Alarm မြည်သံကြောင့် အိပ်နေရာမှ နိုးလာခဲ့ရသည်။ ဦးနှောက်က နိုးပြီဟု ချက်ချင်း message ပို့လိုက်ပေမယ့် မျက်လုံးတို့ဖွင့်မရသေး။ ထိုစဥ် နှာခေါင်းဆီက ရင်းနှီးနေသော အငွေ့အသက်တို့ကိုရရှိနေ၏။ထို အငွေ့အသက်တွေဟာ မိမိထင်ထားသည်ထက် ပို၍နီးကပ်နေ၍ အနည်းငယ် သံသယဝင်မိသည်။ ဘယ်ရောက်နေလဲ...ဘယ်မှာအိပ်ပျော်သွားသလဲဆိိုတာတော့ မေ့သွားခြင်းမရှိ။ သို့ပေမယ့် နဖူးတဝိုက်တွင် တိုက်ခတ်နေသည့် လေငွေ့နွေးနွေးတို့က ဘယ်ကနေတိုက်ရသနည်း။
မျက်လုံးများကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်သောအခါ...
"ဟင်!"
သော်တာခွန်း၏ရင်ခွင်ထဲတွင် နစ်ဝင်နေသော သူမ။
အိပ်ရေးမဝသည့်မျက်လုံးတို့ ချက်ချင်းပြူးကျယ်သွားပြီး တကိုယ်လုံး ပူရှိန်းသွားရသည်။ အသိစိတ်တို့က ဒီနေရာကနေ မြူခိုးလို ပျောက်ကွယ်သွားလိုက်ချင်ပေမယ့်...မသိစိတ်ထဲမှာတော့ ထိုအခိုက်အတန့်လေးကို ဖက်တွယ်ကျေနပ်မိသလိုလို...။ အို....
'သူမနိုးခင် ငါအရင်ထမှဖြစ်မယ်' ဆိုတဲ့ အချက်ပေးစာတန်းကြီးက နဖူးတွေပူအောင် ဆက်တိုက် သတိပေးနှိုးဆော်လို့နေ၏။ တကယ်လည်း အဲ့ဒီလိုလုပ်မှသာ နောက်နေ့တွေအတွက်အဆင်ပြေပါလိမ့်မည်။
သူ့ကိုဖက်ထားသော မိမိ၏လက်ကိုတဖန်ဆုပ်ကိုင်ရင်းအိပ်မောကျနေဆဲ သော်တာခွန်းကိုခဏမော့ကြည့်လိုက်မိသည်။ တစ်စပ်တည်းမှာပင် ခုန်ပေါက်ပြေးလွှားနေသည့်ရင်ခုန်သံတို့ကြောင့် သူမ ပါးပြင်တို့နီရဲလာရသည်။
သူ့ရဲ့ မည်းမှောင်နေသည့် မျက်ခုံးတန်းများ...ကော့ရှည်မနေဘဲ မည်းနက်သည့် မျက်တောင်တိုစင်းများ...နောက်...ပုံကျလွန်းသည့်
ခပ်ထူထူ ပန်းရင့်ရောင် နှုတ်ခမ်းသားတို့ကိုငေးမိရင်းက...ပျံ့လွင့်နေသည့်စိတ်ကို မနည်းထိန်းကာ သူ့လက်ကိုအသာဖယ်လိုက်သည်။ ဖယ်ဖယ်ပြီးချင်း နိုးသွားမှာကြောက်၍ သူ့ကိုမော့ကြည့်ရသေးသည်။ ကံကောင်းလို့ တုတ်တုတ်မလှုပ်သည့် သော်တာခွန်းကိုကျေးဇူးတင်ရမည်။ နောက်တဆင့်အနေနဲ့ ခွဖက်ထားသော ခြေထောက်တစ်ဖက်ကိုပြန်ရုတ်ကာ ကုတင်ပေါ်မှအသာလေး ကုန်းထ၍ မတ်တပ်ထရပ်လိုက်သည်။ သော်တာခွန်းကတော့ လုံးဝမလှုပ်ဘဲ အိပ်နေဆဲမို့ စန္ဒီနိိုင် ထိုမှသာ သက်ပြင်းချနိုင်တော့သည်။ တခါထဲအခန်းထဲကနေ ခြေဖွဖွလေးနင်းလျှောက်ကာ အပြင်ကိုထွက်လာလိုက်သည်။ ထိုအချိန် စန္ဒီနိုင့်အဖြစ်ကိုကြည့်ရင်း တွန့်ကွေးသွားမိသည့် ကုတင်ပေါ်က သူ့အပြုံးတွေကိုတော့ သူမဘယ်လိုမှမြင်နိုင်မည်မဟုတ်။
ကော်ဖီထိုင်သောက်နေတုန်း သော်တာခွန်းဘေးမှာလာထိုင်၍ တဖက်ကိုမသိမသာလေး တိုးကပ်လိုက်သည်။ သားနဲ့သမီးကို အတူယှဥ်၍တွေ့နေရသောကြောင့် ဒေါ်မိုးဦးမှာ စိတ်ချမ်းသာလို့နေသည်။
"ညက ကောင်းကောင်းအိပ်ပျော်ကြရဲ့လား"
"အဟွတ် အဟွတ်ဟွတ်..."
