Room12 (Lockdown) Part 1

379 25 0
                                    

ကမ္ဘာ့နေရာအနှံ့ Covid ဟုခေါ်သည့် ပလိပ်ရောဂါဆိုးကြီး ဆိုးရွားစွာ ချဥ်းကပ်လာပြီးနောက် နိုင်ငံအတွင်းမှာလည်း ထိုရောဂါပိုးကူးစက်သူများ တဖြည်းဖြည်း မြင့်တက်လာသည်။ ရက်သတ္တပတ်အတွင်းပင် ကူးစက်မြန်လွန်းသောကြောင့် ရုံး ၊ ကျောင်း စသည့် အများသုံးနေရာများ အကုန်ပိတ်ပစ်ရသည်။ မီးပွိုင့်ရောင်စုံကြား ဖြတ်သန်းမောင်းနှင်နေကျ မော်တော်ယာဥ်များ လမ်းမပေါ်တွင် မတွေ့ရတော့။ လမ်းမထက်ဝယ် ရုန်းကန်လှုပ်ရှားသွားလာနေသူများကို မမြင်ရတော့။ ဘုရားပုရဝဏ်အတွင်းမှ ဝတ်ပြုဆုတောင်းသံများလည်း မကြားရတော့ပေ။
ဆူညံရှုပ်ထွေးစည်ကားလျက်ရှိသော မြို့တော်ကြီးမှာ အခုတော့ တိတ်ဆိတ်ခြောက်ကပ်စွာအထီးကျန်နေရလေပြီ။
စန္ဒီနိုင်နှင့်ခင်နှင်းဆီတို့ နှစ်ယောက် ပစ္စည်းများသိမ်းဆည်းနေကြသည်။ အများနည်းတူ သူတို့၏ စာအုပ်ဆိုင်လေးကိုလည်း ခေတ္တပိတ်ရတော့မည်။ ဆိုင်ဖွင့်သည့် တစ်နှစ်ကျော်အတွင်း ရောင်းအားတက်ပြီးပုံမှန်ဖောက်သည်များပင် ရလာပြီဖြစ်၍ ခင်နှင်းဆီ နှမြောမိသည်။ ကားဝယ်စီးရန်စုထားသော ပိုက်ဆံကိုထည့်၍ ဖွင့်ထားသောဆိုင်လေးမို့ စန္ဒီနိုင်လည်း ​ကြေကွဲနေလေသည်။ သို့ပေမယ့် ရွေးချယ်စရာ မရှိ။ ပစ္စည်းသိမ်းနေစဥ် ကျော်ကျော်ခိုင် ဖုန်းလှမ်းဆက်လာ၍ ကိုင်လိုက်သည်။
"ဟဲလို စန္ဒီလား...ငါတို့ရောက်တော့မယ်နော်။"
"အေးအေး...ငါတို့လည်း အဆင့်သင့်ဖြစ်ပါပြီ။"
ခဏကြာတော့ ကျော်ကျော်ခိုင်ရောက်လာ၏။ သော်တာခွန်းလည်းလိုက်လာသည်။
"စက္ကူပုံးတွေမရမှာမို့လို့ ခေါ်လာတာ" တဲ့။
စန္ဒီပြုံးပြလိုက်သည်။
"ကျေးဇူးတင်ပါတယ်ဟာ..."
"လုပ်ပြီ....မပြောဖူးတာတွေပြောနေတယ် မခင်နှင်းဆီရေ့"
စက္ကူပုံးများ ကားထဲသို့ထည့်ပြီးနောက် ဆိုင်တံခါးသော့ပိတ်ကာ ထွက်လာခဲ့ကြသည်။ စန္ဒီနိုင် မျက်နှာ မကောင်း၍ ခင်နှင်းဆီ ကနှစ်သိမ့်သည်။
"စိတ်မကောင်းမဖြစ်ပါနဲ့ ညီမလေးရယ်...အစ်မတို့ OS နဲ့ထပ် try ကြည့်ကြတာပေါ့...နော်။"
"ပိုက်ဆံမရတော့လို့ စိတ်မကောင်းတာမဟုတ်ပါဘူး အစ်မရယ်...စန္ဒီ့မှာ ဒီဆိုင်လေးပဲရှိတာ။ အခုဆိုင်မသွားရတော့ဘူးဆိုတော့ စန္ဒီနေတတ်ပါ့မလား မသိဘူး အစ်မရာ..."
