Room 23 (Queen of the night 2)

309 20 2
                                    

ပင်လယ်လေနုအေးလေးတွေက ကျွန်တော့်ပါးပြင်ပေါ်ပြေးလွားတိုက်ခတ်နေတယ်။ပင်လယ်ကြီးရဲ့ အလှဆုံးအချိန်တွေထဲမှာ ညနေခင်း ပင်လယ်ဆည်းဆာချိန်လည်းပါတယ်။ ဘယ်ခရီးတွေ ထွက်ထွက် ပင်လယ်ဟာ ဘယ်တော့မှ ရိုးအီမနေခဲ့ဘူး။
တကယ်တော့ ကျွန်တော်က အပြင်ထွက်ရတာ ကြိုက်တဲ့သူမဟုတ်ဘူး။ သူငယ်ချင်းတွေက ကျွန်တော်နဲ့ပြောင်းပြန်...ပိတ်ရက်ဆိုတာနဲ့ အထုပ်ပြင်တဲ့သူတွေ...ကျွန်တော့်ပါအတင်းခေါ် လိုက်ရင်း လိုက်ရင်းနဲ့ အပြင်ထွက်ဖြစ်သွားတာပဲ။
အခုလည်း ကမ်းခြေဆိုလို့ ကျွန်တော်ပါလာခဲ့ပြန်တယ်။ စန္ဒီ့ကြောင့်လည်းပါတယ်။ သူ့ကြောင့်ဆိုလို့ သူ့ကိုစိတ်မချလို့တော့မဟုတ်ဘူး။ ထားပါတော့။
ကားပေါ်မှာ စကားများပြီးကတည်းက စန္ဒီ ကျွန်တော့်ကို ဝိဉာဥ်တစ်ကောင်လိုသဘောထားပြီးနေတယ်။ မြင်နေတာလည်းမမြင်သလို ဟန်လုပ်နေတာ...ဒါသူ့အကျင့်ပဲလေ။ ကျွန်တော်တို့ကတော့ရိုးနေပြီ။ အခု ခိုင်အိက ရေထဲဆင်းဖို့ခေါ်လို့ပါသွားလေရဲ့။ သူတို့မိန်းကလေးသုံးယောက်အတူရေဆော့နေကြတယ်။ ကျွန်တော်တို့ယောကျာ်းလေးသုံးယောက်ကတော့ ထီးမိုးကြီးအောက်မှာ ပုလင်းထောင်နေကြတယ်။
"စန္ဒီဒီတခေါက်အတော်ငြိမ်တယ်...နေများမကောင်းလို့လားကွ.."
ကျော်ကြီးတစ်ယောက် ဂုံးယောက်မကင် တစ်ဖက်ကိုဝါးရင်း ပြောတယ်။ မျက်လုံးကတော့ စန္ဒီ့ကိုကြည့်နေတာလုံးဝမဟုတ်ဘူး။ အာမခံတယ်။
"ဟင် သော်တာ"
"အမ်"
ကျွန်တော် ဘီယာတစ်ငုံမော့လိုက်တယ်။ ထွန်းရှည်ကကျွန်တော့်ကို ကြည့်ပြီး မြေပဲစားလှော်ကိုဝါးတယ်။
"မင့်စန္ဒီမ ဒီတခါ ခရီးသွားတာ ငြိမ်လှရီလားလို့...အရင်လို သိပ်အူမမြူးသလိုပဲ..အာ့ မင့်သိလား"
ကျွန်တော် ကျော်ကြီးကိုမကြည့်ဘဲ ခေါင်းခါလိုက်တယ်။ တကယ်တော့ ကျွန်တော်သိနေသလိုပဲ။
"ခါတိုင်း ခရီးသွားရင် တလမ်းလုံး မင်းတို့နှစ်ကောင်ပဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် လုပ်နေကျ...အခု နှစ်ကောင်လုံး ဘာသံမှမထွက်ဘူး...မင့်တို့ အိမ်မှာရော မျက်နှာချင်းတောင်ဆိုင်ကြရဲ့လား..."
