Room 28 ( Together 2)

360 24 4
                                    

သော်တာနဲ့ လက်ထပ်လိုက်တဲ့နေ့ကစပြီး အခန်းထဲမှာပဲ အချိန်ကုန်နေတာများတယ်။ သူလည်း ခါတိုင်းလို အိမ်ရှေ့ထွက်မလာတော့ဘဲ အခန်းထဲမှာနေတယ်ထင်တယ်။ ကျွန်မကတော့ သူ့ကို တမင်ရှောင်နေတာမျိုးထက် မမြင်နေတာပိုအဆင်ပြေမယ်ထင်လို့ အခန်းပြင်မထွက်တာပါ။ မျက်နှာပူတာလည်းပါတာပေါ့။
အခု ကျွန်မစာအုပ်ဆိုင်လေးကို Online shop အဖြစ်နဲ့ ပြန်စဖြစ်တယ်။ မခင်နှင်းဆီက ကျွန်မကို စာရေးဖို့အားပေးတယ်။ ဟိုးအရင်ထဲက ကျွန်မက စာရေးစာဖတ်ဝါသနာပါမှန်းသူသိနေတော့ ကျွန်မကို ကြိုးစားဖို့ခဏခဏပြောပါတယ်။ ဒါပေမယ့် ခက်တာက ကျွန်မရဲ့ ဒွိဟစိတ်တွေကြောင့် ဒီကာလတွေမှာ လမ်းပျောက်နေခဲ့တယ်။ ကျွန်မဘဝရဲ့ အခန်းတစ်ခန်းမှာ အတူရှိနေတဲ့ သော်တာခွန်းဆိုတဲ့ သူဟာ နှစ်ပေါင်းများစွာ သော့ခတ်ပိတ်ထားတဲ့ ကျွန်မရဲ့ နှလုံးသားအခန်းထဲကို နောက်တစ်ကြိမ်...ထပ်ဝင်ရောက်လာခဲ့တယ်။ ကျွန်မကိုယ်တိုင် သော့ခတ်ထားတဲ့အခန်းတံခါးကို ဖွင့်နိုင်တဲ့တစ်ယောက်သောသူကလည်း သူပါပဲ။ ဒါပေမယ့်...လောကမှာ ဘယ်အရာမှမတည်မြဲနိုင်ဘူးလေ။ သော်တာကျွန်မအပေါ် မတော်တဆ ချစ်မိသွားတယ်ဆိုရင်တောင်...ဒါဟာ ရင်းနှီးမှုသံယောဇဥ်ကို အချစ်လို့အပေါ်ကနေတိတ်နဲ့ကပ်လိုက်သလိုပဲလို့ ကျွန်မယူဆတယ်။
ကျွန်မရဲ့ ရင်ခုန်သံတွေကို ရင်းနှီးမှုဆိုတဲ့ တိတ်နဲ့လိုက်ကပ်နေမိသလိုပေါ့။ သော်တာဟာ ကျွန်မကို ဘယ်တော့မှ မချစ်လာနိုင်မည့် ယောကျာ်းတစ်ယောက်ဆိုတာ ကျွန်မသိခဲ့ကတည်းက...ကျွန်မရင်ဘတ်မှာ အဲ့ဒီ့တိတ်တွေနဲ့ပြည့်နှပ်နေခဲ့တယ်။
Love ကို Friendship လို့ပြောင်းရေးပြီး ကပ်ခဲ့တယ်။
ကျွန်မ စာစရေးကြည့်မယ်လို့ မခင်နှင်းဆီကို ဖုန်းဆက်ရင်းပြောဖြစ်တော့ ဝမ်းသာနေတယ်။ မနှင်းဆီက
"ကောင်းတယ် ညီမရေ....ကန့်သတ်ချက်မထားဘဲနဲ့ ကိုယ်ရေးချင်တဲ့အကြောင်းအရာကိုပဲသေချာတွေးပြီးရေးကြည့်....နောက်တဖြည်းဖြည်း လက်ရည်တက်လာလိမ့်မယ် သိလား...အစ်မကိုလိုတာရှိရင် အချိန်မရွေးပြောနော်...ဘာမှအားမနာနဲ့...အစ်မက ညီမလို စာရေးမတော်ပေမယ့် စာဖတ်တော့ရပါတယ်...ညီမရေးပြီး အစ်မကိုပေးဖတ်ကြည့်လေနော်..."
