Room 34 (Vintage love) Part 1

383 22 2
                                    

"တီး​တောင်...တီး​တောင်"
ခိုင်အိ အိမ်ရှေ့မှာ ဘဲလ်ဆက်တိုက်တီးနေသော်လည်းတစ်ယောက်မှ ထွက်မလာကြ။ သူမ စိတ်တိုတိုနှင့် ဘဲလ်ကိုဖိနှိပ်နေတော့သည်။
"ဟာ...အဲ့နှစ်ကောင်ကလည်း ဘယ်အချိန်ရှိနေပြီလဲ အခုထိ မနိုးကြသေးဘူးလား...ညကဘာတွေလုပ်နေကြ...အယ်..."
ပြောနေရင်း ခေတ္တရပ်တန့်သွားကာ....
"ဘာမှလုပ်မှာတော့..မဟုတ်..လောက်...ဟင်..."
ခိုင်အိတစ်ယောက် တစ်ယောက်ပြောလိုက်ဆိုလိုက် တံခါးခေါက်လိုက်နဲ့အလုပ်ရှုပ်နေတုန်း မဟုတ်တရုတ်အတွေးတွေပါ ဝင်လာတော့၏။ ခေါင်းထဲကအတွေးကိုဖယ်ထုတ်ကာ ဖုန်းထုတ်၍ နံပါတ်တချို့ကိုနှိပ်နေစဥ်မှာပဲ တံခါးလာဖွင့်တော့သည်။
"အော်အေး...လာဖွင့်သေးတယ်နော် ကျေးဇူးပဲသိလား...မဟုတ်ရင်ငါရဲခေါ်တော့မလို့"
တံခါးရှေ့မှာ ခေါင်းစုတ်ဖွားနဲ့ မတ်တပ်ရပ်နေသည့် သော်တာခွန်းက ခိုင်အိကိုဘာမှပြန်ပြောမနေဘဲ လှည့်ထွက်သွားသည်။
"မနက် ၉ နာရီ ​တောင်ခွဲနေပြီ...သူတို့က အိပ်ကောင်းတုန်း...ဘယ်အချိန်ထိအိပ်..."
ထိုစဥ် သော်တာသည် ချာခနဲလှည့်ကာ လက်ညိုးတစ်ချောင်းထောင်၍ သူမကိုကြည့်ကာ...
"ဟဲ့ စကားကိုတိုးတိုးပြော...အထဲမှာ စန္ဒီ
အိပ်နေတယ်"
ခိုင်အိ ကြောင်သွားကာ...
"ဟင်..အော်...အေးအေး"
သော်တာခွန်းကိုကြည့်ပြီး ခိုင်​လေးမှာ အတွေးပေါင်းစုံနှင့် ဆွံ့အ၍ကျန်ခဲ့သည်။
'ဒင်..ဒင်းတို့က..အဲ့လိုတောင်ဖြစ်နေကြတာလား.ဘာလဲဟ...ငါနဲ့မတွေ့တာ နှစ်ပတ်ပဲရှိသေးတယ်...သော်တာကြီးက အဲ့လိုတွေတောင် အဖြစ်သည်းနေပြီလား'
သော်တာ့ကိုကြည့်တော့ စန္ဒီ့တံခါးကိုအသာလေး သုံးချက်ခေါက်နေ၏။
'အမယ်...တံခါးခေါက်တာတောင် ညင်သာနေပါ့လား...စန္ဒီမ စန္ဒီမ သူ့ရဲ့ နှစ်ချို့ crush ကြီးကို ဘယ်လိုတွေတောင် မြူဆွယ်လိုက်လဲမသိဘူး...ရေခဲတောင် အရည်ပျော်ပြီ အဟိ'
ခိုင်အိခမျာ တစ်ယောက်ထဲစကားတွေပြောလိုက် သော်တာ့ကိုကြည့်လိုက်နဲ့ စန္ဒီ့အတွက် ဝမ်းသာပြီး လာရင်းကိစ္စပင် မေ့ချင်သလိုဖြစ်နေ၏။
"စန္ဒီရေ...စန္ဒီ...ဒီမှာ ခိုင်လေးရောက်နေတယ်"