လာပါပြီ မဖြေချင်ဆုံးမေးခွန်းတွေ....
ကျွန်တော် စိတ်ညစ်ညစ်နဲ့ မြေပဲလှော်ကောက်ဝါးလိုက်တယ်။
"လုပ်မနေပါနဲ့ကွာ..မျက်နှာချင်းဆိုင်ဖို့မပြောနဲ့...သေတာတောင်တည့်မယ့်ဟာတွေမဟုတ်ဘူး"
နားညီးလာလို့ ကျွန်တော် ချက်ချင်း ထပြောလိုက်တယ်။
"ဟ ဘာလို့မျက်နှာချင်းမဆိုင်ရမှာတုန်း...ငါတို့ညတိုင်း တွေ့တယ်ကွ"
"ဘာ!"
ကျွန်တော့်အဖြေကြောင့် ဟိုကောင်တွေ ကျွန်တော့်ကိုပြူးပြီးကြည့်နေကြတယ်။ ကျွန်တော်ကလည်း ကျွန်တော်...ပြောချင်စောအားကြီးပြီး ပြောချလိုက်တော့ ဟိုကောင်တွေ အမူးပြေသွားကြတယ်ထင်တယ်။ ကျွန်တော် ရယ်ချင်မိသွားတယ်။
"အဲ...အဲ့အဆင့်တောင်ရောက်ကုန်ကြပြီလားဟ"
"ဟာ..မင်း...ကိုယ့်သူငယ်ချင်းအရင်းကြီးကိုကွာ...အာ့ ဖရန့်စ် ဝှစ်သ် ဘန်န..."
ကျွန်တော် မျက်လုံးကြီးပြူးသွားတယ်။
"အာ...ဟိုး...ဟိုးတား ဟိုးတား...မင့်တို့လုပ်မှ ငါခေါင်းကြီးသွားတယ်...ဒီမှာ ငါပြောချင်တာ စန္ဒီမက ည ၇ နာရီဆို TV ထွက်ကြည့်တယ်။ ငါက အိမ်ရှေ့က destop ထွက်သုံးတယ်။ အဲ့တော့ ငါတို့မျက်နှာချင်းဆိုင် ဖြစ်မသွားဘူးလား..."
ကျွန်တော် ပြောမှ သဘောပေါက်ပြီးငြိမ်သွားကြတယ်။ တော်ပါသေးရဲ့ အမှုကြီးတော့မလို့။
"အေ့လေ ပြီးတာပဲ...နောက်မှ တအိမ်ထဲနေတဲ့ ကြောင်နဲ့ကြွက် living together ဇာတ်လမ်းတွေမရိုက်နဲ့နော် ဟျောင့် ဟားဟား..."
"ဆုတောင်း ငါ့သား"
"ဟျောင့် တောင်းစရာမလိုဘူးကွ...ရိုက်တော့လည်းဘာဖြစ်လဲ...မင်းရောစန္ဒီရော ငါတို့ best friend တွေ ကိုယ့်လူအချင်းချင်းယူ ပိုတောင်မိုက်​သေး...ငါကတော့ သဘောတူတယ် သားရီး"
ထွန်းရှည်က ဇွတ်ကိုသဘောတူနေတယ်။ တူမှာပေါ့ သူကိုယ်တိုင် ကိုယ့် best friend ကိုပြန်ယူထားတာလေ။ ကျွန်တော်ကတော့ ဘယ်တော့မှ အဲ့ဒီလိုမဖြစ်လောက်ဘူး။
"ငါကတော့ အဲ့လိုမဖြစ်လောက်ဘူး ငထွန်းရ"
"ဘာလို့...စော်ရှိလို့လား"
"အရင်ကောင်မလေးနဲ့ပြန်တွဲနေပြီလား"
