စန္ဒီ အိမ်ရှေ့ဝရန်တာ ကြမ်းပြင်တွင်ထိုင်၍ ကောင်းကင်ကိုမော့ကြည့်နေရင်း အတိတ်ကခံစားချက်တချို့ကို ပြန်သတိရသွားသည်။ သို့ပေမယ့် သူမမှာ အတိတ်ကိုပြန်လည်တူးဆွဖို့ထက် လက်ရှိ ပစ္စုပန်မှာ နေ့တိုင်း ဘယ်လိုဖြတ်သန်းသွားမလဲဆိုတာသာ ပိုတွေးဖြစ်နေသည်။
ရောင်းအားတက်ခါစမှာ ဆိုင်ပိတ်လိုက်ရသည်။ ထို့ကြောင့်ဒီပလိုမာ သင်တန်းဖိုးအတွက် အခက်အခဲဖြစ်သွားပြန်သည်။ လူလတ်တန်းစားမိသားစုလေးတစ်ခု၏ ပုခုံးပြောင်းတာဝန်ကိုကူထမ်းရသော သူမသည် အလုပ်ဝင်ကတည်းက အိမ်ကို ထောက်ပံ့နေသူလည်းဖြစ်သည်။ အစိုးရအရာရှိ ဖြစ်သူ စန္ဒီနိုင့်ဖခင် ပင်စင်ယူပြီးနောက် သူတို့ညီအစ်မနှစ်ယောက် အိမ်၏ လိုအပ်ချက်များကို ပိုဖြည့်ဆည်းနိုင်အောင်ပိုကြိုးစားကြသည်။ စန္ဒီ့ညီမဖြစ်သူ အိမ်ထောင်ကျသွားပြီးနောက်ပိုင်းတွင် စန္ဒီတစ်ယောက်ထဲနေဖို့ ဖြစ်လာတော့သည်။ တစ်ယောက်ထဲနေသည်ဟုဆိုသော်လည်း တစ်လတွင် အနည်းဆုံး သုံးကြိမ်လောက် စန္ဒီနိုင့်အမေ ရောက်ရောက်လာတတ်၏။
အခုလည်း အဖေ့ဇာတိမြို့ကလေးဆီ သွားလည်နေကြလို့သာ စန္ဒီ့အဖြစ်ကို မသိသေးတာဖြစ်သည်။ နှစ်ပတ်အတွင်း အိမ်မပြန်နိုင်ရင် ဘာတွေဆက်ဖြစ်မလဲဆိုတာ တကယ် ခေါင်းကျိန်းစရာပင်။ အခုပင်နေလာသည်မှာ တစ်ပတ်ပြည့်တော့မည်။ စန္ဒီ့စိတ်တွေ လေးလံသွားသည်။
နံရံကိုမှီထိုင်၍သက်ပြင်းရှည်ကြီးချနေမိစဥ် သော်တာကလှမ်းခေါ်လိုက်သည်။
"စန္ဒီရေ...ငါတို့ စကား ခဏလောက် ပြောရအောင်"
စန္ဒီနိုင် အထဲပြန်ဝင်လာပြီး ထိုင်ခုံတွင်ထိုင်လိုက်သည်။
"ငါတို့ကိစ္စကို ဟိုကောင်တွေကို ပြောပြလိုက်တော့မယ်။"
စန္ဒီနိုင် မျက်လုံးပြူးသွားသည်။
"ရူးနေလား...သူတို့ပြောလိုက်မှ လူကြီးတွေပါသိကုန်ရင် ငါတို့ နှစ်ယောက်လုံး ချောင်မှာမဟုတ်ဘူး။"
စန္ဒီ ကန့်ကွက်မည်ဆိုတာ သော်တာသိပြီးသားဖြစ်သည်။ သို့ပေမယ့် သူငယ်ချင်း စန္ဒီနိုင်အတွက်ရေရှည်မှာ ပြဿနာကြီးတစ်ခုအဖြစ်ပြောင်းလဲလာမည်ကိုသူသိနေပြီးသားဖြစ်သည်။
"ငါတို့မပြောဘဲနေလာတာ အခု တစ်ပတ်ပြည့်တော့မယ် စန္ဒီနိုင်..."