"အင်းပါ...အစ်မရယ်...ညီမကိုအမြဲအားပေးနေတဲ့ငါ့အစ်မကြီး...ဘဲကြည်ထီပေါက်နိဗ္ဗာန်ရောက်ပါစေနော်...အဲ...ဘဲကတော့...ကြည်နေပြီထင်တယ်နော့ အဟမ်းးး"
ကျော်ကြီးနဲ့တွဲနေကြတယ်ဆိုတာ ကျွန်မသိတာကို မခင်နှင်းဆီ မသိသေးဘူးပဲ။ သူတို့အတွဲဖြစ်သွားတယ်လို့ group ထဲမှာပြောတော့ ကျော်ကြီးဆိုတာ နှစ်တစ်ထောင်ကြာပန်း စားထားသလိုပဲ။ ပြုံးဖြီးနေတာ...အမြင်တောင်ကတ်တယ်။ သူ့မမကို တော်တော်ချစ်နေမယ်ဆိုတာလည်း သိနေတာကိုး။
"ဘာပဲဖြစ်ဖြစ် ညီမသူငယ်ချင်းလေးက လူကသာ ဆင်အကောင်လိုက်မျိုမလိုရုပ်ပေမယ့်...အသည်းက ယုန်အသည်းလေးလိုပါပဲနော်...ပြောမယ့်သာပြောတာ ထွန်းရှည်ရော ကျော်ကြီးရော...အဲ့တိုင်းပဲ...တော်တော်ချစ်တတ်ကြတယ်သိလား အစ်မ...ငါ့အစ်မ ကံကောင်းမှာပါ...ညီမကတော့ ဆယ်ခါပြန်သဘောတူတယ်"
မခင်နှင်းဆီက သဘောကျပြီးရယ်နေတယ်။
"အေးပါ...ဟုတ်ပါပြီ..စန္ဒီက ကိုယ့်သူငယ်ချင်းတွေအကြောင်းအတော်သိတာပဲနော်..."
"သိဆို နည်းတဲ့နှစ်တွေမှမဟုတ်တာ....၁၆ နှစ်သားလောက်ကတည်းက ငါးယောက်အတူတူတွဲလာခဲ့တာ အခုပဲ ၃၀ တန်းဝင်နေကြပြီလေအစ်မရဲ့..."
"အင်းနော်...ဒါဆို သော်တာ့အကြောင်းရော..ညီမ သိမှာပေါ့...သူကရော ဘယ်လိုမျိုးလဲဟင်"
ဒီတစ်ခါ တိတ်ဆိတ်သွားခဲ့တာ ကျွန်မဘက်က...၁၅ နှစ်လုံးလုံး တစ်ယောက်ရှေ့မှာ တစ်ယောက်ကြီးပြင်းအရွယ်ရောက်လာကြပြီး တစ်ယောက်ရင်ခုန်သံကို တစ်ယောက်ကနားစွင့်တတ်ခဲ့တဲ့အချိန်တွေ...အဲ့ဒီအချိန်သက်တမ်းတလျောက်လုံး...ကျွန်မသူ့ကို သိခဲ့ရဲ့လား...သူကရော ကျွန်မကို သိခဲ့ရဲ့လား။
မခင်နှင်းဆီရဲ့ မေးခွန်းသတ်မှုကြောင့် ကျွန်မ ဆွံ့အသွားတော့ အစ်မက ကျွန်မဖုန်းချသွားတယ်ထင်ပြီး ခေါ်နေလေရဲ့။
"ဟလို...ကြားလား...စန္ဒီ...စန္ဒီ..."
"ဟလို..အစ်မ ကြားပါတယ်..."