သော်တာ ပုံမှန်ထက်အနည်းငယ်သာ ကျယ်သည့်အသံနဲ့ အော်ပြောသည်။ ခိုင်လေးက သော်တာရဲ့ ပုံမှန်ဟုတ်မလိုနဲ့ ပြောင်းလဲလာသောအပြုအမူတချို့တို့ကို မျက်ခုံးလေးတွေပင့်ကာ အကဲခတ်နေလေ၏။ ခဏနေတော့ ခေါင်းစုတ်ဖွားနှင့်နောက်တစ်ယောက် စန္ဒီနိုင် အခန်းထဲကထွက်လာပါတော့သည်။
"နိုးပြီလား...ဟိုမှာ ခိုင်လေးရောက်နေတယ်...အာ့ကြောင့် တံခါးခေါက်ပြီးနှိုးလိုက်တာ"
"အင်းအင်း...အေး..ခိုင်..မတွေ့တာတောင်ကြာပြီဟာ..နင်ဘယ်မှာလဲ"
"ငါ ဒီမှာ ဆိုဖာပေါ်ထိုင်နေတယ်...လူပဲနိုးလာပြီး မျက်လုံးက အိပ်ရာထဲကျန်ခဲ့တယ်ဟလား ဒေါ်စန္ဒီနိုင်..."
အိပ်မှုံစုတ်ဖွားနှင့် မျက်လုံးလေးပွတ်ကာ ခိုင်လေးကိုပြူးကြည့်ရသည်။ ခဏကြာတော့ သော်တာက သွားတိုက်ရင်းတန်းလန်းနှင့် ရေချိုးဖို့ အပေါ်ဗလာကျင်းခန္ဓာကိုယ်ကို တဘက်ကြီးတစ်ထည်ဖြင့်ခြုံကာ ရေချိုးခန်းထဲဝင်သွားသည်။
"လာလေ ခိုင်...ငါ့အခန်းထဲမှာ ပြောရအောင်"
စန္ဒီ ခေါ်၍ သူမအခန်းထဲဝင်လာပြီး ထိုင်လိုက်သည်။ စန္ဒီက နိုးနိုးချင်း ရေသန့်ဘူးထဲမှ ရေတစ်ခွက်ငှဲ့ကာ သောက်လိုက်သည်။
"ဘယ်လိုလဲ...အခြေအနေ...နင်တို့နှစ်ယောက် တစ်ခန်းထဲ အတူအိပ်ကြတယ်ဆို"
"ဘာ..အဟွတ် အဟွတ်ဟွတ်...မဟုတ်..အဟွတ် ပါဘူး...နင်ဘယ်လိုလုပ် သိတာလဲ"
ရုတ်တရက်ကြီးမို့ စန္ဒီနိုင် သောက်ရေပင်သီးသွားရသည်။ ခိုင်လေးကတော့ စန္ဒီ့ကိုကြည့်ပြီးသဘော​ကျနေ၏။
"နင့်သူငယ်ချင်း ခိုင်အိပါ...နော်...နင့်ရဲ့ ဖိုးလမင်းကြီးအကြောင်းကိုလေ...ခု နင့်မာတာမိခင်ရဲ့ ပါးစပ်ဖျားကကိုမချတာရော သိပြီးပြီလား"
"ဘာ...ငါ့အမေက သော်တာ့အကြောင်းပြောတယ် နင့်ကို..ဟုတ်လား..."
စန္ဒီနိုင် တကယ်ကိုအံ့သြသွားရသည်။
"မိခိုင်...နင်ဒါတွေဘယ်လိုလုပ်သိနေတာလဲ...သမီးဖြစ်တဲ့ငါတောင်မသိဘူး"
"အမေမိုးက ငါ့ကို သူ့သမီးရင်းလိုချစ်တာလေ..နင့်ထက်တောင်ပိုမလားမသိဘူး...နင်မေ့နေပြီလား ဒေါ်စန္ဒီမ"
အရမ်းကို မဏ္ဏပ်တိုင်တပ်ပြနေသော ခိုင်အိကို စန္ဒီမျက်စောင်းထိုးပစ်လိုက်သည်။
"ကဲ ပြောစရာရှိတာသာ မြန်မြန်ပြောပါတော့ ငါ့အမေတူအဖေကွဲ ညီမလေးရယ်...ဟိုကောင့်အကြောင်း အမေဘာတွေပြောလို့လဲ"
"နင်တို့အိမ်မှာ သူညအိပ်သွားလည်တုန်းက သော်တာခွန်းက သူ့ကိုတလေးတစားဆက်ဆံတာရယ်...နင့်ကို ဂရုစိုက်တာရယ်ကိုပြောပြပြီး ငါ့ကိုကြွားလွှတ်လိုက်တယ်လေ...အာ့ကြောင့် လာကြည့်တာ ဟုတ်မဟုတ်.."