"အေးလေ အဲ့ဒါဘာဖြစ်လဲ။ အကုန်အဆင်ပြေနေတာပဲမလား။"
သော်တာက လက်မခံဘဲခေါင်းခါသည်။
"မဟုတ်သေးဘူး စန္ဒီ...ဒီလို ပေါ့ပေါ့လေးပြောလို့မရဘူး။ ငါရော နင်ရော လူပျိုလူလွတ်တွေ တအိမ်ထဲမှာ အတူနေကြတာ...ငါတို့က ဘာမှမဖြစ်ပေမယ့် ပတ်ဝန်းကျင်အမြင်မှာ မသင့်တော်ဘူး။"
"အေးလေ...ပတ်ဝန်းကျင်ဆိုတာကြီး သိမှာစိုးလို့ ငါကပြောနေတာ...အခုထဲက ဟိုကောင်တွေပါ မပြောဘဲတို့ဒီတိုင်းငြိမ်ငြိမ်လေးနေကြမယ်။ နှစ်ပတ်ပြည့်တဲ့အခါကျရင် ငါ့ဟာငါတိတ်တိတ်လေး ထွက်သွားရင်ပြီးပြီလေ။"
စန္ဒီပြောတာလည်းဟုတ်တော့ဟုတ်သည်။ သို့ပေမယ့် တစ်လမ်းလုံးက ဒီအိမ်တွင်ယောကျာ်းလေးနှစ်ယောက်သာနေသည်ဟုပင်သိထားကြသည်။ မိန်းကလေးတစ်ယောက် အိမ်ထဲရောက်နေသည်ကို မတော်တဆသိသွားခဲ့ပါက နှစ်ယောက်လုံးအတွက်မကောင်းပေ။ သော်တာကတော့ယောကျာ်းလေးမို့ သိပ်ပြဿနာမရှိ။ မိန်းကလေးဖြစ်သည့်သူမအတွက်တော့ အဆင်ပြေနိုင်မည်မထင်။
ထွန်းရှည် ၊ ကျော်ကြီးနှင့်ခိုင်လေးတို့ပါ အသိမပေးဘဲ ဆက်နေကြမည်ဆိုရင် သူငယ်ချင်းအချင်းချင်းပါ အထင်တွေလွဲကုန်မည်။ ဒီတချက်ကိုသော်တာစိတ်အပူဆုံးဖြစ်သည်။ လူကြီးတွေအမြင်မစောင်းဖို့က သူငယ်ချင်းငါးယောက်လုံး ညီနေမှသာ ဖြေရှင်းနိုင်လိမ့်မည်ဟု သူယုံကြည်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ စန္ဒီ့ကိုနားဝင်အောင်ပြောရမည်။
"မဟုတ်သေးဘူး စန္ဒီမ...အခုချိန်ထိ ငါတို့နှစ်ယောက် တအိမ်ထဲအတူနေတာကို ဘယ်သူ့မှမသိတာမှန်တယ်။ ဒါမယ့် တစ်ခုခု ဖြစ်လာခဲ့ရင် ငါတို့နှစ်ယောက်ကိုဘယ်သူမှယုံတော့မှာမဟုတ်ဘူး။"
"ဘယ်လို တစ်ခုခုလဲ"
"ဒီအိမ်ကထွန်းရှည်အိမ်..ငါအိမ်မှာ မနေချက်လို့ ဒီကောင့်ဆီကပ်နေနေတာ...."
"အေး..ငါသိတယ်လေ...."
သော်တာက သက်ပြင်းချသည်။
"နင်မသိသေးတာက ငါဧည့်စရင်းမတိုင်ရသေးတာပဲ။"
"ဟင်"
စန္ဒီအံ့သြ သွားသည်။
"လပိုင်းလောက်နေလာခဲ့ပြီးမှ ဧည့်စရင်းမတိုင်ရသေးဘူးတဲ့လား...နင်ပြောတော့...ထွန်းရှည် ဦးလေးက လမ်းလူကြီးဆို"
"အေးဆို...ငါတိုင်မယ်လုပ်တော့ ဦးစိုး က ငါ့ကို ရုံးအထိသွားမနေနဲ့။ သူနဲ့တင်ပြီးတယ်ဆိုလို့...ငါမသွားလိုက်တာ..."
"ဒါဆို တိုင်ပြီးရောပေါ့ဟ"
သော်တာ စိတ်ညစ်သွားသည်။
"ဘယ်ကသာ...အခုသူက Q centre ရောက်သွားပြီ...မတိုင်ရသေးဘူးတဲ့ဟာ.."