"အိုကေ အိုကေ...ညီမ တခြားလုပ်စရာရှိရင်လုပ်လေ...အစ်မ ဖုန်းချလိုက်တော့မယ်...အစ်မတို့ စာအုပ်ပို့ဖို့ delivery ချိတ်ထားပြီလား"
"ဟုတ် အကုန် ready ဖြစ်ပြီ အစ်မ။ ညီမ သေချာ packing လုပ်ထားပေးတယ်။ ဒါနဲ့ နောက်လကို gift လေးတစ်ခုခုပေးမလားလို့လေ...အဲ့ဒါ အစ်မနဲ့နှစ်ယောက်တွေ့ပြီး တိုင်ပင်ရအောင်"
"အိုကေလေ...ဒါဆို လာမယ့် Sunday တွေ့ကြတာပေါ့...ရလား"
"ရတယ် အစ်မ"
"အာ့ဆို ဒါပဲနော်....အစ်မ ဖုန်းချလိုက်တော့မယ်"
တော်ပါသေးရဲ့...ဖြေရခက်တာကြီး မဖြေလိုက်ရလို့။
X
ညနေစာပြင်ဖို့ ကျွန်မ မီးဖိုချောင်ထဲဝင်လာလိုက်တယ်။ ထင်တဲ့အတိုင်း ဘာဟင်းမှမရှိဘူး။ အပြင်ကမှာစားဖို့ကလည်း...စားချင်တာစဥ်းစားလို့မရလို့ အိမ်ကရှိတာပဲ တစ်ခုခုလုပ်စားမယ်ဆိုပြီး ရေခဲသေတ္တာကိုဖွင့်ကြည့်လိုက်တယ်။ ပေါင်မုန့်နဲ့ အသားနည်းနည်းရှိလို့ ထပ်မရှာတော့ဘဲ အသားနည်းနည်းလွှာလိုက်ပြီး ဆီနည်းနည်းနဲ့ grill လုပ်လိုက်တယ်။ အရွက်က ဂေါ်ဖီတခြမ်းတွေ့လို့ နှစ်ဖက်လောက်ယူ ရေနွေးဖျော ဆားနဲ့စိမ်လိုက်တယ်။ ပေါင်မုန့် မီးနည်းနည်းကင်ပြီး အသားကင်ရယ် စိမ်ထားတဲ့ဂေါ်ဖီဖက်ရယ် တင် မိရောနိစ်နဲ့ ketch up နည်းနည်းသုတ် ပန်းကန်ထဲထည့်လိုက်တယ်။ ကော်ဖီကတော့ ဒီအချိန်သောက်ရင် သိပ်မပျော်မှာစိုးလို့ ရေနဲ့ပဲ မျောချဖို့ပဲရှိတယ်။
ထိုင်ခုံမှာထိုင်ပြီး မလှီးထားတဲ့ပေါင်မုန့် ချပ်လိုက်ကြီးကို ပါးစပ်နဲ့ဆံ့သလောက် ကိုက်ဝါးနေတယ်။ အဆင်ပြေပေမယ့် စားချင်တာဒါမဟုတ်တော့ သိပ်တော့စားကောင်းမနေဘူး။ ဘာစားချင်လဲဆိုတော့လည်း မသိပြန်ဘူး။
"တီးတောင်...တီးတောင်"
အိမ်ရှေ့မှာ ဘဲလ်တီးသံကြားတော့ ကျွန်မ ပေါင်မုန့်ကိုပန်းကန်မှာပြန်ချပြီး တံခါးဖွင့်ပေးလိုက်တယ်။ ကျွန်မနဲ့သော်တာ ဒီအိမ်မှာ စနေမယ်ဆိုကတည်းက ဘဲလ်တီးရင် နှစ်ချက်ဆက်တိုက်တီးဖို့ သော်တာက ပြောထားတယ်လေ။ သူ့ကိုတံခါးဖွင့်ပေးပြီး စားပွဲဆီပြန်လာ ပေါင်မုန့်စားရင်းဖုန်းသုံးနေတယ်။
"နင်က ထမင်းမစားဘူးလား"
သူကျွန်မ ပေါင်မုန့်စားနေတာကိုတွေ့ပြီးမေးလာတယ်။ ကျွန်မသူ့ကိုမကြည့်ဘဲ ပြန်ဖြေတယ်။
"ဟင်းမရှိလို့....မစားတော့ဘူး"
"ဟင်းမရှိတာ တစ်ခုခုဝယ်စားပါလား...ပိုက်ဆံ မရှိတာလည်းမဟုတ်ဘူး"
ကျွန်မ ပေါင်မုန့်ဝါးရင်း စိတ်တိုလာတယ်။
"ဘာဆိုင်မှမသိလို့....ဘာစားရမှန်းမစဥ်းစားချင်လို့ ငါ့ဟာငါ ပေါင်မုန့်စားနေတာ...နင်ဘာလာဟောက်နေတာလဲ ငါ့ကို"
ဟုတ်တယ်လေ...ကိုယ်ကျေနပ်လို့ ကိုယ့်ဘာသာ ပေါင်မုန့်စား ရေသောက်နေတာ သူ့ဘာထိခိုက်သွားလို့ လာပွမ်နေတာလဲ။
ဒါပေမယ့် သော်တာ့မျက်နှာ ချက်ချင်းပြောင်းသွားတယ်။ အပြင်က တစ်ခုခုဖြစ်လာလားမသိ။
ပြီးတော့ ဖုန်းထုတ်ပြီး အပြင်မှာသွားပြောနေတယ်။ ခဏနေတော့ ပြန်ရောက်လာတယ်။
"နောက် ၁၅ မိနစ်နေရင် ခေါက်ဆွဲကြော်ပါဆယ် လာပို့လိမ့်မယ်...နင်စားလိုက်"
"မလိုပါဘူး...ငါအခု ပေါင်မုန့်နဲ့..."
