"ကလင်....ကလင်"
ဖုန်းမြည်သံသည် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကိုဖြိုခွဲလိုက်သောကြောင့် စန္ဒီနိုင် နိုးလာသည်။ အိပ်ရာထဲတွင် လူးလွန့်ပြီး ဆက်အိပ်နေ၏။ သို့ပေမယ့်
'ကလင်...ကလင်'
ဖုန်းသံဆက်တိုက်မြည်နေ၍ ဒေါသထွက်သွားသည်။ နာရီကိုကြည့်တော့ မနက် ၈ နာရီပင်မထိုးသေး။ ရေလည်ပေါက်ကွဲပြီး ဖုန်းကောက်ကိုင်လိုက်သည်။
"ဘယ်သူလဲ"
လေသံမာ၍ တဖက်က မျက်မှောင်ကြုံ့သွားကာ
"လေသံကမာလှချည်လား....ကိုယ့်အမေကို ဒီလေသံနဲ့ပြောရသလား"
"ဟမ်"
တဖက်ကစကားကြောင့် မပွင့်သောမျက်လုံးများ ချက်ချင်းပြူးကျယ်သွားပြီး ငေါက် ခနဲ ထထိုင်မိသည်။ ဖုန်းကို ပြန်ကြည့်တော့ "မေကြီး" ဟုရေးထား၍ တကယ်ဖြစ်နေ၏။
"ဟာ...မေ...မေကြီး....စောနက သမီးအိပ်ပျော်နေတုန်းဖုန်းလာလို့ အရမ်းစိတ်တိုသွားလို့ပါ...ဖုန်းမကြည့်ဘဲကိုင်လိုက်တော့ မေကြီးမှန်းမသိလိုက်ဘူးလေ...ကန်တော့နော် ဟီးးး "
"ဖြစ်ရမယ်အေ...အခု သမီးက ဘယ်မှာလဲ အိမ်မှာလား"
"ဘာ"
စန္ဒီ အာမေဋိတ်ထွက်သွား၍ အမေဖြစ်သူပင်ဖုန်းထဲကနေလန့်သွားသည်။
"မိစန္ဒီ ညည်း တဟာဟာ တဟင်ဟင်နဲ့ ဘာဖြစ်နေတာလဲ"
မွေးသမိခင်သိသွားလို့ ဘယ်လိုမှ မဖြစ်။
စန္ဒီ ချောင်းတချက်ဟန့်ကာ တည်ငြိမ်အောင်လုပ်၍ ပြန်ဖြေလိုက်သည်။
"မဟုတ်ပါဘူး မေကြီး...သမီးက မေကြီးတို့ ပြန်ရောက်တော့မှာလားဆိုပြီး အပျော်လွန်သွားတာပါ ။ မေတို့ပြန်လာတော့မှာလား"
မေးသာမေးလိုက်ရသည်။ တုန်ချင်သလိုဖြစ်နေတဲ့သူမအသံကို ထိန်းမေးလိုက်ရခြင်းပင်။
"ပြန်လာတာတော့ပြန်လာမယ်..ဒါမယ့် အခုက ရန်ကုန်ဝင်မရဘူးဆိုတော့ ဘယ်လိုပြန်ရမလဲတောင်မသိတော့ဘူး။ သမီးရော အခုအိမ်ပြန်နေနေပြီလား"
"အင်...အိမ်..အိမ်မှာပဲလေ အဟင်း"
"ခိုင်လေးတို့အိမ်မှာဆို"
ခိုင်လေးကို သူနဲ့နေနေသည်လို့ လိမ်ပြောခိုင်းတာကိုမေ့နေပြီးအခုမှသတိရတယ်။
"အော် ဟုတ်တယ် မေကြီးရဲ့...အိမ်ပြန်မယ်ဆိုကာမှ ကိုဗစ်ဖြစ်တော့ အိမ်ပြန်မရသေးဘူး အဲ့ဒါနဲ့ သူ့ဆီမှာနေနေတာ..."