သော်တာက ဝင်ပြောသည်။
"နားရက်ရလို့ နားနေတယ်လို့သာ သဘောထားပြီး နားစမ်းပါဟာ....ငါလည်း ငါ့ဆိုင်တွေပိတ်လိုက်ရတာပဲ။"
"အခုကတော့ အကုန်နားရတာပဲ စန္ဒီရေ့..ငါ့လည်း ငါ့သူဌေးက မလာခိုင်းတော့ဘူး။ အဲ့တော့ အိမ်မှာ သက်တောင့်သက်သာ နားရုံပေါ့။အခုက လူတိုင်း ဒီလိုပါပဲဟာ.."
"အေးပါဟာ..."
နောက်တော့ သူတို့စကားမပြောဖြစ်ကြတော့။ ခင်နှင်းဆီကို အရင်အိမ်ပြန်လိုက်ကြသည်။ ခင်နှင်းဆီကို ပစ္စည်းများကူသယ်ပေးရင်း သူမက စန္ဒီနိုင့်ကို အားပေးစကားပြောနေလေ၏။
"ညီမလေး စန္ဒီ....ဘာမှ စိတ်ဓာတ်မကျနဲ့နော်။ အိမ်မှာနေရတုန်း အစ်မပြောတာကို try ကြည့်ပါလား...ညီမအတွက် အကျိုးရှိမှာသေချာတယ် သိလား...အခုက ဆိုင်ပိတ်လိုက်ရပေမယ့် အစ်မတို့ OS နဲ့ဆက်ရောင်းနေလို့ရတာပဲ။ အချိန်တစ်ခုလောက်စောင့်ကြတာပေါ့ကွာ...နော်"
အမြဲတမ်း အစ်မရင်းတစ်ယောက်လို အားပေးနှစ်သိမ့်တတ်သော ခင်နှင်းဆီကို သူမ ကျေးဇူးတင်မိသည်။ ကားပေါ်မှ လှမ်းကြည့်နေသော ကျော်ကျော်ခိုင့်ကို တွေ့လိုက်သောအခါ ချက်ချင်းပဲ မျက်နှာလွှဲသွားလေ၏။
"ကျေးဇူးပါ အစ်မရယ်...အစ်မပြောတာကို စန္ဒီကြိုးစားကြည့်ပါဦးမယ်။ ဒါနဲ့...."
"အင်း ပြော ညီမ"
"အစ်မကို ကျော်ကျော်ခိုင် ကြည့်နေတာကြာပြီ။ အဲ့ဒါ အစ်မ သိလားဟင်"
"ဟင်"
သူမ မျက်နှာလေး ပန်းရောင်သန်းသွားသည်။
ကျော်ကျော်ခိုင့်ကိုမျက်လုံးလွှဲ၍ကြည့်လိုက်သေးသည်။
"နည်းနည်းစောနေသေးတယ်ဆိုပေမယ့်...
နောက်ပိုင်း တွေ့ဖြစ်ဖို့မလွယ်လောက်ဘူးထင်လို့ အခုထဲကပြောခဲ့မယ်နော်။"
"ဘာများလဲ စန္ဒီရဲ့"
"ကျော်ကြီးနဲ့အစ်မကို ညီမတို့တဖွဲ့လုံး သဘောတူတယ်သိလား..ဟီး.."
"အယ်..."