"ငါ့ကို ဂရုစိုက်တယ် သူက...အဟက်"
စန္ဒီ ဟက်ခနဲ ရယ်လိုက်မိသည်။ ဘယ်သူကဘယ်သူ့ကို စိတ်ထဲထည့်ပြီး ဂရုစိုက်နေရတာလဲ။
"ဟဲ့ မဟုတ်ဘူးလား...နင်တို့ အခြေအနေ တိုးတက်လာပြီမလားဟ"
"ဘာကိုတိုးတက်ရမှာလဲ ခိုင်...ငါတို့က ချစ်လို့ယူထားတာမဟုတ်ဘူးဆိုတာ နင်မသိတာမှတ်လို့...ငါ့အမေ နားလည်မှုလွဲနေတာပါဟာ"
ဘာကိုမှ မမျှော်လင့်ရဲတော့သည့် သူမအတွက် အခုချိန်မှာ ဘယ်အရာကိုမှ ယုံကြည်မနေချင်တော့ပါ။ လူကြီးတွေအထင်မလွဲအောင် သူတို့ သရုပ်ဆောင်ကောင်းခဲ့ကြသည်မဟုတ်ပါလား။
ခိုင်အိလည်း ဘာမှပြန်ပြောမနေဘဲ သက်ပြင်းကိုသာချလိုက်သည်။
X
"မနက်စာ စားပြီးပြီလား ခိုင်"
"ငါ စားခဲ့ပြီ..ကော်ဖီပဲသောက်မယ်"
စန္ဒီက ခေါင်းငြိမ့်ကာ ကော်ဖီဖျော်ဖို့လုပ်သည်။
ထိုစဥ် သော်တာအခန်းထဲက ထွက်လာပြီး ကော်ဖီဖျော်နေသည့် သူမကိုလှမ်းကြည့်သည်။
"မနက်စာ ဘာရှိလဲ..ငါအပြင်ကနေ ဝယ်လာခဲ့မယ်လေ"
"ရတယ် မဝယ်နဲ့တော့ ငါထမင်းကြော်လိုက်တယ်..နင်မစားဘူးလား"
စန္ဒီ သူ့ကိုလှည့်ကြည့်ပြီးမေးလိုက်တော့ သူက အင်တင်တင်နဲ့ဖြေသည်။
"အင်း...အေးဟာ...စားမယ်...ကြက်ဥရှိလား..ငါက..."
"Half fried ကြော်ပြီးသား အနှစ်မပေါက်ဘူး...ပဲပြုတ်ဘေးမှာပုံထားပေးတယ် လာစား"
သူ့ကိုမကြည့်ဘဲ လှမ်းပြောလိုက်ပေမယ့် စန္ဒီပြောပုံကို ဘာလို့မှန်းမသိ သဘောကျ၍ပြုံးမိသွားသည်။
"အိုကေ လာပြီ လာပြီ"
စန္ဒီကြော်ထားသည့် ထမင်းကြော်ကို အတူစားကြရင်း သူငယ်ချင်းတွေးစကားပြောကြသည်။
"ခိုင် ဒီနေ့ဘယ်သွားစရာရှိလဲဟင်"
"ထွေထွေထူးထူးတော့ မရှိဘူး...ဒါမယ့် အပြင်​လေးဘာလေးထွက်မလားလို့လေ...မထွက်တာလဲအတော်ကြာပြီဆိုတော့...စန္ဒီရော"
"အင်း...ငါလဲစဥ်းစားနေတာ...ငါဆို Lockdown ချကတည်းက ဘယ်မှကိုမရောက်တာ...အိမ်ထဲမှာနေရတာ ပျင်းလာပြီဟ...ငါတို့ အပြင်မှာ မုန့်လေးဘာလေးထွက်စားရအောင်.."
