဒါကိုဒေါ်မိုးဦးမြင်သွားတော့ နှစ်ယောက်လုံးအသံမထွက်ဘဲ သူမဆီလာဖို့လှမ်းပြောသည်။
"ဘာပြောမလို့လဲ မေမေ...ပြန်တော့မလို့လား"
စန္ဒီ့စကားကြောင့် ဒေါ်မိုးဦး မျက်မှောင်ကြုံ့သွားကာ...
"မပြန်ပါဘူး...ဒီည ငါဒီမှာ အိပ်မှာ"
"ရှင်" "ဗျာ"
နှစ်ယောက်လုံးဆီက အာမေဋိတ်တို့ တချိန်ထဲထွက်လာသောကြောင့် ဒေါ်မိုးဦးပင် လန့်သွားရသည်။
"လန့်လိုက်တာဟယ်...ဖြည်းဖြည်းအော်ကြပါ...နေစမ်းပါဦး ငါဒီမှာအိပ်မှာကို အဲ့လောက်တောင် လန့်သွားရသလား...ဘာလဲ မအိပ်စေချင်ဘူးလား"
ထိုအခါ နှစ်ယောက်စလုံး ပြာပြာသလဲ လက်ခါ ခြေခါဖြင့် ဖြေရှင်းကြပြန်သည်။
"မ...မဟုတ်ပါဘူး အန်..အန်တီ...ဟိုဒင်း...က"
"ဟို...မေမေ...ဒီမှာ...အိပ်မယ်လို့..မထင် ထားလို့ပါ...အိပ်စရာအခန်း..ကလည်းမရှိတော့..."
စန္ဒီ့စကားကြောင့် ဒေါ်မိုးဦး အနည်းငယ်ကြောင်သွားကာ...
"အမ်...ဘာလို့မရှိရမှာလဲ...ဟိုတစ်ယောက်အိပ်ကုတင်မှာ ဘယ်သူမှမအိပ်ဘူးမလား"
"အဲ့မှာ သမီးအိပ်..."
"ဟို...စန္ဒီ့ပစ္စည်းတွေနဲ့ရှုပ်နေလို့..အိပ်လို့မရဘူး ပြောတာပါ အန်တီ..ဟီးဟီး"
လွှတ်ခနဲ ပြောထွက်တော့မည့်စကားတချို့ကို သော်တာခွန်း ပါးနပ်စွာဘရိတ်အုပ်လိုက်နိုင်ခဲ့၍ ရင်ချောင်သွားတော့သည်။ စန္ဒီနိုင် မျက်စိပျက်မျက်နှာပျက်နှင့် သူမအမေကို အိမ်မြန်မြန်ပြန်စေချင်သော်လည်း...ဒေါ်မိုးဦး က အစထဲက သူ့အကြံနှင့်သူ ပလန်ချထားပြီးသားမို့ ဒီအိမ်တွင်ညအိပ်ပြီးမှပြန်ဖို့ ဆုံးဖြတ်ထားခြင်းဖြစ်သည်။
"အော်...အဲ့အတွက်တော့ ဘာမှမပူနဲ့...စန္ဒီ့အခန်းက ဘယ်သောအခါမှ ရှင်းရိုးထုံးစံမရှိဘူး..အန်တီက ကျင့်သားရနေပြီ...အန်တီ ကွကိုယ် ကြည့်လုပ်လိုက်မယ်...စိတ်မပူနဲ့နော်"
သော်တာနှင့်စန္ဒီတို့မှာ ဘာမှမပြောသာဘဲ စိတ်ပျက်လက်ပျက်နှင့် မတ်တပ်သေနေကြသည်။
ထို့နောက် ဟန်နီတို့လင်မယား အခန်းထဲကထွက်လာသောအခါ ဟန်နီက သားလေးကို အသာပွေ့ချီယူလိုက်သည်။ တကယ်ပင် ဟန်နီနိုင်၏ အခန်းထဲမဝင်ခင်ရုပ်နှင့်အခန်းထဲပြန်ထွက်လာသည့်ရုပ်မှာ ရိုက်ချင်စရာကောင်းအောင်ကွဲပြားနေ၏။  ဒီလင်မယားနှစ်ယောက် ကလေးဗန်းပြပြီး သူမအိမ်တွင် ဒရမ်မာအခင်းကောင်း၍ ဒီည သော်တာနှင့်တစ်ခန်းထဲအိပ်ရတော့မည်။ စန္ဒီ စိတ်ညစ်ညစ်နှင့် အော်သာငိုချင်တော့သည်။
ဟန်နီနိုင်က အိတ်လေးလွယ်ရင်းပြောရှာသည်။
"မေမေ...သမီးတို့ပြန်ရအောင်လေ.."