စန္ဒီ ကြည့်၍ ရွှီးလိုက်ရသည်။
"အေးပါ...အေးပါ....အိမ်ပြန်လို့အဆင်ပြေရင်တော့ ကိုယ့်အိမ်ကိုယ်ပြန်နေလိုက်ပါကွယ်...သမီးခိုင်လေးတို့ဆီအကြာကြီးဖြစ်နေရင် မကောင်းဘူး အားနာစရာကြီး...မေကြီးတို့လည်း ပြန်လို့ရတာနဲ့ တန်းပြန်လာခဲ့မယ်နော် သမီး..ကျန်းမာရေးဂရုစိုက်...အပြင်တွေဘာတွေလျှောက်မထွက်နဲ့တော့"
"ဟုတ်ကဲ့ပါ မေကြီး...စိတ်ချနော်"
ဖုန်းချလိုက်ပြီးတာနဲ့ ခိုင်လေးဆီ ချက်ချင်းဖုန်းကောက်ဆက်လိုက်သည်။
"အေး စန္ဒီ"
"သူငယ်ချင်း နင့်ဆီငါ့အမေဖုန်းဆက်တယ်ဆို"
"အေး တနေ့က ငါ့ကိုဆက်တယ် နင့်ဆီဆက်မရလို့တဲ့..."
"ဟာ ဟုတ်လား...ငါဘာလုပ်နေလို့ပါလိမ့်"
"နင်ငါနဲ့ဖုန်းပြောပြီး ရေချိုးခေါင်းလျှော်မယ်ဆိုပြီး ချလိုက်တယ်လေ အဖွားကြီးရဲ့....ဒုက္ခပါပဲ"
ခိုင်အိပြောမှ ထိုညနေက သော်တာနှင့်ဖြစ်ခဲ့သည့် အမှတ်တရပုံရိပ်ကားချပ်များ တချပ်စီပြန်ပေါ်လာတော့သည်။
"စန္ဒီ.....ဟဲ့ စန္ဒီမ"
"ဟင်....အေ...အေး ပြော ခိုင်လေး"
ခိုင်အိလှမ်းခေါ်မှ သတိပြန်ဝင်လာကာ...
"ဘာမှမပြောတာ နင်...နင့်ခေါ်နေတာ ကြာလှပြီ ဘာတွေတွေးနေတာလဲ။"
"မ..တွေးပါဘူးဟ"
"အေးပါ ပြီးတာပဲ...ငါအခု အလုပ်ကိစ္စ zoom meeting ရှိလို့ တက်ရတော့မယ် ဖုန်းချပြီနော်"
"အိုကေ ငယ်ချင်း တာ့တာ"
နေပါဦး...ငါက ဘာကိစ္စ ရှက်နေရတာတုန်း။
x
ဘာလိုလိုနဲ့ အချိန်နှစ်ပတ်ကျော်သွားခဲ့ပြီ။
နှစ်ပတ်တိတိနေပြီး အိမ်ပြန်မယ်လို့ တင်းထားသောစန္ဒီနိုင်မှာ ကိုယ်ပြန်မယ့် လမ်းမှာ Lockdown ထပ်ပိတ်ထား၍ ပြန်မရသေး။ သော်တာခွန်းက အားလုံး အေးဆေးဖြစ်မှပဲ အိမ်ပြန်ဖို့အကြံပေး၍ သူငယ်ချင်းစကားနားထောင်ရန်သာရှိသည်။
"အေးပါဟာ...ငါလည်း နင့်ကိုအားနာလှပါပြီ..ငါရှိတော့ နင်လည်းအနေကြုံ့တာပေါ့လေ...ငါ့အိမ်ကလူတွေ ရန်ကုန်ပြန်မဆင်းခင်တော့ ပြန်နိုင်ရင်ကောင်းမယ်"
"အခု ခိုင်အိအိမ်မှာနေနေတယ်လို့ သိထားတာပဲမလား..."