"အေး ဟုတ်တယ်...ငါတို့ ဘာနဲ့သွားကြမလဲဟင်...ဘက်စ်ကား ကလည်း ပုံမှန်မထွက်တော့ဘူး...Taxi တော့ရှိတယ် ဒါမယ့်စျေးကြီးတယ်ဟ"
"အေးနော်...အာ့ထက် ဆိုင်တွေရောဖွင့်ပါ့မလားဟ.."
သူငယ်ချင်းနှစ်ယောက် တက်ညီလက်ညီ အပြင်ထွက်ဖို့စဥ်းစားနေကတည်းက သော်တာငြိမ်ပြီးနားထောင်နေ၏။ Work from Home တွေများလာပြီး ဖုန်း ၊ ကွန်ပြူတာ စတဲ့ ပစ္စည်းကိရိယာတွေပိုအရောင်းသွက်လာသောကြောင့် သော်တာ့မှာ ဆိုင်ခဏခဏသွားရ၍ အပြင်ထွက်ဖြစ်သည်။ အပြင်တွင် ပိုးစတင်ပြန့်သည့်အချိန်ကလို လူအရမ်းနည်းမနေတော့ဘဲ တဖြည်းဖြည်းနှင့် အထဲအောင်းနေသော လူများလည်း mask တွေ Hand gelတွေ အစုံအလင်ဖြင့် အပြင်ထွက်နေကြပြီဖြစ်သည်။
အပြင်မထွက်ဖြစ်သော သူမတို့ကမူ ထိုအခြေအနေတွေကို မသိကြသေးဘဲ အရင်ဖြစ်ကာစ ကာလလို လူသူမရှိ ကားမရှိ ရထားမရှိလို့သာထင်ကြဆဲဖြစ်၍ သော်တာ ရယ်ချင်မိသည်။ အိမ်ထဲဆက်နေပါက ရူးဖို့သာကျန်တော့သည်မို့ အပြင်ထွက်ရန်စီစဥ်နေသည့် ခိုင်အိတို့၏စွန့်စားခန်းခရီးတိုတွင် သော်တာဝင်ပါမှဖြစ်​တော့မည်ဟု ကောက်ချက်ချလိုက်သည်။
"နင်တို့က ဒီနေ့သွားမှာလား...ဘယ်သွားမှာလဲ"
"ဒီနေ့သွားပြီး အခြေအနေတချက်ကြည့်မလို့လေ....ဆိုင်ဘက်လည်းမရောက်တာအတော်ကြာပြီလေ..."
"နင်..က ဆိုင်ပြန်ဖွင့်တော့မှာလား...online shop လုပ်နေတယ်မလား...ရောင်းရရဲ့သားနဲ့"
"ဆိုင်ကရောင်းအားကိုတော့မမီဘူး သော်တာရဲ့..နင်လည်း ကိုယ်တိုင်ဆိုင်ဖွင့်ထားတာကို...ငါကသာမဖွင့်ဘဲနေရင် ငါ့မိတ်တွေအကုန်ပါတော့မယ်ဟ...ကြာပါတယ်ကွာ..ခိုင် ဒီနေ့အားတယ်ဟုတ်...ငါနဲ့ဆိုင်ခဏလိုက်ခဲ့ပေးဟာ...နော်...ပြီးရင် အဲ့နားက ဖွင့်တဲ့ဆိုင်မှာ ဝင်စားကြတာပေါ့ ဘယ်လိုလဲ"
စန္ဒီနိုင်၏ စိတ်မြန်ချက်ကတော့ ရထားမမီ ကားမမီပါ။
"အိုကေတယ်...ကြိုက်တာလုပ်...ငါတနေကုန်အားတယ်..ထွန်းရှည်ကို ညနေမှလာခေါ်လို့ပြောခဲ့ပြီးသား...သူကလည်း အရေးကြီးလို့ပါမလာတာ မဟုတ်ရင်သူ့ကားနဲ့ဆို အဆင်ပြေတာပေါ့။"
"အေးဟာ...အိမ်ကအမောင်းသင်ခိုင်းတုန်းက သေချာသင်ခဲ့ရမှာဟာ...ကိုမင်းသူကလည်း သင်ပေးမယ်ဆိုတာကို ငါကိုက လမ်းမပေါ်မတက်ရဲတာဟ"