"သမီးတို့မိသားစုပဲပြန်လိုက်ကြ..မေမေ ဒီည ဒီမှာပဲအိပ်လိုက်တော့မယ်...မနက်ကျမှ မောင်မင်းသူလာခေါ်လိုက်လေ...အဆင်ပြေတယ်မလား"
ဟန်နီတို့လင်မယားလည်း ဘာမှမသိသောကြောင့် အမေပြန်မလိုက်ဘူးဆို၍ အနည်းငယ် အံ့သြနေ၏။
"မေမေက ဒီမှာ အိပ်မယ်...ဟုတ်လား...ဖြစ်ရဲ့လား...အိပ်ရာပြောင်းရင် မအိပ်တဲ့သူက"
ဟန်နီက သူမအမေကိုစိတ်ပူ၍ပြောရှာသည်။သို့သော် ဒေါ်မိုးဦးဆိုသည်မှာလည်း...
"ဘယ်ကသာ...အဲ့ဒါအရင်တုန်းက... အခု ဘယ်နားအိပ်အိပ်...အိပ်ပျော်တယ်..ကဲ ညည်းလျှာမရှည်နဲ့တော့..ပြန်တော့အေ....သားမင်းသူ အမေ့လာကြိုလို့ရတယ်မလား"
"ဟုတ်...ကျွန်တော်ကရတယ်...အမေဒီမှာ ညအိပ်မယ်သာဆိုတယ်...ဘာမှပါမလာဘူးမလား"
"အော် တစ်ညတစ်လေပဲဟာ ဒီတိုင်းအိပ်လို့ဘာမှမဖြစ်ပါဘူး...အန်တီက သမီးကြီးကိုလွမ်းလို့ ဒီညအိပ်ပြီးမှ ပြန်တော့မယ်"
"အာ့ဆိုလည်း သမီးတို့ပြန်နှင့်တော့မယ်နော် မေမေ...သားလေးက pizza စားချင်တယ်လို့ ညကတည်းကပူဆာနေတာ..အဲ့ဒါလိုက်ကျွေးမလို့လေ...မေမေနဲ့ မကြီးတို့ ကိုသော်တာရော လိုက်ခဲ့ကြပါလား"
အစားသောင်းကျန်းသူ စန္ဒီနိုင်တစ်ယောက်
ဒီတစ်ခါ ကိုယ့်အပူနှင့်ကိုယ်မို့ Pizza လည်း မကယ်နိုင်တော့။
"မလိုက်တော့ပါဘူးဟာ...နင်တို့ဘာသာသွားစားကြ"
သော်တာကတော့ ​ဖြစ်နိုင်ရင်သူတို့နှင့်လိုက်သွားပြီး ကျော်ကြီးအိမ်မှာသွားအိပ်လိုက်ချင်သည်။ ဒီနေ့ကျမှ ဒင်းက သူ့မိဘအိမ်မှာသွားအိပ်တယ်ဆို၍ အကြံအိုက်သွားရသည်။ ပြီးတော့...တကယ့်လင်မယားတွေဆို...ယောက္ခမအိမ်လာလည်မှ သူများအိမ်သွားအိပ်တဲ့ သမက်ရယ်လို့လည်း ရှိလိမ့်မည်မထင်။
"ကဲ ညနေစောင်းနေပြီ...သွားကြတော့..."