စန္ဒီ့စကားကြောင့် မျက်နှာကြီးရဲသွားပြီး ပုခုံးကိုလှမ်းပုတ်လိုက်သည်။
"ဒီကောင်မလေးကတော့....နာချင်နေပြီထင်တယ်"
"ကိုယ့်အစ်မ ရိုက်လည်းခံရမှာပေါ့လေ..ဒါပေမယ့် တကယ်ပြောတာ သိလား...ကျော်ကြီးက အစ်မကိုရေလည်ကြွေနေတာ...My day မှာဆို အစ်မအကြောင်းတွေချည်းပဲ တင်တာ"
"ဟယ်...ဟုတ်လား။"
"ဟုတ်တယ်...အစ်မကြည့်ချင်ရင် ကျော်ကြီးကို အစ်မ acc ပေးလိုက်မယ်လေ...အစ်မ သူ့ကို အကဲခတ်လို့ရတာပေါ့လို့.."
"အမလေး...မကြည့်ချင်ပါဘူး...accလည်း မပေးနဲ့နော် စန္ဒီ...အစ်မ စိတ်ဆိုးမှာ"
ခင်နှင်းဆီက နှုတ်ခမ်းလေးဆူ၍ပြောသည်။
စန္ဒီနိုင် သူမကို ​ရယ်ရင်းအသာဖက်လိုက်သည်။
"အင်းပါ ငါ့အစ်မကြီး စိတ်ဆိုးတာတော့မခံနိုင်ပါဘူး...မပေးဘူးနော်...ပြောပဲပြောပြလိုက်မယ်"
"ကဲ..စန္ဒီမ ရေ...."
ခင်နှင်းဆီ စန္ဒီ့ကိုမနိုင်။ ပွင့်လင်းပြီး ပြောချင်တာပြောတတ်လုပ်တတ်သော်လည်း ချစ်ဖို့ကောင်းသည်။ထို့နောက် စန္ဒီနိုင်တို့ကိုနှုတ်ဆက်လက်ပြတော့ ကျော်ကျော်ခိုင်က လက်ပြလိုက်လေသည်။ထိုအခါ ပန်းရောင်မျက်နှာလေးဖြင့် အိမ်ထဲသို့ဝင်သွားလေ၏။ ကျော်ကြီးလည်း ရင်တွေခုန်ပြီး စပ်ဖြီးဖြီးနဲ့ ကားစက်နှိုးလိုက်သည်။
သူတို့ကိုကြည့်နေသော သော်တာနှင့်စန္ဒီတို့မှာ ပြုံးစိစိနဲ့ ဆက်ကြည့်နေ၏။ ခင်နှင်းဆီအိမ်နှင့် တော်တော်လှမ်းတဲ့အထိ စောနက မြင်ကွင်းကိုစိတ်ကူးယဥ်ကာ ကြည်နူးမဆုံးသော ကျော်ကြီးကိုကြည့်ရင်း အမြင်ကကတ်လာ၏။
"ဟျောင့်....မပြီးသေးဘူးလား စမြုံ့ပြန်လို့"
"အေးလေ...သွားတွေအအေးပတ်ကုန်ဦးမယ်..ပြုံးဖြီးနေတာပဲ"
သော်တာတို့ပြောလည်း မကြားချင်ယောင်ဆောင်နေသလိုကားမောင်းနေလိုက်သည်။
"ဒါနဲ့ သော်တာ နင် ထွန်းရှည်နဲ့အတူနေနေတယ်ဆို"
"အေး..."
စန္ဒီနိုင့်အမေးကို ခပ်တိုတိုဖြေလိုက်ရင်း ဖုန်းပွတ်နေလေ၏။ ကျော်ကြီးကားမောင်းနေရင်းမေးသည်။
"စန္ဒီမ"
"အင်း"
"နင်နဲ့ မနှင်းဆီ စောနက ဘာတွေပြော​နေကြတာလဲဟင်"
ကျော်ကြီးဘက်က မေးလာမည်ဆိုတာ စန္ဒီသိပြီးသားဖြစ်သည်။
"သြော်..ဒါလား...သိချင်တယ်ပေါ့။"
"သိချင်တာပေါ့ဟ"
"ဒီတိုင်းတော့ မပြောနိုင်ဘူး သားရီး..."