ကျွန်တော် ခေါင်းခါပြီး ဘီယာပုလင်းကိုမော့ချလိုက်တယ်။ အသိစိတ်ထဲမှာ အကြောင်းပြချက် မယ်မယ်ရရမရှိပေမယ့် မသိစိတ်ထဲမှာတော့ တစ်စုံတစ်ခုက မီးနီပြသလို ကန့်ကွက်နေတယ်။
ပါးစပ်ကထုတ်ပြောဖို့လည်း စကားနဲ့သေချာမပြောပြတတ်ဘူး။ စန္ဒီနဲ့ပတ်သက်ရင် ကျွန်တော်မှာ မယ်မယ်ရရ ပြောစရာမရှိသလိုပဲ။
"ငါ...မသိသေးဘူးကွ"
x
ကျွန်တော်တို့သောက်လိုက် ရယ်လိုက်နဲ့ဝိုင်းကောင်းလာတယ်။ ရေဆော့နေကြတဲ့ ခိုင်အိတို့တောင် ပြန်တက်လာကြပြီ။ လေကတိုက်တော့ခိုင်အိနဲ့ ခင်နှင်းဆီတို့နှစ်ယောက်စလုံး ချမ်းလို့တုန်နေကြတယ်။ အခန်းထဲမဝင်ခင် ခင်နှင်းဆီ ဘာလည်းမသိ အော်ပြောလိုက်သေးတယ်။ ကျွန်တော်လည်း ဘီယာအရှိန်နဲ့ သေချာနားမထောင်ဖြစ်လိုက်ဘူး။ ဘေးက ကျော်ကျော်ခိုင်က 'ဟုတ် စိတ်ချ မနှင်းဆီ' လို့ပြောလိုက်တာလည်းပါတယ်။ နောက်မှသူ့ကိုပြန်မေးရတယ်။
"ဟျောင့် သူဘာပြောတာလဲ။"
"အော် စန္ဒီ ပြန်တက်မလာသေးလို့ ဂရုစိုက်လိုက်ပါဦးတဲ့"
"အမ် သူကပြန်တက်မလာဘူးလား...မှောင်တောင်မှောင်တော့မယ်"
ထွန်းရှည်က ပင်လယ်ကိုလက်ညှိုးထိုးပြတယ်။ ကျွန်တော်လှမ်းကြည့်လိုက်တော့ သူက ပင်လယ်ကိုပြတာမဟုတ်ဘူး။ ဘောကွင်းတစ်ခုနဲ့အလုပ်ရှုပ်နေတဲ့ စန္ဒီနိုင်ကိုလှမ်းပြတာ။
"ဟိုမှာ မင်းစန္ဒီ..."
"ဘာကိစ္စ ငါ့စန္ဒီ ဖြစ်ရမှာလဲဟ။ မင်းတို့ကောင်တွေအကျင့်လုပ်လုပ်ပြီးခေါ်မနေနဲ့။"
ထွန်းရှည်ကဘာမှပြန်မပြောဘဲ ကျွန်တော့်ကိုရယ်ကျဲကျဲနဲ့ကြည့်တယ်။ အဲ့ဒီအချိန်မှာ ကျော်ကြီးက  ဘီယာပုလင်းကိုင်ပြီး  မတ်တပ်ရပ်လိုက်တယ်။ ပြီးတော့ ပင်လယ်ပြင်ကိုသေချာကြည့်နေတာ။
"ကျော်ကြီး...ဘာတွေစိုက်ကြည့်နေတာလဲဟ...ရေသူမ တွေ့လို့လား"
"ရေသူမတော့...မဟုတ်ဘူးကွ"
ဇဝေဇဝါဖြေသံကြောင့် ကျွန်တော်တို့မော့ကြည့်လိုက်ကြတယ်။ ကျော်ကြီး သေချာစိုက်ကြည့်နေရင်းနဲ့ မျက်လုံးပြူးပြီး ပင်လယ်ဆီ ပြေးဖို့ပြင်တော့တယ်။
"ဟျောင့် ဘာဖြစ်နေတာလဲ"
"စန္ဒီ...စန္ဒီ ရေနစ်နေတာလား...မသိဘူးကွ"
"ဘာ!"