စန္ဒီ ကော်ဖီတစ်ငုံသောက်ပြီး ခွက်ကိုပြန်ချလိုက်သည်။
"အဲ့ဒါတော့ အဲ့ဒါပေါ့...ဒါပေမယ့် ငါကတကယ်ကြီး ခိုင့်အိမ်ရောက်နေတာမှမဟုတ်တာ...တချိန်ချိန် လူကြီးတွေသိကုန်ရင် အကုန်ရှုပ်ကုန်မှာ"
စန္ဒီ စိုးရိမ်နေတာတွေက ဟုတ်နေပြန်၍ သော်တာ ဘာမှမပြောဘဲ ငြိမ်နေလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်ပြန်လို့မရမယ့်အတူ သူနဲ့အတူနေသည်က ပိုအဆင်ပြေနေသည်မဟုတ်ပါလား။
"ဘာပဲဖြစ်ဖြစ် နင်ဒီမှာ ပိုကောင်းမယ်လို့ ထင်တယ် စန္ဒီ...ခိုင်အိတို့အိမ်က မိသားစုဝင်များတယ် အခုက ရောဂါပိုးက လူများလေ ပိုဖြစ်နိုင်လေဆိုတော့ နင့်ကိုလက်ခံချင်ကြမှာမဟုတ်ဘူး။ အဲ့ဒီတော့ ဒီမှာ ပဲ ငါနဲ့နှစ်ယောက်ထဲ နေတာပိုစိတ်ချလုံခြုံရတယ်မဟုတ်ဘူးလား"
"အဲ့ဒါတော့...ဟုတ်ပါတယ်ဟာ...ဒါမယ့်...."
"ဒါမယ့်....မနေနဲ့ မမ....အခုလို ကပ်ဆိုက်နေချိန်မှာ ဟိုကူးဒီကူး မလုပ်ဘဲ တနေရာထဲနေတာအကောင်းဆုံးပဲ....ပြီးတော့ ဒီကိစ္စကို ငါတို့ပဲသိထားတာဆိုတော့ ငါတို့မှမပြောရင်လူကြီးတွေသိဖို့အကြောင်းမရှိဘူး..ဘာမှစိတ်မပူနဲ့..."
စန္ဒီ စိတ်လျှော့လိုက်ရတော့သည်။
"အေးပါဟာ...."
ထိုအခါ သော်တာကျေနပ်သွားပြီး ရေးရေးလေးပြုံးလိုက်သည်။
"အော် ဒါနဲ့ အခု ငါအပြင်ခဏ သွားရမယ်...အလုပ်ကိစ္စ ဆိုတော့ နည်းနည်းကြာမှာ"
"ဘာ...ငါ့ကျတော့ တနေရာထဲ နေလေး ဘာလေးနဲ့....အခုနင်က ဘယ်သွားမလို့လဲ...မသွားရဘူး"
စန္ဒီ စိတ်တိုလည်းတိုချင်စရာဖြစ်သည်။
"သူများကိုတော့ ရောဂါကူးမယ်ဘာညာနဲ့...သူကျ အပြင်ထွက်တယ်...."
စန္ဒီ နှာခေါင်းရှုံ့ပြီး ပွစိပွစိလုပ်နေတာတွေ့တော့...