အမေဖြစ်သူ၏စကားကြောင့် စန္ဒီ ကော်ဖီသောက်နေရင်း သီးသွားသည်။ သော်တာခွန်းက စန္ဒီနိုင်ကိုမကြည့်ဘဲ တစ်သျှူးကမ်းလိုက်တော့ လှမ်းယူကာ သုတ်လိုက်ရသည်။ ထို့နောက်
"ဟုတ်....ပျော်ပါတယ် အန်တီ....အန်တီရော အိပ်ရတာအဆင်ပြေရဲ့လား"
"ပြေတယ် သား...အန်တီ မနေ့က ပင်ပန်းသွားလို့လားမသိဘူး..ညက အိပ်တာ တချိုးတည်းပဲ..."
"ကောင်းတာပေါ့...အန်တီရဲ့...ညက စန္ဒီလည်း အန်တီ့လို တချိုးတည်းပဲ အိပ်သွားတာ...သူလည်းပင်ပန်းသွားတယ်နဲ့တူပါတယ်"
"ဖူး....."
"ဘယ်လို!"
ဒေါ်မိုးဦး၏ ပြူးကျယ်ထိတ်လန့်သွားသောမျက်လုံးများ၏အကြည့်တို့သည် စန္ဒီတို့ဆီ ဒိန်းခနဲရောက်လာသည့်အခါ ပေါင်မုန့်ဝါးနေသော သူမမှာ ပါးစပ်ထဲက ပေါင်မုန့်ဖက်များ လွင့်ထွက်ကုန်သည်အထိဖြစ်ကုန်၏။ လွင့်ထွက်သွားတဲ့ ပေါင်မုန့်စတချို့က သော်တာ့မျက်နှာပါစင်ကုန်၍ တစ်သျှူးယူကာသုတ်လိုက်ရသေးသည်။
"ဒီလိုပါ...မနေ့က စန္ဒီက တနေကုန်စာထိုင်ရေးတာဆိုတော့ညကပင်ပန်းပြီးအိပ်ပျော်သွားတယ်လို့ပြောတာပါ...ဟုတ်တယ်မလား စန္ဒီ"
'သော်တာခွန်း ဒီနေ့ကျမှ...ဘာစကားတွေပြောပြီးဘာစိတ်ဝင်နေတာလဲဟ!'