"ပေါင်မုန့် စားရအောင် ဒါ breakfast လား...ပြီးတော့ ရေနဲ့မျောချနေတယ်...ညသန်းခေါင်ကြီး ဗိုက်ဆာရင် နင်ရေခဲသေတ္တာလာဖွင့် ဦးမှာမလား"
"........"
သော်တာ့ကြည့်ရတာ တမျိုးပဲ။ ခါတိုင်းပုံစံမဟုတ်ဘဲ ဘာလို့ ဒီလိုပြောဆိုနေရတာလဲ။
"ကလင်...."
"............"
"ဟုတ်...အခုဆင်းယူမယ်နော်...ကျေးဇူးပါဗျ"
ပါဆယ်လာပို့တော့ သူဆင်းယူပြီးတက်လာတယ်။ ကျွန်မကတော့ စားလက်စ ပေါင်မုန့်လေး မြန်မြန် လက်စသတ်လိုက်တာပေါ့။ ခေါက်ဆွဲကြော်ထုပ်လေး ကျွန်မရှေ့ကိုချပြီး အခန်းထဲဝင်သွားတယ်။
"ဟဲ့ နင်မစားတော့ဘူးလား"
"နင့်ဟာနင်စား..."
ကျွန်မ လှမ်းအော်တော့ သူကအခန်းထဲကနေ အော်ပြောတယ်။ နင့်ဟာနင်စား ဆိုတာကြီးကိုသိပ်သဘောမကျလို့...သူ့ပါတခါထဲခေါ် စားမယ်ဆိုပြီး အခန်းထဲကိုဝင်ချသွားလိုက်တယ်။
"လာစမ်းပါ...အတူတူစားတော့ တခါထဲ...အ...ဟဲ့..ဟဲ့..."
"ဟာ...ဟဲ့...နင်က...ဘ..ဘာကိစ္စ အခန်းထဲဝင်လာတာတုန်း..."
ကြွက်သားဖွေးဖွေးတချို့နှင့် အပေါ်ဗလာကျင်းနေတဲ့ ခန္ဓာကိုယ်နဲ့ ဘောင်းဘီကုန်းဝတ်နေတဲ့ သော်တာခွန်းကိုတွေ့လိုက်ရတဲ့အခါ...ပြောလက်စစကားတွေပါပျောက်ကုန်ပြီး မျက်စိမှိတ် တဖက်ကိုလှည့်ပြီးသားဖြစ်သွားရတယ်။ သူလည်း ကျွန်မ ရုတ်တရက်ကြီးဝင်ချလာတော့ လန့်ပြီး ဘောင်းဘီပါ အပေါက်ကျွံကုန်တယ်။ ရှေ့ကိုငေါထွက်ပြီးပြုတ်ကျမလိုဖြစ်နေတဲ့သူကိုရယ်ချင်တာတောင် တကိုယ်လုံး ပူထူနေလို့ မရယ်နိုင်ဘူး။
ကျွန်မ အခန်းထဲက ထွက်မှဖြစ်မယ်ဆိုတာသိလိုက်တော့....