"ဟဲ့ ငါလည်းမထွက်ချင်ဘူး...ပိုက်ဆံရမယ့်အလုပ်မို့လို့ မဖြစ်မနေသွားရမှာမို့သွားမှာ...lockdown ချကတည်းက ငါတို့ဝင်ငွေပါအကုန်ရပ်ကုန်တာ...အခု တဖြည်းဖြည်းနဲ့ စုထားတာတွေထုတ်သုံးနေရပြီလေ...အဲ့တော့ အလုပ်ရတုန်းလေး အပြင်ထွက်သင့်ထွက်ရမှာပဲ"
သော်တာပြောတာလည်း ဟုတ်သည်။ ဘာဝင်ငွေမှမရှိဘဲထိုင်စားလာတာ တစ်လပင်ပြည့်တော့မည်။ တစ်လလောက်နဲ့ မယိုင်နဲ့သေးပေမယ့် လတွေများလာရင်တော့ ယိုင်နဲ့ရုံတင်မက ပြိုလဲလာနိုင်သည်။ သို့ပေမယ့် ပိုးတွေ့လူနာ ဆက်တိုက်ဆိုသလိုပေါ်လာနေ၍ သော်တာခွန်းကို အပြင်မထွက်စေချင်တာအမှန်ပင်။
"ဟုတ်ပါပြီ....ဒါနဲ့ ဘယ်တောင်သွားရမှာလဲ။"
"ဒီလမ်းထိပ်တင်....ဘာမှစိတ်ပူမနေနဲ့..."
စန္ဒီ နှုတ်ခမ်းဆူသွားကာ...
"ပူတယ်ဟဲ့ ပူတယ်...ပိုးကူးလာရင် နင်ပဲသေမှာမဟုတ်ဘူး...နှစ်ကောင်လုံးသေမှာ နားလည်လား။ အခုမှ first wave ဆိုပေနဲ့ သတိဆိုတာပိုတယ်မရှိဘူးဟဲ့..."
သော်တာခွန်း စိတ်လေကာ အပြင်ထွက်ရန် mask တပ်လိုက်သည်။ ထို့နောက်တံခါးဖွင့်လိုက်စဥ် သူ့ဘောင်းဘီအိတ်ထဲသို့ စန္ဒီက ဘူးသေး တစ်ဘူး ထိုးထည့်နေ၏။
"ရော့...ဒီမှာ hand gel အပြင်မှာ ဘာကိုင်ကိုင် လက်ကိုအာ့နဲ့ဆေးပစ်...mask ကိုတစ်ခုအပိုဆောင်သွားဦး...နောက် နင်နဲ့စကားပြောမယ့်သူနား အရမ်းမကပ်နဲ့ ၆ပေ အကွာကပြော..."
အမေတစ်ယောက်လို တွတ်တွတ်တွတ်တွတ်နဲ့ ပြောနေသည့် စန္ဒီနိုင့်ကိုကြည့်ရင်း သော်တာခွန်းတစ်ယောက် နားညီးလာသလို ရယ်လည်းရယ်ချင်လာသည်။ အပြင်ပန်းကြည့်ရင် ဂန်းစတားရုပ်ဖမ်းလွန်း၍ ယောကျာ်းလေးဆန်သည်ဟုထင်ရပေမယ့် အခုလိုကျ အမေတစ်ယောက်လို အဖွားကြီးလေးလို စိတ်ပူတတ်ပြန်ရော။
"ဟဲ့ ငါပြောတာတွေ မမေ့နဲ့နော်...ဘယ်မှသဝေထိုးမနေနဲ့ဦး...အလုပ်ကိစ္စပြီးတာနဲ့ အိမ်ကိုတန်းပြန်လာခဲ့ ကြားလား"
သော်တာခွန်းသက်ပြင်းချကာ...
"ဟုတ်ကဲ့ပါ အဖွားရယ်..."