စန္ဒီနိူင် စိတ်ထဲကနေ ကျိန်ဆဲနေမိသည်။
ဟုတ်တယ်လေ...သူ့ကြောင့် အမေ ဘာမှဆက်မပြောရဲတော့ဘူး။ ရှက်လွန်းလို့ မျက်နှာတောင်မကြည့်ရဲတော့ဘူး။
ဒေါ်မိုးဦးမျက်နှာမှာ ပြုံးစိစိနှင့် သူတို့နှစ်ဦးကိုကြည့်နေ၍ သော်တာစိတ်ကိုတင်းထားနေရသည်။ တကယ်တော့ ညက သူ့ကိုတကိုယ်လုံးလှုပ်မရအောင် ခွဖက်ထားပြီး တညလုံး ဗလောင်ဆူကာ အိပ်မရအောင်လုပ်ခဲ့သည့် သူမကိုအပြစ်ပေးချင်၍ တမင်လုပ်နေခြင်းဖြစ်သည်။ သို့ပေမယ့် သူ့ဟာသူပြောပြီး စန္ဒီနိုင့်ကို အခုထိစေ့စေ့မကြည့်ရဲသေးပဲမျက်လုံးချင်မဆုံအောင်နေသည်။
"ငါ့သမီးက စာတွေပြန်ရေးနေပြီလား...စာရေးဆရာမကြီးလုပ်တော့မယ်ပေါ့"
"အာ....မဟုတ်ပါဘူး မေမေရယ်...အပျော်တမ်းရေးတဲ့အဆင့်ပဲရှိပါသေးတယ်။ စာရေးဆရာ ဖြစ်ဖို့မလွယ်ပါဘူးမေရယ်...ရေးတဲ့သူတွေအများကြီးရှိလာလည်း ထုတ်ပေးတဲ့သူရှိဦးမှ...အခုလိုကာလကြီးမှာ ဘယ်သူက စာအုပ်ထုတ်ပေးမှာလဲ"
"ကိုယ် ထုတ်ပေးမှာပေါ့"
ထူးထူးဆန်းဆန်း သူ့စကားကြောင့် စန္ဒီသူ့ကို အံ့သြပြီးကြည့်လိုက်မိသည်။ ဆက်မေးချင်ပေမယ့် အမေ့ရှေ့မှာမို့ မမေးဘဲငြိမ်နေလိုက်သည်။
မနက်စာစားပြီးနောက် အမေနှင့်အတူ မီးဖိုချောင်ဝင်ကြသည်။ ချက်ပြုတ်ပြီးသွားသောအခါ ဒေါ်မိုးဦးကိုလာခေါ်ဖို့ ကိုမင်းသူတို့လင်မယားရောက်လာကြသည်။ ထမင်းစားသောက်ပြီးနောက် ပြန်သွားကြ၍ ထုံးစံအတိုင်း သော်တာနှင့်စန္ဒီတို့သာကျန်ခဲ့တော့သည်။
မိသားစုဝင်တွေပြန်သွား၍ တစ်ဦးထဲငေါင်ငေါင်ကြီးဖြစ်ကျန်ခဲ့သော သူမမှာ မျက်နှာလေးညှိုးနေသလိုရှိသည်။ သော်တာသတိထားမိပေမယ့် သူကိုယ်တိုင်လည်း နေ့တိုင်းလိုလို အပြင်ထွက်နေရသောကြောင့် ဒီရက်ပိုင်း စန္ဒီတစ်ယောက်ထဲအိမ်မှာကျန်ခဲ့တာများသည်။ မနေ့ကတော့ သားအမိတွေ ပြောလိုက်ရယ်လိုက်နှင့်တနေ့လုံးဆူညံနေသလောက် ဒီနေ့မှာ တိတ်ဆိတ်ခြောက်ကပ်လွန်းသည်။ စန္ဒီနိုင့်မျက်နှာတွင် ဝမ်းနည်းစိတ်နှင့် လွမ်းဆွတ်မှုများရောယှက်နေ၏။
ညနေစာစားတော့ မဆာသေးဟုဆိုကာ အခန်းထဲကထွက်မလာခဲ့၍ သူ့မှာ စိတ်ပူရပြန်သည်။ ထမင်းစားရတာ ဘာလိုနေမှန်းမသိ။ ခါတိုင်း ထမင်းစားချိန်ဆို အခန်းထဲအောင်းနေသည့် သော်တာခွန်းကို ထမင်းအတူစားဖို့စန္ဒီခေါ်တတ်သည်။ အခုတော့ ခေါ်နေကျသူကထွက်မလာ၍ ထမင်းဝိုင်းလေးမှာ တစ်ယောက်ထဲ။ သော်တာခွန်း အကြံတစ်ခုရကာ စားလက်စကို လက်စသက်လိုက်သည်။ ထို့နောက် စန္ဒီနိုင့်အခန်းတံခါးကိုခေါက်လိုက်သည်။