"ဟို...ငါ..စောင့်နေမယ်...ထွက်လာခဲ့နော်"
X
ကျွန်တော်အခန်းထဲကထွက်လာတော့ ခေါက်ဆွဲကြော်ကထွက်တဲ့ အငွေ့တွေကိုသေချာပြူးကြည့်တဲ့သူမကိုတွေ့ရတယ်။ စောနက အငွေ့ပျံသွားတဲ့ ကျွန်တော်ဟာ ခေါက်ဆွဲကြော်ဆို သူကျွန်တော့်ရင်ဘတ်ထဲကို ပြူးပြဲကြည့်နေမလား။
"အဟမ်းးး"
ချောင်းသံပေးပြီးဝင်ထိုင်မယ်လုပ်တော့ ကိုယ်လေးမတ်ပြီး ကျွန်တော့်ကိုပြုံးပြတယ်။ ဒီတိုင်း နှုတ်ခမ်းစွန်းလေးတွန့်ရုံပါပဲ။
"ဆာပြီလား"
"အမ်"
"ဗိုက်ဆာပြီလားလို့... ခေါက်ဆွဲကြော် စားမယ်မလား"
ကျွန်တော် ဘာလို့မှန်းမသိ ယောင်တောင်တောင်နဲ့...တကယ်က အပြင်မှာ စားလာခဲ့ပြီးသား။
"အမ်း...နည်းနည်းထည့်"
စန္ဒီကတော့ ပြုံးပြုံးရွှင်ရွှင်ပဲ ခေါက်ဆွဲကြော်တွေပန်းကန်လုံးတစ်ခုထဲ ခွဲထည့်နေတယ်။ ခေါက်ဆွဲကြော်ကိုကြည့်ပြီး 'ငါကုန်ပါ့မလား' လို့တွေးနေတာက ကျွန်တော်ပေါ့။ ထည့်ရင်းထည့်ရင်း ပန်းကန်ပြည့်တော့မှာမို့ ကျွန်တော် လက်ကာပြလိုက်ရတယ်။
"တော်ပြီ တော်ပြီ...နောက်လိုမှထပ်ယူမယ်"
"ဟင်...အိုကေ...ရော့"
သူမက ကျွန်တော့်ရှေ့ကို ပန်းကန်လေးချပေးတယ်။ ပြီးတော့ ပန်းကန်အသစ်တစ်လုံးထဲ ခေါက်ဆွဲကြော်တွေထည့်ပြီး တူနဲ့ညှပ်စားနေတယ်။ ဗိုက်တော်တော်ဆာနေလား မသိ...ချက်ချင်း နှစ်လုပ်လောက်စားပြီး ပြုံးပြုံးကြီး ဝါးနေလေရဲ့။ အစားအသောက်တစ်ခု စားကောင်းမကောင်းသိချင်ရင် လူနှစ်ယောက်ကိုပဲကြည့်ပြီး ကျွန်တော်ကောက်ချက်ချတယ်။ အဲ့ဒါ စန္ဒီနဲ့ ထွန်းရှည်။ ကျွန်တော်တို့အဖွဲ့ထဲမှာ အစာစားရင် mood ထည့်ပြီးစားတတ်တာ အဲ့နှစ်ယောက်ပဲ။ သူတို့မျက်နှာကိုကြည့်လိုက်တာနဲ့ စားကောင်းမကောင်းကြည့်ပြီးမှ ကျန်တဲ့သူတွေက မြည်းကြ စားကြတယ်။ အဲ့လိုပြောလို့ ကျန်တဲ့ကျွန်တော်တို့က အရသာမခံနိုင်ကြတာမဟုတ်ဘူး။ သူတို့နှစ်ယောက်လို အစားအသောက်ကို မျက်နှာအမူအရာနဲ့ မစားတတ်ကြတာ။ မျက်နှာသေကြီးတွေနဲ့ စားတတ်တာပေါ့ဗျာ။ ကောင်းလဲဒီမျက်နှာပဲ...မကောင်းလဲဒီမျက်နှာပဲ။ လုံးဝစားမရမှသာ တွေးထုတ်လိုက်တာ။
"ကောင်းတယ်မလား"
ကျွန်တော် မေးတော့ စန္ဒီက ပါးစပ်ကဝါး ခေါင်းကငြိမ့်ပြတယ်။ ပြီးတော့ ဘေးကရေတစ်ခွက်မော့လိုက်တဲ့အခါ တလောကလုံး သာယာငြိမ်းချမ်းသလိုရုပ်မျိုးဖြစ်သွားတယ်။ ကျွန်တော်ပါ ပြုံးလိုက်မိသွားလားမသိ။
"အား...ကောင်းလိုက်တာ...ရှယ်ပဲ...ဘယ်ဆိုင်ကဝယ်တာလဲဟင်...နောက်နေ့ဝယ်စားဦးမှပဲ"
"နောက်နေ့စားချင် ငါ့ကိုဖုန်းဆက်လိုက်လေ...ငါအပြန်ကျ ဝယ်လာလို့ရတယ်..."