"သွားပြီနော် မေမေ...မကြီး သွားပြီနော်"
ဟန်နီနှုတ်ဆက်တော့ သားလေးကပါ မပီကလာပီကလာနှင့် လိုက်နှုတ်ဆက်သည်။
"တီတီ..တွားပီနော်.."
စန္ဒီ သားလေး၏ ချစ်စရာပါးဖောင်းဖောင်းလေးတွေကို အသာဖျစ်လိုက်ကာ နမ်းလိုက်သည်။
"တာ့တာနော်"
X
ညရောက်တော့ အိပ်ခါနီး စန္ဒီနိုင် အကြံထုတ်ရပြန်သည်။ သူမ၏ တားဂတ်သည် ဒီည သော်တာခွန်းနှင့် တစ်ကုတင်ထဲမအိပ်ရဖို့။
Mrtv 4 က ကိုးရီးယားကားကိုမျက်မှန်တပ်ပြီးထိုင်ကြည့်နေသည့် အမေဖြစ်သူနားအသားကပ်ထိုင်ကာ ခေါင်းလေးမှီပြီးချွဲနေလိုက်သည်။
"အင်း...ငါ့မေကြီးကို ဒီလိုမချွဲရတာတောင်ကြာပြီ..."
အမေဖြစ်သူက TV ကြည့်နေရင်းက သူ့သမီးကိုငုံ့ကြည့်လိုက်ကာ ပြုံးလိုက်သည်။ ထို့နောက်စန္ဒီနိုင်၏ ကျောပြင်ကိုအသာပုတ်ပေးကာ...
"ဟွန်း...အပျိုတုန်းကကျတော့ အတူတူနေလို့ရတာကို အာရုံနောက်တယ်ဆိုပြီး သပ်သပ်ခွဲနေပြီးတော့...အခုယောကျာ်းရတော့မှ အမေကိုလွမ်းတယ်ပေါ့လေ...တော်တော်ချစ်ဖို့ကောင်းတဲ့သမီး"
"ဟီးဟီး မေကြီးကလည်း....အဲ့လိုမဟုတ်ပါဘူးနော်...ဒါဆို ဒီည သမီး..မေကြီးနဲ့လာအိပ်မယ်လေ..နော်..."
လိုချင်သည့်အကွက်ထဲဝင်လာတော့မည်ဖြစ်၍ စန္ဒီစိတ်လှုပ်ရှားနေမိသည်။ မအေဖြစ်သူရိပ်မိမှာစိုး၍ အတတ်နိုင်ဆုံးထိန်းကာ ပြုံးဖြီးထားလိုက်သည်။
ဒေါ်မိုးဦးသည် သမီးလုပ်သူက အတူအိပ်ချင်သည်ပြောလာ၍ စဥ်းစားမိသည်။ သို့ပေမယ့် ညားကာစ ဇနီးမောင်နှံမို့ ခွဲအိပ်မည်ဆိုရင် လင်ယောကျာ်းက သမီးကိုငြိုငြင်သွားမှာလည်းစိုးရသည်။ ထို့ကြောင့် စိတ်ကိုဦးစားမပေးဘဲ သမီးစန္ဒီ၏ ဝဲကျနေသည့် ဆံနွယ်များကိုသပ်ပေးလိုက်ကာ...
"သမီးက မေကြီးနဲ့လာအိပ်ရင်...မောင်သော်တာခွန်းတစ်ယောက်ထဲအိပ်ရမှာပေါ့...ကိုယ့်​ယောကျာ်းကို တစ်ယောက်ထဲအိပ်ခိုင်းမလို့လား...ဟင်"
ထိုအခါ စန္ဒီက စိတ်အားထက်သန်စွာ....