"ဒေါက် ဒေါက် ဒေါက်"
တံခါးလာဖွင့်တော့ အားမရှိသလိုမျက်နှာလေးနှင့်သူ့ကိုကြည့်သည်။
"ဘာလဲ"
"ဒီနေ့ ဘာဟင်းချက်တာလဲ"
တကယ်က ဘာပြောရမှန်းမသိ၍မေးလိုက်ခြင်း။
"ငါ့အမေချက်ပေးသွားတယ်မလား...ကြက်သားဟင်း...ဒါနဲ့ စောနကပဲ ငါ့ကိုထမင်းစားဖို့လာခေါ်တာမဟုတ်ဘူးလား"
"မစားရသေးလို့ပေါ့ဟ...နင်ကလည်း...ငါကြက်သားဟင်းမစားချင်ဘူး"
"မစားချင်...ကြက်ဥကြော်စားပါလား...ဘာတွေလာမေးနေလဲမသိဘူး..တကယ်ပါပဲ"
စန္ဒီနိုင်က တံခါးပြန်ပိတ်မယ်အလုပ်တွင် သော်တာခွန်းကခြေထိုးခံလိုက်သည်။ ဘာလုပ်တာလဲ ဆိုတဲ့အကြည့်စူးစူးတို့ဖြင့် သူ့ကိုကြည့်သည်။
"ကြက်ဥကြော်စားချင်မှတော့ နင့်လာပြောတော့မလား...ငါ့ဟာငါကြော်စားမှာပေါ့"
"အခုဘာဖြစ်လို့လဲ"
"ငါတို့ တခုခုမှာစားရအောင်"
"ငါမစားတော့ဘူး..နင့်ဟာနင်ကြိုက်တာမှာလိုက်လေနော်..ဒါပဲ ငါစာရေးနေလို့"
"ဟာ နေအုံးလေ...အ"
"ဟယ်...ဘာဖြစ်တာလဲ ထိသွားတာလား"
ရုတ်တရက် တံခါးဆွဲပိတ်လိုက်သည့်သူမကြောင့် သော်တာ့ခြေမ တံခါးနဲ့ညှပ်မိပြီး အီစိမ့်သွားသည်။ စန္ဒီနိုင်မှာ လန့်သွားပြီး အပြင်သို့ထွက်လာကာ သော်တာခွန်းကို ကိုင်ထားသည်။ ခြေထောက်တဖက်နာသွား၍ ဟန်ချက်ပျက်ပြီး တဖက်ကိုယိုင်မလိုဖြစ်သွားသောကြောင့် သူ့ပုခုံးတွေကိုလှမ်းထိန်းပေးရန်ကြိုးစားပေမယ့် တကယ်တမ်းက စန္ဒီနိုင့်ခါးပေါ်သို့ လက်တစ်ဖက်ရောက်လာတော့သည်။
ရဲ ခနဲ နီမြန်းသွားသော ပါးမို့မို့လေးတွေနှင့် နီးကပ်သွားသောကြောင့် သူ့ရင်တွေ တဒိန်းဒိန်းပစ်ခုန်သွားရသည်။ ဝိုင်းစက်သွားသော မျက်လုံးလေးများ၏အပေါ်က မထူမပါးသော မျက်ခုံးတန်းညိုတို့...ထို့နောက် လန့်သွား၍ မပွင့်တပွင့်ဟနေသည့် ပန်းနုရောင်နှုတ်ခမ်းပါးတို့ကို မနေ့ညကလို ဦးနှောက်က အလိုလို စကန်ဖတ်နေမိသည်။
ငါးစက္ကန့်မျှ အရာအားလုံးရပ်တန့်တုံ့ဆိုင်းသွားပြီးတဲ့နောက်မှာ နှစ်ဦးသား သတိပြန်ဝင်လာကာ ခပ်ခွာခွာနေလိုက်ကြသည်။ ပန်းရောင်သန်းနေဆဲ သူမက အခန်းထဲပြန်ဝင်ဖို့လုပ်တော့
"ဘာလဲ...စောနကလို နောက်တခေါက် ထပ်ဖြစ်ချင်လို့လား ဟမ်"
"ဟမ်...ဟင့်အင်း"
သူလှမ်းပြောသည့်စကားကြောင့် စန္ဒီနိုင် ထွက်လာခဲ့ရသည်။ သူမကိုကျောပေးပြီး ကြေးအိုးဆိုင်ဖုန်းဆက်နေသည့်သော်တာခွန်းကို အနောက်ကနေ မကျေနပ်ဖြစ်နေ၏။