သူမကိုအဖွားကြီး ပြော၍ မျက်စောင်းအထိုးခံရသေးသည်။ သော်တာ အိမ်ကထွက်ခါနီး တစ်ခုထပ်မှာလိုက်သေးသည်။
"ငါ့ဖို့ မုန့်ဝယ်လာခဲ့ဦး"
x
ဖုန်းသုံးနေရင်း သူမဆီသို့ message တစ်ခုတက်လာသည်။ Account name ကိုကြည့်တော့ 'Triple K' ဟုတွေ့ရသည်။
"ဘယ်သူပါလိမ့်"
သူမ စိတ်ထဲ တစ်စုံတစ်ယောက်ကိုပြေးမြင်လိုက်သေးသည်။သ်ို့ပေမယ့် မသေချာ။
ထိုစဥ် နောက်ထပ် message တစ်ခုထပ်ရောက်လာပြန်သည်။
"မဂ်လာပါ မနှင်းဆီ...ကျွန်တော့်ကို မှတ်မိသေးလား။"
သူမ စိတ်လှုပ်ရှားသွားရသည်။ သူမကို မနှင်းဆီ ဟု ခေါ်သူများရှိသော်လည်း သူစိမ်းယောကျာ်းလေးထဲတွင်တော့ သိပ်မရှိလှ။ စာအရဆိုရင် သူမနှင့်အပြင်မှာ တွေ့ဆုံဖူးသည့်အနေအထားမျိုးဖြစ်လိမ့်မည်။ အဖြေကိုသိချင်၍ ပြန်စာပို့သင့် မပို့သင့်စဥ်းစားနေစဥ်မှာပဲ သူက စလာသည်။
"ကျွန်တော် စန္ဒီနိုင့်သူငယ်ချင်း ကျော်ကျော်ခိုင်ပါ။ မှတ်မိရဲ့လားဟင်"
"အို"
သူ....ဘယ်လိုလုပ်...acc ကိုသိသွားတာပါလိမ့်။ မဟုတ်မှလွဲရော...စန္ဒီ လက်ချက်ပဲနေမယ်...လူဆိုးမလေး...။
ကျော်ကျော်ခိုင်က လူကြီးဆန်စွာ ပြန်မိတ်ဆက်လာတော့လည်း သူမဘက်က အလိုက်သင့်ပြန်ပြောရပေမည်။
"ဟုတ် ကိုကျော်ကျော်ခိုင်...နှင်းဆီ မှတ်မိပါတယ်။"
တဖက်မှာတော့ ကြိတ်ချစ်ရသူ၏ ပြန်စာတစ်စောင်ကြောင့် ကျော်ကျော်ခိုင့်ရင်ဘတ်ကြီးတွင် ပန်းတွေပွင့်နေတော့သည်။
"ဝမ်းသာပါတယ်။ ဒါနဲ့ ကျွန်တော် စန္ဒီ့ဆီက မနှင်းဆီ account ကိုမေးလိုက်မိတာပါ။ အဲ့ဒီအတွက် ကျွန်တော့်ကိုရော စန္ဒီ့ကိုရော စိတ်မဆိုးပါနဲ့နော်။"
သူ့စာကြောင့် သူမ လှစ်ခနဲ ပြုံးလိုက်မိသည်။
"မဆိုးပါဘူး....အစထဲက သိပြီးသားပါ။"
"ဗျာ...ဒါဆို...ကျွန်တော် ဘာလို့ မေးတာလဲရော မနှင်းဆီ သိနေတာလားဟင်"
"ခင်ချင်လို့နေမှာပေါ့...အဲ့လိုမဟုတ်ဘူးလား ကိုကျော်"
အခြေအနေကောင်းနေသည်ကိုသိ၍ ကျော်ကျော်ခိုင် အကျေနပ်ကြီးကျေနပ်နေ၏။သို့ပေမယ့် ဘဝင်မကျသော အရာတစ်ခုကား.....
"အာ...ကျွန်တော်က မနှင်းဆီထက် ငယ်တာကို ကို ကျော်လို့မခေါ်ပါနဲ့လားဗျာ...ရင်းရင်းနှီးနှီး 'ကျော်' လို့ပဲခေါ်ပါ...နော် မနှင်းဆီ"
"ဟွန်း....သူ့ကိုတော့ နာမည်တစ်လုံးထဲခေါ်ခိုင်းပြီး ဘာလို့ ကျွန်မကိုကျ မနှင်းဆီ လို့ခေါ်တာလဲ။"
သူမ အမေးကို စိတ်လောပြီးဖြေမိမှာစိုး၍ ခေတ္တ ငြိမ်နေလိုက်သည်။ တကယ်တော့ သူမအတွက် သီးသန့် နာမည်လေးတစ်ခုက သူ့ရင်ထဲတွင် စွဲနေပြီဖြစ်သည်။
"ကျွန်တော် မနှင်းဆီကို နာမည်တစ်လုံးထဲပဲ တကယ်ခေါ်မယ်ဆို....မနှင်းဆီ စိတ်ဆိုးမှာလား.."