မူးတာဘယ်ချောင်ရောက်သွားသလဲမသိ...သိလိုက်တာကတော့ ကျွန်တော်အရင်ဆုံး ပင်လယ်ဆီပြေးနေတာကိုပဲ။ ကျော်ကြီးနဲ့ထွန်းရှည် အနောက်ကနေအော်ခေါ်နေသံမျိုး ကြားလိုက်ပေမယ့် အာရုံမရတော့ဘူး။ ကျွန်တော့်မျက်လုံးတွေက လှိုင်းကြီးတွေကြားမှာ မြုပ်လိုက်ပေါ်လိုက်ဖြစ်နေတဲ့ စန္ဒီ့ကိုပဲ ထပ်ချပ်မကွာ ကြည့်နေကြတယ်။
"သော်တာ...ရေတွေတက်လာပြီကွ...သတိထား!"
"ဟျောင့်.."
အနောက်ကခေါ်သံတွေကြားကပဲ ကျွန်တော်ရောက်သွားလိုက်တာ ရေတွေကရင်ဘတ်ကိုအတော်ကျော်လာခဲ့တယ်။ သူမဆီ အရောက်သွားပြီး ရေထဲမှာ နစ်လိုက်ပေါ်လိုက်ဖြစ်နေတဲ့သူမကိုယ်ကို ဆွဲယူလိုက်တယ်။ ကမ်းစပ်ကိုရောက်တော့မှ ကျွန်တော် သက်ပြင်းကြီးချနိုင်တော့တယ်။
အဲ့ဒီချိန် ကျော်ကြီးတို့ရောက်လာတယ်။ အမောဖြေနေတဲ့ကျွန်တော့်ကို ပုခုံးပုတ်ရင်းပြောတယ်။
"သော်တာခွန်း....အဆင်ပြေလား...ဟျောင့်"
"ပြေတယ် ပြေတယ်"
ကျွန်တော့်ဘေးက စန္ဒီနိုင်က လုံးဝ မလှုပ်ဘဲ ထိုင်နေဆဲ။ အရင်တုန်းက အခုလို ရေနစ်ပြီး အရမ်းလန့်သွားဖူးတာကို ပြေးသတိရမိလိုက်တယ်။
"စန္ဒီ့ကို.....ခေါ်ဦး...ပုခုံးကိုလှုပ်ပြီး..."
ကျွန်တော်ပြောလိုက်တော့ထွန်းရှည်နဲ့ကျော်ကြီး တို့ စန္ဒီ့ပုခုံးကိုလှုပ်ခါပြီးနှိုးနေကြတယ်။
"ဟဲ့...ဟဲ့"
"စန္ဒီ....သူငယ်ချင်း"
"ဟင်...ဟင်..."
သူမ သတိဝင်ပြီး ထူးတော့မှပဲ သုံးယောက်လုံး စိတ်အေးရတော့တယ်။
"တော်သေးတာပေါ့ဟာ...ငါက နင် စကားပြန်မပြောတော့ဘူးလားလို့"
သူမ က မျက်စောင်းလှမ်းထိုးပြတယ်။ စန္ဒီက စကားနဲ့မျက်စောင်း တစ်ထပ်တည်းကျအောင်ထိုးတတ်တယ်။
"ယောက်ဖကလည်းကွာ...ကဲ စန္ဒီ အရမ်းအေးနေပြီမလား...လာ အခန်းထဲသွားရအောင်"
"စန္ဒီ နင်လမ်းရောလျှောက်နိုင်ရဲ့လား...လာ ငါ့ပုခုံးကိုကိုင်"
ထွန်းရှည်က စန္ဒီ့လက်မောင်းတစ်ဖက်ကိုသူ့ပုခုံးပေါ်တင်ပြီး ဆွဲထူလိုက်တယ်။ အားအင်ချိနဲ့နေတဲ့ ခြေထောက်အစုံက ထွန်းရှည်ကိုအားယူပြီး မနည်းရပ်နေရတယ်။ ဒီပုံစံနဲ့တော့ အခန်းထဲရောက်ဖို့ နှစ်နာရီလောက်ကြာဦးမယ်။ လူကအားကုန်ပြီးလန့်နေတာရော ချမ်းနေတာရောနဲ့...စန္ဒီနိုင် လမ်းလျှောက်တာကိုကြည့်ရတာ စိတ်ပင်ပန်းလာတယ်။ အဲ့ဒါနဲ့ ကျွန်တော် သူတို့ဆီလျှောက်လာပြီး ထွန်းရှည်ပေါ်တင်ထားတဲ့သူမလက်မောင်းတစ်ဖက်ကိုကျွန်တော့်ပေါ်ပြောင်းတင်လိုက်တယ်။ ပြီးတော့ စန္ဒီ့ခါးကိုအသာဖက်ပြီး ခြေထောက်ကနေဆွဲပွေ့လိုက်တော့တယ်။
"အမလေး!"