"အာ...ရတယ်...ဟို သူကတစ်ယောက်ထဲအိပ်ရတာပိုကြိုက်တာ မေမေရဲ့"
"အမ်...ဟုတ်လား"
"ဟို...အအိပ်ကြမ်းတော့ တစ်ယောက်ထဲလွတ်လွတ်လပ်လပ်အိပ်ရတာကြိုက်တယ်..ပြောတာပါ...ဘာပဲဖြစ်ဖြစ် ဒီညတော့ မေကြီးနဲ့အတူလာအိပ်မယ်...နော်လို့"
စန္ဒီ့စကားတွေကိုနားထောင်ရင်း ဒေါ်မိုးဦးသည်
သမီးစန္ဒီတို့အိမ်ထောင်ရေး အဆင်မှပြေရဲ့လား ဟုသူမတွေးမိသွားသည်။
မဟုတ်မှလွဲရော...လင်မယားချင်း ရန်ဖြစ်ထားလို့ အတူမအိပ်ချင်လို့ ငါနဲ့အတူလာအိပ်မှာများလား....။ အို..သော်တာခွန်းကြည့်ရတာ ကြင်နာတတ်မယ့်ပုံပါ။ ပြီးတော့ ငယ်ငယ်ထဲကခင်လာတဲ့ သူငယ်ချင်းကိုယူထားတာပဲ...သံယောဇဉ်ရှိပြီးသား...ချစ်ခင်နေပြီးသားပဲဥစ္စာ...။ ပြီးတော့ ငါ့သမီးလေးက သော်တာခွန်းကိုသံယောဇဥ်ကြီးရှာပါတယ်လေ။ ဘာပဲဖြစ်ဖြစ်...ဒီကလေးတွေကြား ငါမဝင်သင့်ဘူး...။
"မေမေ...မေမေ...ဘာတွေတွေးနေတာလဲ"
"အယ်"
အတွေးကမ္ဘာထဲ ရောက်နေသည့်သူမသည် စန္ဒီ့ကြောင့်သတိပြန်ဝင်လာရသည်။
"ဘာမှမဟုတ်ပါဘူး....ကဲကဲ ငါအခန်းထဲဝင်တော့မယ်...ပုတီးစိပ်ရဦးမယ်"
"ဟင်...အတူတူ အိပ်မယ်လေ"
စန္ဒီက လက်မောင်းကိုလှမ်းဆွဲတော့ အသာဖယ်လိုက်ကာ...
"မအိပ်ချင်ပါဘူး...ပူရအိုက်ရတဲ့ကြားထဲ တစ်ယောက်အိပ်ကုတင် ကျဥ်းကျဥ်းလေးမှာ နှစ်ယောက်ဘယ်လိုလုပ်ဆံ့မလဲ..."
စန္ဒီကလည်း မရမက အတင်းလိုက်ကပ်သည်။
"တစ်ယောက်အိပ်ကုတင်မှာမအိပ်ဘူးလေ...ကြမ်းပြင်မှာ ဖျာခင်းပြီးတူတူအိပ်မယ်လေ.."
စန္ဒီနိုင် အမေနှင့်အတူအိပ်ရဖို့အရေး အိပ်ခါနီးဂျီတိုက်နေသည့် ကလေးငယ်လေးလို ပွစိပွစိရွတ်နေ၏။ အသက်ကြီးကာမှ အခုလိုတွေပြုမူနေရ၍ ကလေးကလားနိုင်ပေမယ့် မတတ်နိုင်။ သော်တာခွန်းဘေးမှာ လှဲပြီး ရင်တွေခုန် တညလုံးအိပ်မရ မိုးလင်းမှာထက်စာရင် အများကြီးတော်သေးသည်မဟုတ်လား။
"ဟာ မေကြီး...တူတူအိပ်မယ်လို့ဆို"
"ဂျောက်!"
တဖက်မှာလည်း သမီးတွေရဲ့အိမ်ထောင်ရေးအဆင်ပြေစေဖို့ တမင်တကာ ပါရမီဖြည့်ပေးနေသူ ဒေါ်မိုးဦးကတော့ စန္ဒီကပ်တွယ်နေသည့်ကြားမှ အခန်းထဲဝင်ကာ လော့ပါချပစ်လိုက်လေတော့သည်။
"ဟာ....သွားပါပြီကွာ....သွားပြီ.."
စန္ဒီတစ်ယောက် လက်မြှောက်အရှုံးပေးရင်း အိပ်ခန်းတံခါးဝတွင် အိမ်မြှောင်တစ်ကောင်လို ကပ်မှီနေရင်း.....