"ဆိုးစရာမဟုတ်လောက်တဲ့ နာမည်မျိုးဆိုရင်တော့ ခေါ်လို့ရပါတယ်...ဒါနဲ့ ကိုကျော်က အဲ...ကျော်က...ဘယ်လိုခေါ်ချင်လို့လဲဟင်"
" မ .... မ လို့ ခေါ်ချင်တာ "
"အို"
သူမ၏ ပါးပြင်တစ်ခုလုံးရှိ သွေးကြောလေးများ ရှိန်း ခနဲ ပူနွေးသွားရသည်။
x
"တီးတောင် တီးတောင်"
ဘဲလ်တီးနေပေမယ့် တံခါးလာမဖွင့်သေးပေ။
'ဘာလုပ်နေလို့ တံခါးလာမဖွင့်ပေးနိုင်တာလဲ'
သော်တာ့စိတ်ထဲကနေ ထောင်းခနဲဖြစ်သွားသည်။အရွဲ့တိုက်ပြီး ဆက်တီးချင်ပေမယ့် လူလည်းပြိုင်းလာ၍စိတ်လျှော့လိုက်ပြီး ကိုယ့်သော့နဲ့ပင်ဖွင့်လိုက်တော့သည်။
"စန္ဒီ...."
ထူးသံမကြား....တစ်အိမ်လုံး တိတ်ဆိတ်နေ၏။
သော်တာတစ်ယောက် ဒီနေ့ တနေကုန် အလုပ်ကိစ္စကြောင့် စိတ်ရောလူပါ ပင်ပန်းနေပြီဖြစ်၍ ကိုယ့်အခန်းဆီ လေးလံစွာလျှောက်လာခဲ့သည်။
အခန်းရှေ့သို့ရောက်သော် တံခါးဟနေ၍ စိတ်ထစ်သွားသည်။ ဝင်ကြည့်လိုက်တော့ စန္ဒီနိုင်တစ်ယောက် မှောက်လျက်ကြီး အိပ်မောကျနေတာကိုတွေ့လိုက်ရသည်။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော စန္ဒီနိုင်၏ခြေတစ်ဖက်မှာ ကုတင်တန်းပေါ်တွင်ရှိပြီးကျန်တစ်ဖက်သည် ကုတင်အပြင်သို့နယ်ကျွံနေ၏။ ကလေးလေးတစ်ယောက်လိုအိပ်နေသည့်သူမပုံစံကိုကြည့်ပြီး အသံမထွက်ဘဲရယ်လိုက်မိသည်။
သူမသည် နိုးနေသည့်အချိန်တွင် မာကြောခက်ထန်သည့်ပုံပေါက်နေပေမယ့် အိပ်ပျော်နေသည့်အချိန်မှာတော့ တကယ့်ကလေးမလေးတစ်ယောက်လိုဖြူစင်အပြစ်ကင်းနေလေသည်။
"မနက်က ငါ့ကို ပွမ်နေတုန်းက ဒီမျက်နှာမျိုးမဟုတ်ဘူး..."