ကျွန်တော့်မျက်နှာနဲ့စန္ဒီ့မျက်နှာတို့ ဒုတိယအကြိမ်နီးကပ်သွားကြတယ်။ သူမရဲ့ ဝင်သက်ထွက်သက်တွေက ကျွန်တော့်လည်ပင်းနားတဝိုက်မှာ အသာတိုက်ခတ်လို့။
x
ညစာစားဖို့အပြင်ထွက်လာတော့ စန္ဒီ့ဘေးမှာ ခိုင်အိနဲ့ခင်နှင်းဆီရှိနေတယ်။ ကျွန်တော့်ကို
မြင်တော့ စန္ဒီကရေးရေးလေးပြုံးပြတယ်။ ကျွန်တော်လည်းပြန်ပြုံးပြပြီး မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်တယ်။
"စန္ဒီ ဘယ်လိုလဲ နေကောင်းလား"
ကျော်ကျော်ခိုင်မေးတော့ သူမက ပြုံးပြီးခေါင်းငြိမ့်ပြတယ်။ ခိုင်အိနဲ့ခင်နှင်းဆီက စန္ဒီ့လက်တွေကိုကိုင်ထားကြတယ်။
"သူငယ်ချင်းရယ်...ဘယ်လိုဖြစ်ရတာလဲ...နင်ငါတို့တက်တုန်းက တခါထဲလိုက်လာခဲ့ရင် အခုလိုမဖြစ်ဘူးသိလား"
"အေးလေ ညီမရယ်...အစ်မလည်း အနားမှာမရှိလိုက်ဘူး...မသေကောင်းမပျောက်ကောင်း စန္ဒီရယ်..."
စန္ဒီက သူတို့ပြောသမျှကို ပြန်မပြောဘဲနားထောင်နေတယ်။
"ဟဲ့ နင်နောက်ကို ငါ့စကားနားထောင်ရမယ်နော်"
"အေးပါ ခိုင်လေးရယ်...ငါ့ကိုသူ့သမီးမှတ်နေလားမသိဘူး"
"ငါ့သမီးဆိုလို့ကတော့ ရေထဲတောင်ဆင်းရမှာမဟုတ်ဘူး။"
"ဟွန့် သူကျတော့ ယောကျာ်းနဲ့ ရေစိမ်ပြီး သူ့သမီးကို ဇလားထဲထည့်ထားမယ့်ဒီဇိုင်း...ပြောနေတာက.."
စန္ဒီ​့စကားကြောင့် ခိုင်အိတို့သဘောကျပြီးရယ်ကြတယ်။
"ကျော်ကြီးရော ထွန်းရှည်ရော သော်တာရော နင်တို့ကိုကျေးဇူးတင်ပါတယ်ဟာ...နင်တို့မကယ်ရင် ငါတကယ် ရေနစ်ပြီးသေမှာ"
"သူငယ်ချင်းတွေပဲကွာ ပြောဖို့မလိုပါဘူး...ပြီးတော့ ငါကမြင်ပဲမြင်တာ တကယ်တမ်း နင့်ကိုလာကယ်ပြီး အခန်းထဲထိ ပွေ့ချီသယ်ပေးတာ သော်တာခွန်း"
ကျော်ကြီးက ကျွန်တော့်ပုခုံးကိုလှမ်းပုတ်ရင်းပြောတော့ ကျွန်တော်သူမကိုကြည့်လိုက်မိတယ်။ ပန်းနုရောင်သန်းနေတဲ့ ပါးပြင်လေးတွေနဲ့ ကျွန်တော့်ကို ပြုံးပြီးကြည့်နေတယ်။ တကယ်ကျေးဇူးတင်နေတဲ့ပုံစံမျိုးနဲ့ကြည့်နေတာ။
"ကျေးဇူးပါပဲဟာ.."