ဒီတိုင်းမရမှန်း ကျော်ကြီးသိပြီးသားဖြစ်၍
"ကဲ ပြော...ဘာမျိုမလဲ။ ရှမ်းကောပဲလား..."
"တော်...ကောရတာများလို့ အသံတောင်မကြားချင်ဘူး။"
"ဒါဖြင့် ဘာတုန်း ပြော မြန်မြန်...တခါထဲဝယ်ရအောင်လို့...."
"အဲ...ဘာစားရင်ကောင်းမလဲ..."
စန္ဒီနိုင် အပြင်းအထန်စဥ်းစားနေစဥ် သော်တာကအကြံပေး၏။
"ဒီလိုလုပ်ကွာ...ငါတို့ မဝိုင်းရတာကြာပြီ..အဲ့ဒီတော့ ဟိုနှစ်ကောင်ပါဖုန်းဆက်ခေါ်ပြီး ဝိုင်းရအောင်...အိုကေ"
"အိုကေ"
"အိုကေလေ"
ထို့နောက် ခိုင်အိတို့ကိုဖုန်းဆက်၍ ချိန်းလိုက်သည်။
ညနေစောင်းရောက်သော် အိမ်လေးထဲတွင် သူငယ်ချင်းငါးယောက်မှာ အတူစားသောက်နေကြသည်။ မိန်းကလေးများကတော့ အစားတလိုင်းဖြစ်ပြီး ယောကျာ်းလေးများကမူ အစားထက်အသောက်ကများသည်။
"ဟဲ့ သော်တာခွန်း ကြည့်သောက်နော်။ ဟိုတခေါက်ကလို မှောက်အောင်မသောက်နဲ့။"
သော်တာက ရယ်လျက်
"အေးပါ ခိုင်လေးရာ...ငါလည်း မှတ်သွားပါပြီ။"
"သော်တာကြီး...မင်းကောင်မလေးနဲ့ရော အခြေအနေဘယ်လိုရှိလဲကွ။"
ထွန်းရှိန်ဝါ​အမေးကြောင့် စန္ဒီ ​သော်တာ့ကိုကြည့်နေသည်။
"ဒီလိုပါပဲကွာ...ပြတ်လိုက် ဆက်လိုက်နဲ့ တိုင်ပတ်နေတာ"
"အင်း...ငါထင်တယ် ဟိုတခေါက်ကပဲ မင်းတို့စကားများကြသေးတယ်ဆို"
"အဟွတ် အဟွတ်..."
ထွန်းရှိန်ဝါစကားကြောင့် စန္ဒီနိုင် အချိုရည်သီးသွားသည်။
"တစ်ယောက်သောသူလက်ချက်ကြောင့်ပေါ့ကွာ"
သော်တာခွန်း စန္ဒီ့ကို တချက်ပြုံးပြပြီး အရက်ခွက်ကိုမော့ချလိုက်သည်။
"ဟေ ဟုတ်လား...အခုရော ပြန်တည့်သွားပြီလားကွ"
သော်တာမျက်နှာမကောင်းပါ။
"ပြန်တည့်ပြီး ပြတ်သွားပြီ"
"ဟေ"
အကုန်လုံး အံ့သြသွားသည်။ သော်တာ့လက်ထဲက အရက်ခွက်ကို စန္ဒီယူ၍ မော့လိုက်သည်။ ခါးသီးပြင်းရှတဲ့ အရသာကြီးက စန္ဒီ့လည်ချောင်းထဲသို့ စီးဝင်သွားလေ၏။
"ဟဲ့ နင့်ခွက်နဲ့နင် သောက်ပါလား..ဘာလို့ သူများခွက်ကိုယူသောက်တာတုန်း"
"ငါ့ခွက်က အချိုရည်မကုန်သေးလို့...နင့်ခွက်ယူသောက်တာ..ဒါနဲ့ သော်တာ...."