သော်တာ အိပ်ပျော်နေသည့် သူမကို တိတ်တဆိတ်ကြည့်နေမိသည်။
ဖြောင့်စင်းသောဆံနွယ်ရှည်တို့မှာ ကျောပေါ်တွင်ပြန့်ကျဲဖြာကျနေပြီး ဆံနွယ်ရှည်တချို့ကသူမမျက်နှာဖူးဖူးလေးကိုကာထားသလိုဖြစ်နေ၏။
အိပ်နေရင်ဘာဆိုဘာမှမသိသော စန္ဒီတစ်ယောက်သော်တာကသူမ၏ ဝဲကျနေသောဆံသားများကိုအသာဖယ်ရှား၍သူမကိုကြည့်နေသည်ကိုလည်း မြင်နိုင်မည်မဟုတ်။
မျက်နှာကိုဘေးဘက်သို့မှောက်လျက်အိပ်နေသောကြောင့်သူမ၏နှုတ်ခမ်းတို့မှာ ပုံမှန်ထက်စုဖူး၍ဆူနေသယောင်ပင်ဖြစ်နေ၏။ တောင်တန်းညိုလိုတန်းဖြောင့်နေသော မျက်ခုံးများသည် မိန်းကလေးအများစု သိပ်သဘောမကျကြသော်လည်း သူမကတော့ ဘွဲ့ယူတုန်းကတောင် မျက်ခုံးမွှေးကို တစ်မွှေးမှအထိခံခဲ့သူမဟုတ်။ သို့ပေမယ့် သော်တာခွန်း၏ ထူပျစ်နက်နဲသော မျက်ခုံးများလိုမဟုတ်ဘဲ ဖြောင့်သွယ်သွယ်နှင့်ပြေပြစ်ပြီးကြည့်ကောင်းသည်။ နက်မှောင်ကော့ရှည်နေသောမျက်တောင်များကို စန္ဒီအိပ်နေမှပဲ သေချာမြင်ဖူးတော့သည်။ မျက်ခုံးနှင့်မျက်ဝန်းတို့မှာ သေချာကြည့်လေ ဆွဲဆောင်မှုရှိလေဖြစ်သည်။ ထို့နောက် ဖွံ့ထွားသော တင်ပါးများ....
အားလုံးကိုခြုံငုံကြည့်တော့ နှစ်ပေါင်းများစွာ ပုခုံးဖက်၍ပေါင်းလာသော သူမမှာ ထိုအလှတရားတို့တည်ရှိနေမှန်း အခုမှပဲ သိတော့သည်။
တနေကုန်ပင်ပန်းထား၍ အရမ်းကိုလှဲချင်နေပြီ။
မိမိကုတင်ကိုနယ်ချဲ့ထားသော သူမကြောင့် သော်တာခွန်းလှဲလို့မရ။ တအောင့်နေတော့ စန္ဒီပုံစံပြောင်းသွားပြီး ပုစွန်ထုပ်လေးလို ခန္ဓာကိုယ်ကိုကွေး၍အိပ်နေလေ၏။ သော်တာလည်း မထူးတော့၍ လွတ်နေသော နေရာပေါ်တွင် ဖြည်းဖြည်းလေးလှဲချလိုက်တော့သည်။ ထို့နောက် တဖြည်းဖြည်းနဲ့ သူမရှိရာသို့ တိုးတိုးသွားရင်း...သူ့လက်တစ်ဖက်ကို သူမပေါ်သို့ပစ်တင်လိုက်သည်။
တစ်အိမ်လုံး တိတ်ဆိတ်ငြိမ်သက်လျက်.......။MJ11🍀

YOU ARE READING
မတော်တဆ 🤍💋❤
Romance"လည်ပင်းဖက်ပြီးပေါင်းလာတဲ့ bff အဖွဲ့လေးထဲကို တနေ့တော့ အချစ်ဆိုတဲ့ အုန်းသီးတစ်လုံး ပြုတ်ကျလာခဲ့တယ်။ အုန်းသီးတစ်လုံးဟာ မျောက်တွေအတွက်တော့..... တကယ့် 'ငစား' ပဲ။ အထူးသဖြင့် ကျွန်တော်နဲ့ သူမ အတွက် ဆိုပါတော့။" Pandemic ကာလအတွင်းကိုအခြေခံရေးထားတဲ့ Quaran...