'တကယ်ပါ ဒီရက်ပိုင်း ဒီကောင့်ကြောင့် ရင်ထဲတလှပ်လှပ်နဲ့....ကောင်းကောင်းကိုမနေရဘူး'
X
ဝက်ကြေးအိုးဆီချက်ပူပူကြီးကို မှုတ်၍ အားရပါးရ စားနေသော စန္ဒီနိုင်ကိုကြည့်ရင်း သော်တာစားဖို့ပင်မေ့သည်။ ပလုတ်ပလောင်းနဲ့ ကြိတ်နေသည်မှာ ကလေးတစ်ယောက်လို ချစ်ဖို့ကောင်းသလို ရယ်လဲရယ်ရသည်။
"အော်...မစားချင်လို့ပဲနော်...အင်း အင်း"
"အွန်....အွန်း"
သော်တာ့ဆီက ခပ်တိုးတိုး ကြားလိုက်ပေမယ့် ဘာပြောမှန်းသေချာမသိ။ လောလောဆယ် ဟာနေတာကို အမီဖြည့်ဖို့သာခေါင်းထဲရှိသည်။ တကယ်တော့ နေ့ခင်းစာ နည်းနည်းပဲစားထား၍ စန္ဒီဗိုက်ဆာနေခဲ့သည်။ အခုထိ ရင်တုန်တာကောင်းကောင်းမပျောက်သေးသောကြောင့် သူနဲ့မျက်နှာချင်းမဆိုင်တော့ဖို့တွေးပြီး အခန်းထဲကြိတ်မှိတ်နေရင်း စာထိုင်ရေးနေတာဖြစ်သည်။ စားစရာရှေ့ရောက်ရင် တင်းထားသမျှအကုန်ကွာကျကုန်သည်မှာ သူမစရိုက်တစ်ခုဖြစ်သည်။
သော်တာခွန်းက ဖြည်းဖြည်းသာဝါးရင်း အားရပါးရ လွေးနေသည့်သူမကိုကြည့်နေ၏။
"ကောင်းလား"
"အွန်း..."
"မနေ့ညကရော...ကောင်းလား အိပ်လို့"
"အွန်...ဘာပြောတယ်"
ပလုတ်ပလောင်းဝါးနေသည့်သူမ သူ့ကြောင့် နင်သွားသည်။ ချက်ချင်း မျက်နှာတပြင်လုံး ရဲတက်သွားကာ...
"ဟဲ့ နင့်စကားက ဘာစကားကြီးလဲ...ရှင်းရှင်းပြော စကားကို..."
"ရှင်းရှင်းပြောတာပဲလေ...ညက ငါ့တကိုယ်လုံးကိုခွဖက်ပြီး အသေကောင်လိုအိပ်ရတာ ကောင်းရဲ့လားလို့"
"သော်တာခွန်း! ငါဘယ်တုန်းက နင့်ကိုဖက်အိပ်လို့လဲ.."
ထိုအခါ သော်တာခွန်း ကိုင်ထားသည့်တူကိုအောက်စိုက်လိုက်ကာ သူမမျက်လုံးတွေကိုသေချာစိုက်ကြည့်နေသည်။
"တကယ်မမှတ်မိဘူးလား"
"ဟင့်အင်း"
သူမ စိတ်ထဲမှာတော့...
'မမှတ်မိဘဲနေမလား...ဒီလောက် ယောက်ယက်ခတ်သွားတာကို...'
သူမ တကယ်ပဲ မမှတ်မိတော့တာလား။
သော်တာခွန်း အနည်းငယ် စိတ်ပျက်သွားသည်။
'ဒီလောက် အနီးကပ်ရှိခဲ့တာကို ဘာမှမမှတ်မိဘူးဆိုတာမဖြစ်နိုင်။ ရှက်ရှက်နှင့် လိမ်ပြောနေတာများလား။ ဒါမှမဟုတ် စန္ဒီ တကယ်ပဲမမှတ်မိတာလား။ ဒါဆို ညက တညလုံး အိပ်မရဘဲ ရင်ခုန်ဝုန်းဒိန်းကြဲနေခဲ့တာ ငါတစ်ယောက်ထဲလား။'
အတွေးကမ္ဘာထဲနစ်နေသူ သော်တာခွန်း သူမကိုစိုက်ကြည့်နေ၍ မနေတတ်တော့။ လက်ထဲကတူကို သူ့မျက်စိရှေ့တွင် ဝှေ့ယမ်းပြတော့မှ ပြန်သတိဝင်လာတော့သည်။
"ဟဲ့ ဘာကြည့်တာလဲ။ စားလေ"
"ဟင်...အင်း..."