"ကိုမင်းသူကို ပြန်သင်ခိုင်းတော့ စန္ဒီ...ဘာလို့လဲဆိုတော့ အခုလိုကာလမျိုးမှာ ပိုးကြောက်လို့အိမ်ထဲနေတဲ့သူများတယ်မလား...အဲ့တော့ လမ်းမှာလူနည်း ကားနည်းတယ်လေ...ရန်ကုန်မြို့ကြီးထဲ ဒီလိုကားလမ်းရှင်းဖို့ဆိုတာ ညသန်းခေါင်ပဲရမယ်နော်...ခုလိုအခွင့်အရေးရတုန်း နင်ပြန်အမောင်းသင်ပါလား"
"အေးနော်...ငါပြောကြည့်မယ်လေ"
ခိုင်အိပေးသည့်အကြံကြောင့် စန္ဒီ့မျက်နှာလေး လင်းခနဲ လက်သွားသည်။ တစ်ယောက်သောသူကတော့ မျက်မှောက်ကြီးကျုံ့ကာ ကော်ဖီသောက်နေ၏။ စန္ဒီက ဖုန်းနံပါတ်တချို့ကို နှိပ်နေတုန်းမှာပဲ ဖုန်းကိုလှမ်းဆွဲလိုက်မိသည်။
"ကိုမင်းသူကိုမပြောနဲ့တော့...ငါသင်ပေးမယ်"
"ဘာ!" "ဘယ်လို...နင်က ငါ့ကို သင်ပေးမယ်?"
သော်တာခွန်း တည်တည်ငြိမ်ငြိမ်ပင် ခေါင်းငြိမ့်လိုက်သည်။ စန္ဒီနိုင်က တခုခု အဖြေရှာမရသလို မျက်ခုံးတန်းတွေ ဆွဲချုံ့၍ ​သော်တာခွန်းကိုကြည့်နေ၏။ ခိုင်အိကတော့ သူတို့နှစ်ဦးကိုကြည့်ကာ ထင်ကြေးပေးနေပြန်၏။
'မဟုတ်တော့ဘူးနော်....ဒီနှစ်ကောင် something တော့ something ပဲ'
"မသင်ပါဘူး...နင်နဲ့"
"ဘာဖြစ်လို့လဲ"
"နင်နဲ့ဆို ကားထဲမှာ သတ်နေရမှာ..ကားမောင်းတတ်မှာမဟုတ်ဘူး..ကိုမင်းသူနဲ့ပဲသင်မယ်"
"နင်စဥ်းစားလေ စန္ဒီမ...ကားမောင်းတတ်တာ ကိုမင်းသူပဲမဟုတ်ဘူး ငါလဲမောင်းတတ်နေတာကို ယောကျာ်းဆီက မသင်ဘဲ မတ်ဆီကသင်မယ်ဆိုတော့....နင့်မိဘတွေက ဘယ်လိုထင်ကြမလဲ"
"အင်း...အဲ့လိုတော့...."
"ပြီးတော့ ငါတို့နှစ်ယောက်ကိစ္စကို သိသွားရင် ဘယ်လိုလုပ်မလဲ...ဟင်"
သော်တာခွန်း၏ ခြိမ်းခြောက်မှုအောက်တွင် စန္ဒီနိုင် ဆွံ့အငြိမ်သက်သွားရသည်။ သူပြောတာလည်း မှားတော့မှားမနေပါ။ ​ယောကျာ်းတစ်ယောက်လုံးကားမောင်းတတ်တာကိုကျော်ပြီး မတ်ဖြစ်သူနဲ့ ကားမောင်းသင်ထွက်မည်ဆိုပါက သော်တာနှင့်ဟန်နီတို့က အေးဆေးဆိုရင်တောင် လူကြီးတွေအမြင်မှာ တစ်မျိုးဖြစ်နေမှာသေချာသည်။ သူတို့ဟန်ဆောင်လက်ထပ်ထားသည်ကိုပါ ရိပ်မိနိုင်ဖို့ များနေသည်မဟုတ်လား။ ဘယ်လိုမှ အသိခံလို့ဖြစ်သည့်ကိစ္စမို့လို့ စန္ဒီနိုင် စိတ်ရှုပ်ရဦးမည်။
"ဒေါ်စန္ဒီ အပြင်သွားမှာ ဒီနေ့နော်...ရှင် သွားမှာလား မသွားဘူးလား တခွန်းထဲပြော..မသွားရင် ကျမ ပြန်မယ်"
ခိုင်အိက ပြန်မယ်လုပ်နေ၍ ပြန်ဆွဲရသေးသည်။
"သွားမှာပါဆို နင်ဆိုသည်မှာလည်း...ငါတို့ကားငှားရမှာပေါ့နော်...ခဏလေး ငါ..."