ကျွန်တော်ပြန်ပြုံးပြလိုက်တယ်။
"မလိုပါဘူးဟာ..."
ညစာစားလို့ပြီးတော့ ကျော်ကျော်ခိုင်တို့ယောက်ဖနှစ်ယောက် ဂီတာတီးသီချင်းဆိုကြတယ်။ စန္ဒီရယ် ခိုင်အိနဲ့ ခင်နှင်းဆီက သစ်တုံးရှည်တစ်ခုပေါ်မှာထိုင်ပြီးနားထောင်နေတယ်။ ကျွန်တော်က အုန်းပင်ကိုမှီပြီး ရပ်နေတယ်။
"မြင်တယ် အိပ်မက်ထဲလည်းမြင်တယ်...စိတ်ကူးထဲလည်းမြင်တယ် ကြင်နာရဆုံးရယ်..."
ကျော်ကြီးက ဂီတာတီးရင်း ခင်နှင်းဆီကိုခဏခဏခိုးကြည့်တယ်။ ခင်နှင်းဆီကတော့ မမြင်ချင်ယောင်ဆောင်ပြီး စန္ဒီနဲ့အတူသီချင်းလိုက်ဆိုနေတယ်။ ဟိုလင်မယားနှစ်ယောက်ကတော့ လက်ခုပ်တီးပြီးကိုအော်ဆိုနေတာ။
"သော်တာ...လမင်းကြီးကဘယ်မှာ...."
အကုန်လုံး ကျွန်တော်ကလွဲရင် အဲ့ဒီအကြောင်းဆိုတိုင်း ကျွန်တော့်ကိုရွဲ့ဆိုကြတယ်။ဒီကောင်တွေ ငယ်ငယ်ကအတိုင်းပဲ ပေါကောင်းတုန်း။
"ငါဒီမှာဟေ့"
ကျွန်တော်လည်းပြန်ဖြေကောင်းတုန်း။ ရန်ကုန်က စိတ်ညစ်စရာတွေအကုန်မေ့ပြီး သီချင်းနဲ့စီးမျောကောင်းနေတုန်း မြည်လာတဲ့ဖုန်းသံကြောင့် ကျွန်တော် မျက်မှောင်ကြုံ့သွားတယ်။
မကိုင်ချင်တဲ့နံပါတ်မို့ ဒီတိုင်းအိတ်ကပ်ထဲပြန်ထည့်လိုက်တယ်။ ဖုန်းသံကြောင့် ပျော်နေတာလည်းပျောက်သွားတယ်။ ဒီနေရာမှာမထိုင်ချင်တော့တာနဲ့ ကျွန်တော်အသာလေးထွက်လာခဲ့လိုက်တယ်။
ကျန်တဲ့သူတွေကတော့ ပေါ့ပေါ့ပါးပါးနဲ့ သီချင်းအော်ဆိုနေကြတုန်း။ ကျွန်တော်လည်း သူတို့လို ပေါ့ပါးသွားလေမလားဆိုတဲ့အမှတ်နဲ့ အိတ်ကပ်ထဲက စီးကရက်တစ်လိပ်မီးညှိ​ပြီး ပင်လယ်ထဲကို အငွေ့တွေမှုတ်ထုတ်လိုက်တယ်။ နည်းနည်းတော့ ပေါ့သွားသလိုခံစားရတယ်။ အိတ်ထဲမှာ တချိန်လုံး မြည်နေတဲ့ဖုန်းကိုထုတ်ပြီး air mode ချလိုက်တယ်။
"ဘာလို့မကိုင်တာလဲ"
"ဟင်"
အနောက်မှာ စန္ဒီနိုင်ရောက်နေတာကိုကျွန်တော်သတိမထားမိလိုက်ဘူး။
"ဖုန်းလာနေတာမလား...စောန ကတည်းက"
သီချင်းဆိုနေတုန်းက ဖုန်းလာနေတာကို သိတယ်ပေါ့။ ကျွန်တော်ဖုန်းကိုအိတ်ထဲပြန်ထည့်လိုက်တယ်။
"မကိုင်ချင်လို့ဟ...အာရုံနောက်တယ်"