စားသောက်ပြီးသော် စန္ဒီနိုင်ကပန်းကန်တွေဆေးပြီး သော်တာခွန်းက သန့်ရှင်းရေးလုပ်သည်။ နှစ်ယောက်သား စကားမပြောဘဲအချိန်တစ်ခုစာ
ကိုယ့်အလုပ်ကိုယ်လုပ်နေရင်းက စန္ဒီ တခုခုကိုသတိရသွားဟန်ဖြင့်ပြောသည်။
"ငါနင့်ကိုမေးရဦးမယ်"
"ဘာမေးမလို့လဲ"
"မနက်က နင်ငါ့ကိုပြောတယ်လေ...စာရေးတဲ့ကိစ္စ.."
"အင်း...စာအုပ်ထုတ်ပေးမယ်တောင်ပြောလိုက်သေးတယ်လေ.."
"အင်း....အာ့မေးမလို့....ဘာလို့ လိမ်ပြောလိုက်တာလဲ"
"ငါလိမ်ပြောတာလို့ ဘာလို့ထင်ရတာလဲ...ငါကဘာလို့နင့်ကိုလိမ်ပြောရမှာလဲဟ"
"နင့်အလုပ်က....အဲ့ဒါမှ မဟုတ်တာ...ငါသိတာပေါ့..နင်ကလဲ"
သော်တာခွန်း သန့်ရှင်းပြီးသောအခါ အိမ်ရှေ့က ပြတင်းပေါက်နားတွင်မတ်တပ်ရပ်နေသည်။
ထို့နောက် ဆေးလိပ်တစ်လိပ်ကိုမီးညှိကာ တစ်ဖွာဖွာလိုက်ပြီး ပြတင်းပေါက်ဘောင်တွင် လက်ကိုတင်ထားသည်။
"အင်း...င့ါအလုပ်က အဲ့ဒါတော့မဟုတ်ဘူး..ဒါပေမယ့် ငါ့အဖေကတော့ နင့်ကိုကူညီပေးနိုင်မယ်ထင်တယ်...ငါ့အဖေက...ဇာတ်ညွှန်းရေးဆရာလေ"
"ဘာ!"
မထင်မှတ်ထားသည့်စကားကြောင့် စန္ဒီအံ့သြထိတ်လန့်သွားသည်။ သော်တာခွန်းဆီက သူ့အဖေအလုပ်နှင့်ပတ်သက်ပြီး ကြားဖူးသည်မှာ ပထမဆုံးလည်းဖြစ်သည်။
"တကယ်? အန်ကယ်က....ဇာတ်ညွှန်းရေးတယ် ဟုတ်လား"
"ဟုတ်ပါတယ်ဆို ငါကနင့်လိမ်ရမလား"
"ဘယ် ဘယ်ကားမှာရေးတာလဲ"
"တလောက Channel တစ်ခုမှာ ပြသွားတဲ့ series သိတယ်မလား....၇ နာရီ ပြတာလေ..အဲ့ဒါ ငါ့အဖေရေးတာပဲ။"
"ဟာ...ဒါ ဒါ ငါအစအဆုံးကြည့်ဖြစ်တဲ့ series ပဲ...ငါတော်ရုံ မြန်မာကားမကြည့်တဲ့သူတောင် အဲ့ကားကို တော်တော်သဘောကျတာ..အဲ့ဒါ နင့်အဖေရေးတာတဲ့လား...ပျော်လိုက်တာ"
"နင်က ဘာလို့ပျော်တာတုန်း....နင်ရေးတာလဲမဟုတ်ဘဲနဲ့"
"ငါရေးတာတော့မဟုတ်ဘူးလေဟာ...ဒါမယ့် ငါ့အသိုင်းအဝိုင်းထဲမှာ ဒီလို စာရေးဆရာတစ်ယောက်ရှိနေတာ ကောင်းတာပေါ့.."
"မကောင်းပါဘူး"
"ဟင်..why?"
သော်တာမတ်တပ်ရပ်ရာက ဝင်ထိုင်လိုက်သည်။
လက်မှာ ညှပ်ထားဆဲဆေးလိပ်တိုကို ပြာခွက်ထဲစိုက်ထည့်လိုက်ကာ...