"ငါလိုက်ပို့ရမလား...ငါဒီနေ့ အားတယ်"
"............."
အသိ taxi ကိုဆက်ဖို့ဖုန်းနံပါတ်ရှာနေတုန်း သူက အခုလိုပြောလာတော့ ဖုန်းကိုင်ထားသည့် စန္ဒီနိုင့်လက်က​လေးမှာ အောက်စိုက်သွားလေသည်။
"အင်း...ကျေးဇူး"
သူ့ နှုတ်ခမ်းထောင့်စွန်းလေးတွေ အနည်းငယ်တွန့်ကွေးသွားတာကိုမြင််လိုက်ရတော့ သူမ စိတ်လှုပ်ရှားမိသွားသည်။
'ဘာဖြစ်ချင်နေတာလဲဟာ...'
X
လမ်းမှာ မဖွင့်သည့်ဆိုင်ကများ၍ နေ့လည်စာစားဖို့အတော် ရှာယူခဲ့ရသည်။ ယခင် စားနေကျဆိုင်အများစုကလည်း ပါဆယ်စနစ်သာရသည်။ စန္ဒီနနိုင်နှင့်ခိုင်အိတို့သည် အပြင်ရောက်တုန်း စားသောက်ဆိုင်တွင် အေးအေးလူလူ ထိုင်စားရင်းစကားပြောချင်ကြ၍ ဆိုင်ရှာပုံတော်ဖွင့်ရပြန်သည်။ ရောဂါပိုး နည်းလာပေမယ့် ဆိုင်အများစုမှာ ထိုင်စားခွင့်မရသောကြောင့် အတော်တိုင်ပတ်သည်။ နောက်ဆုံးတော့ ကော်ဖီဆိုင်လေးတစ်ဆိုင်ရှာတွေ့သွားကြ၍ သူတို့ဝမ်းသာသွားရသည်။ သော်တာခွန်းလည်း ထိုအခါမှ သက်ပြင်းချနိုင်သည်။ နို့မို့ စိတ်မရှည်ချင်တော့။
ဆိုင်ထဲရောက်တော့ သော်တာခွန်းက စန္ဒီနိုင်နှင့်မျက်နှာချင်းဆိုင်တွင် နေရာယူလိုက်သည်။ခိုင်အိနှင့် စန္ဒီကရောက်တာနှင့် မီနူးကတ်ကိုယူကြည့်သည်။ ခဏနေတော့ waiter လေးရောက်လာပြီး မှာတော့သည်။
"ဟဲ့ နင်ဘာမှမမှာဘူးလား"
စန္ဒီ သော်တာ့ကိုမေးတော့ သော်တာဖုန်းပွတ်တာခဏရပ်လိုက်သည်။
"အင်း...အင်း Ice latte တစ်ခွက်"
မှာစရာကုန်သွားတဲ့နောက် Waiter လေးပြန်ထွက်သွားသည်။ စန္ဒီနိုင်သည် ကော်ဖီဆိုင်လေးကိုဝေ့ဝိုက်၍ကြည့်သည်။ အညိုနှင့်အဝါကို အခြေခံပြီး ပြင်ဆင်ထားသောကြောင့် နွေးထွေးပြီးသိမ်မွေ့သည့်ဓာတ်လေးကိန်းအောင်းနေသည်။ စားပွဲခုံလေးတွေက အဝိုင်းလေးတွေနှင့် စားပွဲတိုင်းတွင် Hand gelတစ်ဘူးစီရှိသည်။ စန္ဒီနိုင်သဘောအကျဆုံးကတော့ နံရံကပ်စာအုပ်စင်လေးအသေးလေးဖြစ်သည်။ ကော်ဖီလာသောက်ကြသူတိုင်း အဆင်ပြေသလိုဖတ်နိုင်ရန် စာအုပ်တချို့ကိုထားပေးထားသည်။ အပင်သေးလေးတွေကိုလည်း စင်ပေါ်တွင်အလှဆင်ထားသေး၏။
သို့ပေမယ့် စိတ်ထဲမှာ အဆင်မပြေနေတာကြီးက...သူမတို့စားပွဲပေါ်က ပိုက်လုံးတိုနှစ်ချောင်းနဲ့ပလက်စတစ်အကာ...။
"ဒါကြီးက ဘာလုပ်ဖို့ထားထားတာလဲဟင်.."