"ဟာ...ဒါ...ဒါဆို အခု နင််ရော....ငါရောက...ဧည့်စရင်းမတိုင်ဘဲ နေနေကြတာပေါ့...ဟုတ်လား"
သော်တာက ဖြည်းညှင်းစွာခေါင်းငြိမ့်သည်။
"အဲ့ဒါကြောင့် နင်ရပ်ကွက်ရုံးသွားမယ်ပြောတော့ ငါတားခဲ့တာ....ထွန်းရှည်ဦးလေးကလည်း ပြောပေးမယ်ဆိုကာမှ ကိုဗစ်ဖြစ်သွားတော့ ပိုဆိုးကုန်တာပေါ့။ ရပ်ကွက်ရုံးကသိသွားရင် အကုန်ရှုပ်ကုန်မယ်။ ပြီးတော့ အခုက တစ်မြို့လုံးက ရုံးတွေပိတ်ထားတော့ သွားလည်းအလကားပဲ။"
"သွားပါပြီဟာ....အီး...ဟီး..."
အရုပ်ကြိုးပျက်သလိုထိုင်လျက်လေးပြုတ်ကျသွားသော စန္ဒီနိုင်မှာ ထိုင်ငိုနေရုံမှတပါးတခြားမလုပ်တတ်တော့။ သော်တာလည်း သူမကိုကြည့်ပြီးခေါင်းတွေသာ ကုတ်နေမိသည်။ သူလည်းအတော်ကိုစိတ်ညစ်နေပြီဖြစ်သည်။ မိန်းကလေးတစ်ယောက်နှင့်တအိမ်ထဲတွင်အတူနေသည်ကိုသာ လူကြီးတွေသိရင် အသက်နှင့်ကိုယ် နှစ်ခြမ်းကွဲဖို့ပဲမြင်သည်။ ချစ်သူမိန်းကလေးဖြစ်ဖြစ် တခြားမိန်းကလေးဖြစ်ဖြစ်ဆိုလည်း တော်သေးသည်။ အခုက ငယ်သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးဖြစ်နေ၍ အောင့်သက်သက်တော့နိုင်၏။
သူတို့အခက်အခဲကို ဟိုသုံးယောက်ကိုအရင်ပြောပြပြီးခေါင်းချင်းဆိုင်လိုက်ပါက အဖြေတစ်ခုတော့ထွက်လာမည်ဟုသော်တာယုံကြည်သည်။
"စန္ဒီ မငိုပါနဲ့တော့ဟာ...နင်ငိုနေလို့လည်းဘာမှမထူးဘူးလေ။ ငါတို့ဟိုကောင်တွေကိုပြောပြပြီး သူငယ်ချင်းတွေစုတိုင်ပင်ကြရင် အဖြေတစ်ခုတော့ထွက်မှာပါဟာ...နော်"
"အဟင့်...ခိုင်..ခိုင်အိသိရင် ငါ့ကိုဆဲမှာ...အဲ့ကောင်မ ငါ့အမေကိုသွားပြောလိုက်ရင်...ငါသေပြီ အီး..."
ကလေးလေးလိုထိုင်ငိုနေသည့် သူမကိုကြည့်ရင်း စိတ်မကောင်းလည်းဖြစ်ရသလို ရယ်လည်းရယ်ချင်လာသည်။ သော်တာ တစ်ရှူးနှစ်ရွက်လောက်ထုတ်၍ စန္ဒီ့မျက်ရည်တွေကိုသုတ်ပေးလိုက်သည်။ ထို့နောက် စန္ဒီ့ကိုထိုင်ခုံပေါ်တွင်ထိုင်စေကာ ရေတစ်ခွက်တိုက်လေသည်။
"မင်းကလည်းကွာ....ကလေးလေးကျနေတာပဲ ငိုနေတာ...တိတ်တော့...ငါ group မှာ ဟိုကောင်တွေနဲ့ vcall ခေါ်လိုက်တော့မယ်နော်။"
"အမ်....vcall ကြီးတော့ မလုပ်ပါနဲ့ဟာ...ရိုးရိုးပဲပြော..."
သူမစိတ်ကြိုက် video off ပြီး ဖုန်းခေါ်လိုက်သည်။ စက္ကန့်ပိုင်းအကြာတွင် သုံးယောက်လုံး ရောက်လာကြသည်။
YOU ARE READING
မတော်တဆ 🤍💋❤
Romance"လည်ပင်းဖက်ပြီးပေါင်းလာတဲ့ bff အဖွဲ့လေးထဲကို တနေ့တော့ အချစ်ဆိုတဲ့ အုန်းသီးတစ်လုံး ပြုတ်ကျလာခဲ့တယ်။ အုန်းသီးတစ်လုံးဟာ မျောက်တွေအတွက်တော့..... တကယ့် 'ငစား' ပဲ။ အထူးသဖြင့် ကျွန်တော်နဲ့ သူမ အတွက် ဆိုပါတော့။" Pandemic ကာလအတွင်းကိုအခြေခံရေးထားတဲ့ Quaran...