"အင်း..."
"အင်း"
စကားစပြတ်သွားကြတယ်။ အဲ့ဒါနဲ့ ကျွန်တော် ခေါက်ဆွဲကြော်ငုံ့စားနေလိုက်တယ်။
"ဒါနဲ့...ငါတစ်ခုလောက်မေးလို့ရမလား"
"အင်း...မေးလေ"
"စောနက ဘာလို့ ငါ့ကိုစိတ်တိုတာလဲဟင်"
ကျွန်တော် သူမကိုကြည့်လိုက်တယ်။ နည်းနည်းတော့ မျက်နှာမကောင်းဘူး။
"ဘာကိုစိတ်တိုတာလဲ..."
"ငါပေါင်မုန့်စားနေတာကို နင်က ဒေါသထွက်ပြီး ဒါဝယ်ကျွေးတာမလား"
"အမ်"
သူမစကားကြောင့် ကျွန်တော် ကြောင်သွားတယ်။
"ငါ ထမင်းမစားဘဲ ပေါင်မုန့်နဲ့ရေနဲ့ စား​တာကို ဒေါသထွက်စရာအကြောင်းမရှိတာတော့ ငါသိတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ ငါ့ကိုဝယ်ကျွေးတာလဲ"
သေပြီ။ ကျွန်တော်ဘယ်လိုဖြေရမှန်းမသိတော့ပါ။ တကယ်ပြန်စဥ်းစားတော့...ဘာဖြစ်လို့ သူ့ဟာသူ ပေါင်မုန့်ထိုင်စားနေတာကို စိတ်တိုပြီး ခေါက်ဆွဲကြော်မှာ ကျွေးလိုက်မှန်း ကျွန်တော့်ဟာကျွန်တော်တောင် မသိလိုက်သလိုပဲ။ သူပေါင်မုန့်စားနေတာကို ဒေါသထွက်ရအောင်လည်း အဓိပ္ပာယ်မှမရှိတာ။ ဘာကိုဒေါသထွက်သွားတာလဲ။
"မေးနေတယ်လေ...ဘာလို့လဲ"
ဒီနေ့အပြင်မှာဖြစ်လာတဲ့ ကိစ္စနဲ့များဆိုင်နေမလား။ သိပ်မစဥ်းစားနေတော့ဘူး...တစ်ခုခုတော့ ဖြေမှဖြစ်တော့မယ်။
"ငါ...ဗိုက်ဆာနေလို့"
"အမ်"
"ဟုတ်တယ်...ငါအပြင်ကဘာမှစားမလာဘူးလေ..အိမ်ရောက်တော့...နင်က ပေါင်မုန့်ပဲစားနေတာတွေ့တယ်လေ..အဲ့တော့..."
"အဲ့တော့...."
"ငါ့အတွက် စားစရာမရှိဘူးလေ..အဲ့တော့ ငါတို့စားရအောင် မှာစားလိုက်တာ...အဲ့လို"
"အော်...ဟုတ်မှာပါ..."
တော်သေးတယ်။ လွယ်လွယ်ကူကူနဲ့ လက်ခံသွားလို့။
X

Together 3 အထိလာဖို့ရှိ 😁
အဆင်ပြေရင် Vote လေးလိုချင်ပါတယ်လို့ 😘
Good night 😇

မတော်တဆ 🤍💋❤Where stories live. Discover now