မျက်မှောင်ကြုံ့နေသောသူမကိုကြည့်ပြီး သော်တာပြုံးမိသည်။
"ကာထားတာလေ...နင်ကလဲ မြင်နေရက်သားနဲ့"
"အော် ဘာကိုကာတာလဲ...ဘာ့အတွက်သုံးတာလဲသိချင်တာလေ..ဘာလဲ ပိုးလား"
"အေးပေါ့ဟ...Corona Virus လို့ခေါ်တဲ့ နင့်ဘရီး မကူးအောင် ကာထားတာလေ.."
စန္ဒီ သော်တာ့ကို မျက်စောင်းလှမ်းထိုးလိုက်သည်။
"ပိုးက ဒီလက်တစ်တောင်စာ ပလက်စတစ်လေးနဲ့ မကူးတော့ဘူးတဲ့လား...အပြင်ထွက်တာနဲ့ ပိုးကလေထဲရှိနေတာကို...ဒါကြီးက ဘာအတွက်ကာထားတာလဲ..."
"သိချင် ဆိုင်ရှင်သွားမေး"
ဆရာမကြီးလေသံနှင့် မေးခွန်းထုတ်နေသော သူမသည် အခုလိုအချိန်မျိုးတွင် သော်တာနှင့် အဆင်ပြေမနေပါ။ စန္ဒီ အခုလို ပေါက်ပေါက်ရှာရှာတွေမေးလာတိုင်း သူ့ဘက်ကလည်းစကားကောင်းပြန်ပြောလေ့မရှိ၍ အခြေအနေပိုဆိုးရသည်ကများသည်။ အခုလည်း သူဘုပြောလိုက်၍ အခဲမကြေသောမျက်နှာ​လေးက စိတ်တိုနေပြန်သည်။
"ဆိုင်ရှင်မမေးချင်လို့ နင့်မေးနေတာလေ..ကျစ်! အာ့ပြောတာ နင်ကလေ ဘယ်တော့မှ ငါနဲ့ အကြောတည့်မှာမဟုတ်ဘူးသိလား..စကားကိုကောင်းကောင်းမဖြေဘူး ဘယ်တော့မှ...အာ့တောင် ငါက..."
စန္ဒီ ပြောနေရင်း ခတ္တရပ်သွားတော့...
"ငါက ဘာဖြစ်လဲ...ဆက်ပြောလေ"
"ဘာမှမဟုတ်ဘူး...ပြောလဲထူးလာမှာမဟုတ်ဘူး"
စကားကိုဆက်မပြောဘဲ ဖြတ်ချလိုက်၍ သော်တာခွန်းသိပ်မကျေနပ်။ ခိုင်အိက ဘာမှဝင်မပြောဘဲ အခြေအနေကြည့်ပြီး အအေးစုပ်နေ၏။ စားသောက်နေတုန်း ခင်နှင်းဆီ ဆီကဖုန်းဝင်လာ၍ စန္ဒီ ကိုင်လိုက်သည်။
"ဟဲလို မ..."
"................"
"ဟုတ်လား...ညီမအပြင်ရောက်နေတယ် ..ခဏနေရင် ဆိုင်ဘက်ဝင်ဖို့လည်းရှိတယ်"
".................................."