စန္ဒီက ကျွန်တော့်ဘေးကိုရောက်လာပြီးမှ နောက်ကိုခြေလှမ်းနှစ်လှမ်းလောက်ပြန်ဆုတ်သွားတယ်။
သူဘာလို့နောက်ဆုတ်သွားလဲကျွန်တော်သိတာပေါ့။
"အင်း...အာရုံနောက်စရာဆိုရင် ပိုကိုင်သင့်တာမဟုတ်ဘူးလား"
"ဘာလို့"
"အဲ့ဒါမှ မြန်မြန်ကိစ္စပြတ်မှာလေဟာ...မဟုတ်ရင် နင်မကိုင်မချင်း ဆက်နေတော့မှာပေါ့..အဲ့ဒါက ပိုခေါင်းနောက်စရာမကောင်းဘူးလား"
ကျွန်တော် သူမကိုကြည့်နေမိတယ်။ အသွားတုန်းက ကျွန်တော်တို့နှစ်ယောက် အဲ့ဒီ့ အာရုံနောက်တယ်ဆိုတဲ့ စကားလုံးနဲ့ပတ်သက်ပြီး စကားများကြသေးတယ်။ ကျွန်တော်အဲ့ဒါကိုသတိရသွားတယ်။
"ငါနင့်ဆီလိုက်လာတာတော့ နင့်ကိုအာရုံနောက်ဖို့မဟုတ်ပါဘူး...ကျေးဇူးတင်စကားလာပြောတာပါ။"
စန္ဒီ့ကိုကြည့်နေရင်းနဲ့ မျက်ခုံးပါတွန့်ကုန်တယ်။
"ဘာကိုကျေးဇူးတင်တာလဲ...ငါနင့်ကို ရေထဲဆင်းကယ်လို့လား"
"မဟုတ်ဘူး"
"အမ်"
ကျွန်တော် ကြောင်သွားတယ်။
"ရေနစ်တာကတော့ နင်မှမဟုတ်ဘူး...တစ်ယောက်မဟုတ်တစ်​ယောက်ကယ်မှာပဲလေ...ဒါပေမယ့် နင်က ငါ့ကိုရေထဲကနေကယ်တဲ့အပြင် အလေးခံပြီး အခန်းထဲထိ ပွေ့ချီသွားပေးလို့..."
"အော်....."
"အဲ့ဒီတုန်းက ငါတကယ် သွေးပျက်နေခဲ့တာ...ငါရေနစ်တုန်းက သေမှာကိုတွေးပြီးမကြောက်ခဲ့ဘူး..ဒါမယ့် မတ်တပ်ရပ်လို့မရတဲ့အချိန်မှာ ငါအရမ်းစိုးရိမ်သွားတယ်။"
"နေပါဦး..တကယ်ဆို ရေနစ်ပြီးသေမှာကိုကြောက်ရမှာလေ..ဘာလို့ မတ်တပ်မရပ်နိုင်တာကိုကြောက်ရတာလဲ။"
စန္ဒီက ပင်လယ်ကြီးကိုကြည့်ရင်းဖြေတယ်။
"ရေနစ်ပြီးသေသွားတာက သေသွားရင် အရာအားလုံးပြီးဆုံးသွားပြီလေ...တကယ်လို့ငါသာ ဘယ်တော့မှ မတ်တပ်မရပ်တော့ဘူး လမ်းမလျှောက်နိုင်တော့ဘူးဆိုရင်...သေတာထက်ပိုဆိုးတဲ့ဘဝကိုရတော့မှာ....ငါအရင်တုန်းကလည်း အခုလို ရေနစ်ပြီး အရမ်းလန့်သွားဖူးတယ်လေ...Trauma ရသွားတာပေါ့"
"ငါသိပါတယ်"
"ဘာကိုလဲ"
"နင့်ရဲ့ trauma အကြောင်းကို"
စန္ဒီ နည်းနည်းတော့ အံ့သြသွားတယ်ထင်တယ်။
ဒါပေမယ့် ဘာမှဆက််မမေးဘူး။ ကျွန်တော်တို့နှစ်ယောက် မျက်စိရှေ့က ပင်လယ်ကြီးကိုပဲငေးနေကြတယ်။
"သော်တာ..."