"ဘယ်သွားမလို့လဲ"
"ဟင်"
မော့ကြည့်တော့ တံခါးမှီကာရပ်နေသည့် သော်တာခွန်း။ သူ့ကြည့်ရတာ သူမလို စိတ်လှုပ်ရှားနေတာမျိုးမတွေ့ရဘဲ ခါတိုင်းလို ချေမိုးနေသည့်မျက်နှာပေးသာတွေ့သည်။
"နင် ဒီနားမှာအိပ်မလို့လား..အာ့ဆို ခေါင်းအုံးတွေလာယူ...ငါ ခဏနေအိပ်တော့မှာ"
အသံကိုက နားကြားမြင်ကတ်ချင်စရာ...
'တကယ်ဆို မိန်းက​လေးကိုညှာပြီး သူအပြင်ထွက်အိပ်ရမှာလေ...တကယ့် တကိုယ်ကောင်းသမား'
စန္ဒီနိုင် ဘီလူးမျက်စောင်းတွေ အခါခါပစ်ကျွေးပြီးဆောင့်အောင့်၍ အခန်းထဲ ဝင်လာလိုက်သည်။
အခန်းထဲသို့ နှုတ်ခမ်းဆူကာဝင်ချလာသည့် သူမသည် သော်တာခွန်းရှေ့ကဖြတ်လျှောက်သွားသော် သင်းပျံသည့်ရနံ့တမျိုးက သူမသွားရာကျန်ခဲ့သည်။ နှာခေါင်းထဲသို့တိုးဝင်လာသည့် ထိုရနံ့တို့မှာ ဘာလို့များ ခုညမှ ပိုမွှေးနေရပါလိမ့်။ 
ဒီလိုနှင့် နှစ်ယောက်အိပ်ကုတင်ကြီး၏အလည်တွင် နှစ်ယောက်သား အရုပ်ကြီးတွေလို မတ်တပ်ရပ်နေကြသည်။ တဒုန်းဒုန်းခုန်ပေါက်နေသော နှလုံးသားတို့က အပြင်ကိုခုန်ထွက်မတတ်။
"အဟမ်း"
ရင်ခုန်ပြီးကြက်သေ သေနေကြရာက ရုတ်တရက် ချောင်းထဟန့်လိုက်သော သော်တာခွန်းကိုလှည့်ကြည့်မိတော့ သူက သူမကိုမကြည့်။
"ငါ...အိပ်တော့မယ်...မီးပိတ်လိုက်နော်"
"အင်...အင်း..."
မတ်တပ်ရပ်နေလို့လည်းမထူး၍ သော်တာခွန်းကုတင်ပေါ်တက်အိပ်ဖို့ပြင်လိုက်သည်။ အူတူတူလေး စန္ဒီနိုင်သည် မီးပိတ်လိုက်ကာ ကုတင်စွန်းနားတွင်ဝင်လှဲချလိုက်သည်။ ထို့နောက် နှစ်ယောက်စလုံး မျက်နှာကျက်ကိုသာငေးရင်း ရင်ဘတ်ထဲတွင်မူ ဘုံကထိန်လှည့်နေကြတော့၏။
X
မျက်လုံးတွေသာမှိတ်ထားသည်..သော်တာခွန်း တစက်မှ အိပ်မပျော်။ အခုထိ ရင်ဘတ်ထဲမှာ ကထိန်ခင်းလို့ကောင်းဆဲ။ ဘဝမှာ ရည်းစားတွေ တစ်နှစ်တစ်ယောက်လိုထားဖူးခဲ့ပေမယ့်...အခုလို မိန်းကလေးတစ်ယောက်နဲ့အတူ တစ်ကုတင်ထဲမအိပ်ဖူးပေ။ တကယ်က သော်တာခွန်းသည် ကောင်မလေးတွေထည်လဲတွဲခဲ့သလောက် အိပ်ရာကိစ္စအထိခရီးပေါက်အောင် မသွားခဲ့တာလည်းပါ၏။ ယောကျာ်းတစ်ယောက်မို့ ပြင်းပြခက်ထန်သည့်အခြေအနေမျိုး မကြာခဏကြုံတွေ့ရလည်း ကိုယ်တကယ်ချစ်တဲ့သူနှင့်သာ ညတွေအတူကုန်ဆုံးပစ်ချင်သည့်စိတ်ကြောင့် ဆန္ဒတို့ကို ချိုးနှိမ်နိုင်ခဲ့သည်။