"ဟုတ်ဟုတ်"
ပြောဆိုပြီး၍ ဖုန်းချလိုက်သော် ခိုင်အိကမေးသည်။
"မနှင်းဆီလား"
"အင်း"
"ဘာတဲ့လဲ"
"အော်...ငါတို့ဆိုင်ကိစ္စလေး တချက်တိုင်ပင်ရအောင် ဆိုင်လာခဲ့ဖို့ပြောတာ"
"အော်...ငါ လိုက်လို့ရလား...ပျင်းလို့ ဟီးးး"
"ဘာလို့မရရမှာလဲ....ပိုတောင်ပျော်သေးတယ်..လိုက်ခဲ့ လိုက်ခဲ့"
"ငါရော...လိုက်ခဲ့ရမှာလား"
"အမ်...."
သော်တာခွန်းမေးတော့ စန္ဒီတို့ အနည်းငယ် ကြောင်သွားကြသည်။
"လိုက်ချင်...လိုက်ခဲ့ပေါ့"
ကောင်တာ ရောက်တော့ ခိုင်အိနှင့်စန္ဒီနိုင်တို့ ပိုက်ဆံရှင်းကြသည်။ သော်တာခွန်းက ကားမောင်းပြီးလိုက်ပို့ပေးသည့်အတွက် ကော်ဖီဖိုးကို စန္ဒီကရှင်းပေးလိုက်သည်။
"ကဲ သွားကြစို့"
ဆိုင်ကထွက်မည်အလုပ်တွင် သော်တာခွန်းဆီက ဖုန်းဝင်လာ၍ ကြည့်လိုက်သည်။ ဖုန်းကိုကြည့်ပြီးတွေဝေနေသည့် သူ့ကို စန္ဒီတွေ့တော့
"ဘာလုပ်နေတာလဲ..ဖုန်းကိုင်ဦးလေ"
"ဟင်..အင်း...ရတယ် မကိုင်လို့"
ဖုန်းမကိုင်ဘဲ Silent လုပ်ထားပြီး အိတ်ကပ်ထဲပြန်ထည့်လိုက်ကာ ဆိုင်အပြင်ထွက်ရန်ခြေလှမ်းဆက်လိုက်စဥ်တွင်....နာမည်ခေါ်သံတစ်ခုကြောင့် တုံ့ဆိုင်းသွားရသည်။
"ခွန်း....."
ခြေလှမ်းများရပ်တန့်သွားချိန်တွင် ခိုင်အိနှင့်စန္ဒီနိုင်တို့မှာ ရှေ့တွင်စကားပြောရင်းထွက်သွားကြ၍ သူ့ကိုသတိမထားမိကြ။ ခေါ်သံလာရာသို့လှည့်မကြည့်ခင် သော်တာ့စိတ်တွေလှုပ်ရှားလာ၏။
'မဖြစ်နိုင်လောက်ပါဘူး' ဆိုတဲ့အတွေးကိုသာ ဖိတွေးနေရင်းအရှေ့ကိုတစ်လှမ်းလှမ်းလိုက်စဥ်မှာပဲ...
"ခွန်း....တို့ပါ...."
"ဟင်...သေချာပြီ ဒါ....ဒါ..."
ဒုတိယအကြိမ်ကြားလိုက်ရသောအခါ အသံပိုင်ရှင်လေးကို မှတ်ဉာဏ်ထဲ ရင်ထဲကပါ အသိအမှတ်ပြုခဲ့ရသည်။ သူမသည် သော်တာခွန်း၏ အနက်ရှိုင်းဆုံး နှလုံးသားတနေရာထဲမှာ နစ်ဝင်နေခဲ့သော...အမှတ်တရများစွာနဲ့ အတူဖြတ်သန်းခဲ့ဖူးသော...အသက်နဲ့အမျှ ချစ်ခဲ့ရပါသော...နှင်းပွင့်စံ။
X

ကောင်းသောနေ့လေးပါ😘
စောစော အက်ပုဒိတ်လိုက်ပြီနော် 😁
MJ🍀

မတော်တဆ 🤍💋❤Tahanan ng mga kuwento. Tumuklas ngayon