"ဘာမှမသိတော့လို့"
"ဟင်..ဘာကိုဘာမှမသိတာလဲ"
"ငါ့အဖေလေ...အမြဲတမ်း ခရီးတွေထွက်နေရတော့ ငါတို့သားအမိအကြောင်း မသိတော့ဘူးပေါ့...အိမ်မှာ ဘာတွေဖြစ်နေလဲ ဘာတွေလိုအပ်နေလဲ သူမသိတော့ဘူး"
သော်တာ့မျက်ဝန်းဆီက အရိပ်တချို့ကို သူမလှမ်းမြင်နေရသည်။ သူက ပြတင်းပေါက်ဘက်ကိုသာ ဆေးလိပ်ငွေ့တွေ လွှင့်ထုတ်နေ၏။ သူတို့စကားဝိုင်းလေးအဆုံးသတ်ပြီ ဆိုသော အမူအရာဖြင့် စန္ဒီနိုင် အလိုက်တသိ အခန်းထဲပြန်ဝင်ဖို့ပြင်နေစဥ်...
"အိပ်တော့မှာလား"
"အင်..အင်း..."
တကယ်တော့ ဒီအချိန်က သူမအိပ်ချိန်မဟုတ်ပါ။ သော်တာ တစ်ယောက်ထဲနေချင်မလားဆိုတဲ့စိတ်ကူးကြောင့်သူမ ဖယ်ပေးဖို့တွေးမိခြင်းသာ။
"အိပ်တော့ မအိပ်သေးပါဘူး...ဟိုဟာ..."
ဘယ်လိုဖြေရင်ကောင်းမလဲ တွေးနေတုန်း သူက...
"ငါနဲ့အတူ..ဒီမှာ ခဏလောက်ထိုင်ပေးပါလား"
နူးညံ့သည့် စကားသံလေးနောက်မှာ စိတ်လှုပ်ရှားမှုတို့ ကပ်ပါလာခဲ့သည်။ သူတို့နှစ်ဦး အကြည့်ချင်းဆုံမိသလိုဖြစ်နေသည်။ တအိမ်လုံးလည်းတိတ်ဆိတ်လို့နေ၏။
"ဘာလို့လဲ"
သူမ အဖြေကိုကြိုခန့်မှန်းကြည့်သည်။ အမြဲတမ်း အတည်ပေါက်နဲ့နောက်တတ်လွန်းသူကြီးမို့ ပေါက်ကရအဖြေတချို့သာ ခေါင်းထဲရောက်လာ၏။ သို့ပေမယ့်...
"နင်နဲ့အတူ စကားတွေပြောချင်လို့"
မထင်ထားသော အဖြေတစ်ခုမို့ အံ့သြမိသော်လည်း သူမကိုတည့်တည့်ကြည့်နေသော သော်တာ့ရှေ့မှာ ဟန်မပျက်ဘဲ ထိန်းချုပ်နိုင်ခဲ့သည်။ သို့ပေမယ့် ခုန်နေသော နှလုံးသား မပါ။
ဒီညမှာ သူမတွေ့မြင်နေသူက ငယ်သူငယ်ချင်း သော်တာခွန်း မဟုတ်ဘဲ နှစ်တွေအကြာကြီးနေမှ တဖန်ပြန်ပေါ်လာသည့် သူမ တိတ်တခိုးချစ်ရသူ သော်တာခွန်းအဖြစ်နဲ့...သူမဆီ လုံးဝပြန်လည်အသက်ဝင်လာခဲ့လေသလား။ ခံစားချက်ကို အသိစိတ်တို့က တဖန်ပြန်အနိုင်ယူဦးမှာလား ဆိုတဲ့ မေးခွန်းတွေက စန္ဒီနိုင့်ကို ဖြည်းဖြည်းချင်း စိုးမိုးလာရင်းနဲ့.......။
X
MJ11
Long time no see my little ones! 😊
I'm back again!
🍀🍀🍀
Pls don't forget to ⭐
KAMU SEDANG MEMBACA
မတော်တဆ 🤍💋❤
Romansa"လည်ပင်းဖက်ပြီးပေါင်းလာတဲ့ bff အဖွဲ့လေးထဲကို တနေ့တော့ အချစ်ဆိုတဲ့ အုန်းသီးတစ်လုံး ပြုတ်ကျလာခဲ့တယ်။ အုန်းသီးတစ်လုံးဟာ မျောက်တွေအတွက်တော့..... တကယ့် 'ငစား' ပဲ။ အထူးသဖြင့် ကျွန်တော်နဲ့ သူမ အတွက် ဆိုပါတော့။" Pandemic ကာလအတွင်းကိုအခြေခံရေးထားတဲ့ Quaran...