သို့ပေမယ့်......အခုအခြေအနေကြီးက....ဘယ်လိုမျိုးလဲ။
ကုတင်ပေါ်မှာ ရောက်နေသည့် သူမ...သူ့ကိုကျောပေးကာငြိမ်သက်နေသည်။ သူမကျောပြင်ကိုငေးမိရင် ဖြစ်ဖြစ်လာသည့်စိတ်တွေက ယဥ်မလိုနဲ့ရိုင်းမိနေသည်။ အသက်ရှုသံတွေက ကျောပြင်ပေါ်မှာ စုပုံနေသည့် ဆံနွယ်တို့ကြောင့် ပိုပိုကျယ်လောင်လာသလိုလို...။ သူမ မကြားအောင် သက်ပြင်းတွင်တွင်ချမိရင်း မျက်လုံးတွေပြန်မှိတ်ပစ်လိုက်ပြန်၏။ တဒိန်းဒိန်းလွှတ်ခုန်နေသော သူ့နှလုံးသားပေါ်လက်တင်ကာ ကြိတ်မေးနေမိသည်။
'ဘာလို့ငါ ရင်ခုန်နေရတာလဲ'
'ဘာလို့ငါ ရင်တွေခုန်နေရတာလဲ'
စန္ဒီနိုင် ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ပြန်မေးနေမိသည်။ တဖက်သတ်ရင်ခုန်ခဲ့တာတွေလည်း အတိတ်မှာထားခဲ့ပြီးပြီ။ ဘာမှမခံစားတော့ဘူးလို့ အကြိမ်ကြိမ် ကြိမ်းဝါးခဲ့ပြီးမှ ဘာဖြစ်လို့ ဒီညမှာ ပေါက်ထွက်မတတ် ခုန်နေရတာလဲ။ သူမ ကိုယ့်ကိုယ်ကိုလည်း နားမလည်နိုင်တော့။ စိတ်ပျက်စွာနှင့်မျက်လုံးများမှိတ်ထားလိုက်သည်။
မြန်မြန်အိပ်ပျော်သွားမှ အဆင်ပြေတော့မယ်မဟုတ်လား။
အချိန်ကိုအတိအကျမသိ။ ကျိန်းစပ်နေသည့် ဝေဒနာနှင့်အတူ သော်တာခွန်းနိုးလာခဲ့ရသည်။ သူ့ကိုယ်ခန္ဓာပေါ်က လေးလံမှုကိုပါ ဆက်တိုက်ခံစားမိရင်း မျက်လုံးဖွင့်ကြည့်လိုက်မိတော့....သော်တာခွန်း မျက်စိများပင်ပြူးကျယ်သွားရသည်။
အိပ်မောကျနေသည့် စန္ဒီနိုင်မှာ သူနှင့်လက်တစ်ဝါးစာမျှသာ ဝေးသည်အထိမျက်နှာချင်းဆိုင်ထားကာ လက်တစ်ဖက်က သော်တာခွန်းခါးပေါ်ရောက်နေပြီး ခြေထောက်တစ်ဖက်ကမူ ခန္ဓာကိုယ်အောက်ပိုင်းပေါ်ပစ်တင်ထား၏။ ခန္ဓာကိုယ်တစ်ခုလုံးလှုပ်မရအောင် အချုပ်ခံရသည့် ကိုယ့်အဖြစ်ကိုကြည့်ရင်း စိတ်ညစ်သွားရသော်လည်း...သူမ၏ ဝင်သက်ထွက်သက်တို့က သော်တာ့မျက်နှာဆီကို လေနုအေးလို ရိုက်ခတ်နေ၍ ဘယ်လိုမှမရုန်းသာတော့။ ထိုလေနုအေးတို့က သူ့ကိုအတင်းပွတ်သပ်ချော့သိပ်နေသလို တစ်စုံတစ်ရာလို ဆွဲဆောင်လို့နေသည်။ ပြီးတော့...တခါမှ အနီးကပ်မမြင်ဖူးခဲ့သော...နှုတ်ခမ်းပါးလေး။