စန္ဒီ မေးသည့်မမေးသင့် စဥ်းစားနေသည်။ တကယ်ပဲသူမကြောင့် ပြတ်သွားတာလား သိချင်မိသည်။ ဟုတ်ရင်တော့ သူမ တော်တော်စိတ်မကောင်းဖြစ်ရမည်။တခုခု ပြန်လုပ်ပေးမှဖြစ်မည်။
သို့ပေမဲ့ အကုန်လုံး ရှေ့တွင်မေးလိုက်ရင် သူမခံစားချက်တွေပါအကုန်သိကုန်တော့မည်ဖြစ်၍ မမေးဘဲ ငြိမ်နေလိုက်တော့သည်။
"ဘာမှမဟုတ်ဘူး။ ကျော်ကြီး ငါ့ကို နည်းနည်းထည့်ပေး"
ကျော်ကြီးက wisky နဲ့ soda အနည်းငယ် ရောပေးလိုက်သော် တကျိုက်ထဲ မော့ချလိုက်သည်။
ခိုင်အိက စန္ဒီ့ကိုမျက်လုံးပြူး၍ကြည့်နေသည်။
"သူငယ်ချင်း...များမယ်နော်...တော်ပြီ မသောက်နဲ့တော့..."
စန္ဒီက ပြုံး၍ လက်ကာပြသည်။
"ကိုကြီးကျော်ရဲ့ best friend ကြီးပါ...ဒီလောက်တော့ အေးဆေး..ဟီးဟီး..."
သူတို့အဖွဲ့ထဲတွင် ကျော်ကျော်ခိုင်မှာ အသောက်နိုင်ဆုံးဖြစ် ၊ နာမည်ကလည်း ကျော် ပါနေ၍ ကိုကြီးကျော်ဟု ခေါ်ကြပြန်သည်။
အချိန်တွေတဖြည်းဖြည်းကုန်လာခဲ့ပြီး ည၈ နာရီထိုးခဲ့ပြီဖြစ်သည်။ထွန်းရှိန်ဝါ​က ခိုင်အိကိုလှမ်းမေးလိုက်သည်။
"ခိုင်...အိမ်ကိုဖုန်းဆက်ထားသေးလား။"
"အင်း ဆက်ထားတယ် ကို..."
"အင်းအင်း....အဆင်ပြေလား မူးနေပြီလား"
"ရပါတယ် ကိုနော် အများကြီး မသောက်နဲ့တော့"
ချစ်သူရဲ့ တားမြစ်စကားလေးက နားဝင်ချိုသောကြောင့် ထွန်းရှိန်ဝါ ခိုင်အိကိုကြည့်ရင်း အသည်းတွေယားလာ၏။ ကျော်ကျော်ခိုင်တို့သုံးယောက်လုံး အကုန်ရေချိန်ကိုက်၍မှောက်ကုန်ပြီမို့ ခိုင်အိ ပါးတစ်ဖက်ကို ရွှစ် ခနဲ မြန်မြန်နမ်းလိုက်၏။ ရုတ်တရက် အနမ်းကြောင့် ခိုင်အိမျက်နှာလေးရဲသွားရသည်။ ထိုစဉ်....
"ဟျောင့်ဒေ..."
ဆိုဖာပေါ်တွင် မှောက်နေရာမှ အာပြဲကြီးနှင့် ထအော်သော စန္ဒီနိုင်ကြောင့် ခိုင်အိ လန့်သွားသည်။
"အမလေး...လန့်လိုက်တာဟယ်..."
"မသာမလေး...ဘာလို့ဒီအချိန်မှ ထအော်ရတာတုန်း"
ခိုင်အိ ခပ်တိုးတိုးလေး ရယ်မိသည်။ ပြီးတော့လည်း စန္ဒီနိုင် ပြန်အိပ်ပျော်သွားပြန်၏။

Hello ✌🏻
Climax တစ်ခုရောက်နေပြီဖြစ်လို့ နောက်အပိုင်းတွေကို စောင့်ဖတ်ပေးပါဦးနော်။❤

MJ11 🍀

မတော်တဆ 🤍💋❤Where stories live. Discover now