"အင်း"
"နင့်ရဲ့ trauma ကို....ငါသိတယ်ထင်တယ်"
"............"
"ရန်ကုန် ပြန်ရောက်ရင်ငါ....အိမ်ပြန်တော့မယ်"
"ဘယ်အိမ်ကိုပြန်မှာလဲ"
"ငါ့တိုက်ခန်းဆီမှာ ပြောင်းနေတော့မယ်...ငါတို့အတူနေတာလည်း ဒီ့ထက်ကြာရင် ငါတို့နှစ်ယောက်စလုံးအတွက် အဆင်မပြေတော့ဘူး"
"ငါကတော့ အဆင်ပြေတယ်။ပတ်ဝန်းကျင်ကိုသိပ်ခေါင်းထဲမထည့်ပါနဲ့ဟာ...."
"ပတ်ဝန်းကျင်ကြောင့်မဟုတ်ဘူး သော်တာ...ငါအဆင်မပြေတာ"
မထင်မှတ်တဲ့စကားတစ်ခွန်းကြောင့် ကျွန်တော် သူမကိုလှည့်ကြည့်လိုက်မိတယ်။ စန္ဒီက ကျွန်တော့်ကိုမကြည့်ဘဲ ဆက်ပြောနေတယ်။
"နင်နဲ့ တစ်အိမ်ထဲ နေရလို့ ငါအဆင်မပြေဖြစ်တာမျိုးမဟုတ်ပါဘူး။ ငါကိုယ်တိုင်က အဆင်မပြေချင်တော့တာပါ။ ငါ့ကြောင့် နင့်ကို အာရုံမနောက်စေချင်ဘူး။"
နောက်ဆုံးတော့ အဖြေကိုသိသွားခဲ့ပြီ။ ကျွန်တော်ပြောခဲ့တဲ့ စကားကြောင့် စန္ဒီဒီလိုတွေ ပြောနေတယ်ဆိုတာ ရိပ်တော့ရိပ်မိနေတယ်။ စန္ဒီနိုင်က ငယ်ငယ်တုန်းကလို ကျွန်တော်နဲ့ ရန်မဖြစ်တော့ပေမယ့် မှတ်တတ်တဲ့ဥာဥ်ကတော့ မပျောက်သေးပါဘူး။ ဒါပေမယ့် ဒီတခါတော့ ကျွန်တော်စိတ်မကောင်းဖြစ်မိတယ်။
"ငါနင့်ကို အာရုံမနောက်ပါဘူး...နင်တကယ်အဆင်ပြေမှ ပြန်ဖို့လုပ်ပါ..."
"အေးပါဟာ...ကျေးဇူးပါ"
"မလိုပါဘူးဟာ...ငါတို့က သူငယ်ချင်းတွေပဲ"
စန္ဒီတစ်ခုခုကို သတိရသွားသလိုပုံစံနဲ့ပြုံးလိုက်တယ်။
"ဟုတ်တယ်....သူငယ်ချင်းတွေပဲ"
စန္ဒီက ကောင်းကင်က လကိုပဲ ငေးမောကြည့်နေတယ်။
X

အကြောင်းကြောင်းကြောင့် အပိုင်းသစ်တွေနောက်ကျနေတာ ခွင့်လွှတ်ပါနော်။ 🥺
Thanks for loving me! 😘

MJ11 🍀

မတော်တဆ 🤍💋❤Donde viven las historias. Descúbrelo ahora