သော်တာခွန်း၏မြန်ဆန်လာသည့် အသက်ရှုသံတို့က စန္ဒီ့နဖူးတဝိုက်တွင် တိုက်ခတ်နေသည်။ သူမ၏ ထိုနှုတ်ခမ်းပါးတို့မှာ သော်တာခွန်း၏မေးစေ့နှင့်လည်ပင်းနားတွင် ရစ်ဝဲလို့။ ဆူညံပွတ်လောရိုက်နေသည့် ရင်ဘတ်ထဲတွင် နောက်တစ်ကြိမ် ကထိန်ခင်းနေကြပြန်၏။ သူမ၏ လေနုအေးတို့ကြောင့် အာခေါင်ပင်​ခြောက်ကပ်လာပြီး တံတွေးမျိုချမိသည်က တစ်ကြိမ် နှစ်ကြိမ် မကတော့။ သော်တာခွန်း ချက်ချင်းပဲ တစ်ခုခုကိုသိလိုက်သည်။
ဒီတိုင်းဆက်နေရင် သူရူးသွားတော့မယ်ဆိုတာ...
ထို့နောက် သူမဆီကလွတ်အောင် ကြိုးစားရတော့သည်။ ပထမဆုံး ဖက်ထားသော သူမလက်တစ်ဖက်ကိုအသာ ဖယ်ပစ်လိုက်နိုင်၍ ကျေနပ်သွားသည်။ ခွထားသည့် ခြေထောက်တစ်ဖက်ကိုအသာတွန်းချနေစဥ် ရုတ်တရက် သူမလှုပ်ရှားလာ၍ သော်တာ အသာလေးငြိမ်နေရပြန်၏။ ထိုစဥ် ဖယ်ပြီးသား လက်တစ်ဖက်က သူ့ခါးပေါ်ကို နောက်တစ်ကြိမ် တင်းကြပ်စွာရောက်လာပြီး သူမနှင့်ပိုမို ပူးကပ်သွားသောကြောင့် မတော်တဆ သူမနဖူးကျဥ်းလေးကိုသူနမ်းမိသွားသည်။ တချိန်ထဲမှာပဲ ပူနွေးသွားသော လည်ပင်းတဝိုက်က အထိအတွေ့တစ်ခု။
တကိုယ်လုံး ခဲတောင့်သွားသလို သူအသက်အောင့်ထားမိရင်း ဒီတိုင်း ဘာမှမတုံ့ပြန်နိုင်ခဲ့။ ရင်ဘတ်ထဲက ကထိန်ပွဲ ကြီးမှာ ပို၍မြိုင်ဆိုင် ကျယ်လောင်နေတော့သည်။ ဘာမှမသိရှာသော သူမကတော့ အိပ်မက်ကမ္ဘာထဲမှာ သာယာနေ၏။
ကိုယ့်မှာတော့ ရင်တွေချည်း ခုန်နေရလို့ အိပ်နိုင်မည်မထင်။ မနက်အထိ အားတင်းပြီးတောင့်ခံဖို့သာ တွေးမိရင်း မြန်မြန်မိုးလင်းဖို့သာ ဆုတောင်းရပေမည်။
X

Hello 🤗
အပိုင်းသစ်လေး လာပါပြီ😁
သာသာက old fashioned style ကြိုက်တာဆိုတော့ တဆင့်ချင်းသွားကြမယ်နော်။

သော်တာနဲ့အတူ ကထိန်လိုက်ခင်းရအောင်လား 😝

ကထိန်ကပြန်လာရင် ကြယ်လေးတွေပေးသွားကြပါဦးနော်။
Send my love to all the readers 😘
MJ11🍀

မတော်တဆ 🤍💋❤Where stories live. Discover now