ကျွန်တော့်မျက်နှာချင်းဆိုင်က ကော်ဖီကို အေးအေးဆေးဆေး သောက်နေတဲ့ သူမ။ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ဖို့ခက်နေတဲ့ ကျွန်တော်။ ကျွန်တော်တို့နှစ်ယောက် ကော်ဖီဆိုင်လေးရဲ့အလယ်ဝိုင်းတစ်ခုကိုရောက်နေကြတယ်။
ကျွန်တော် ကိုယ့်ကိုယ်ကို သွေးအေးတယ်လို့ ခံယူလာခဲ့တယ်။ ဒါပေမယ့် တကယ်တမ်းမှာ ကျွန်တော့်ထက်ပို သွေးအေးတဲ့ အမျိုးသမီးရှေ့ရောက်တော့ အနည်းငယ် လောင်နေမိတယ်။ ဟိုလို ရှူးရှုးရှဲရှဲ ဒေါသဖြစ်နေတာမျိုးမဟုတ်ဘဲနဲ့ တမြေ့မြေ့လောင်ကျွမ်းနေတာမျိုး။
ဒါမျိုး ဖြစ်ဖို့လိုအပ်လား ထပ်စဥ်းစားတယ်။ တက္ကသိုလ်ကျောင်းသားဘဝကနေ ဘွဲ့ရတဲ့အထိတွဲလာခဲ့တဲ့ သက်တမ်းအကြာဆုံးနဲ့ ကျွန်တော်ပထမဆုံး နှစ်နှစ်ကာကာ ချစ်မိတဲ့ မိန်းကလေး။ တနေ့မမြင်ရရင် အဆင်မပြေပါဘူး ဆိုတဲ့သူမကပဲ တနေ့မှာ ကျွန်တော့်ကိုနှုတ်ဆက်ပြီး ဘဝသစ်ကိုသွားခဲ့တယ်။ ဥရောပနိုင်ငံမျိုးမှာ ပညာသင်ခွင့်ရပြီး အခြေတကျနေချင်တာ သူမအိပ်မက်တဲ့။ အိပ်မက်တွေကိုအကောင်အထည်ဖော်ပေးနိုင်မယ့်သူတစ်ယောက်ကိုရွေးချယ်ပြီး ကျွန်တော့်ကို အစိမ်းသက်သက် ဖြတ်ခဲ့သော မိန်းမ။
အခုချိန်မှာ ကျွန်တော့်မျက်နှာချင်းဆိုင်က အရည်လဲ့နေတဲ့ တောက်ပနေတဲ့မျက်လုံးတွေဟာ ကျွန်တော့်ဆီက တစ်ခုခုကိုလိုချင်နေပြန်တယ်။ ခဏလောက် စကားပြောရအောင်ဆိုလို့ ကျွန်တော်ထွက်လာခဲ့တယ်။ အပြာရင့်ရောင် ဆွယ်တာလေး...အဲ့ဒီဆွယ်တာလေးက ကျွန်တော့်ခေါင်းထဲမှာ အချိန်ပြည့်နေရာယူထားတယ်။
"အဆင်ပြေရဲ့လား ခွန်း"
ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တယ်။ နှင်းပွင့်စံ ဆီမှာ ကျွန်တော့်ကိုပြောချင်တဲ့စကားတွေ များနေတဲ့ပုံပေါ်တယ်။ သူမကြည့်ရတာ မေးဖို့ကို တစ်စုံတစ်ရာကတားဆီးနေသလိုမျိုး။ ကျွန်တော့်မှာက သူမကိုမေးချင်တဲ့ မေးခွန်းတစ်ခုသာရှိတယ်။
"ဘာလို့ပြန်လာတာလဲ"
"ဟင်"
မထင်ထားတဲ့အချိန်မှာမေးလိုက်တဲ့မေးခွန်းမို့ ရုတ်တရက် ကြောင်သွားတယ် ထင်ပါရဲ့။
သွေးရောင်လေး ရဲတက်သွားတဲ့ သူမမျက်နှာလေးက ကျွန်တော် မမြင်လောက်မယ့်အနေအထားမျိုးနဲ့ လှစ် ခနဲပြုံးလိုက်သေးတယ်။
"ဟို...ကိစ္စ...လေးတွေ ရှိလို့ပါ"
"အော်...."
"ပြီးတော့....."
".............."
"လာဝန်ခံချင်လို့"
ဝန်ခံချင်လို့ ဆိုပဲ။ ဘာကိုဝန်ခံမှာလဲ။
ကျွန်တော့်ကိုထားပြီး ထွက်သွားတာအတွက်လား။ သူမဟာ အတ္တကြီးတဲ့မိန်းမတစ်ယောက်ဆိုတာကိုလား။
"ဘာကို"
မျက်နှာလေးအနည်းငယ်ညှိုးသွားတဲ့အခါ မျက်တောင်ကော့ရှည်ကြီးတွေကိုပါ ဖြည်းဖြည်းလေး ချလိုက်တယ်။ သူမဟာ အရင်လို ကော်ပတ်ရုပ်လေးပါပဲ...။
"ခွန်း မဟုတ်တဲ့ တခြားလူနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာကို...."
'အော်...'
မထင်ထားတဲ့အဖြေတစ်ခုဆိုပေမယ့် ကျွန်တော် အနည်းငယ်သာ စိတ်လှုပ်ရှားခဲ့တယ်။ အရင်လို သူမရဲ့ဖြစ်တည်မှုတိုင်းမှာ စိတ်လှုပ်ရှားနေမိတဲ့ ယောကျာ်းတစ်ယောက်လိုတော့ မဟုတ်။
လေးလေးနက်နက်ပြောလာတဲ့ ထိုစကားတွေကို ကျွန်တော် ပေါ့ပျက်ပျက်သဘောမထားပေမယ့် ဘာကြောင့်များ စိတ်ထဲကနေကို လေးနက်မနေရတာလဲဆိုတာ ကိုယ့်ကိုယ်ကိုတောင် သံသယဝင်နေမိပြီ။
နှစ်ဦးသဘောတူထားတဲ့ ကိစ္စလို့ အချင်းချင်း ကတိပေးထားပေမယ့် နှင်းပွင့်စံ ကျွန်တော့်ကိုအဲ့ဒီစကားတွေပြောတဲ့အချိန်မှာ
"ငါ့မှာ အိမ်ထောင်ရှိတယ်"
လို့ ဖြတ်ပြောချင်နေတာပဲ။
"အနှင်း....အခုချိန်မှ ဒါတွေလာပြောနေတယ်ဆိုတာ ဟာသဖြစ်နေပါပြီ..အနှင်းသိပါတယ်...ဒါပေမယ့် ခွန်းကိုတွေ့ရင် ပြောကိုပြောမှရမယ်လို့ ကိုယ့်ကိုယ်ကို အားတင်းပြီး ဒီအထိရောက်အောင်လာခဲ့တာမို့လို့ပါ။"
ကျွန်တော် သူမကို တည့်တည့်မကြည့်မိဘူး။
"အနှင်းတို့.....အရင်လို ပြန်မဖြစ်နိုင်တော့ဘူးလားဟင်...."
"ကိုယ်....."
"မဖြစ်နိုင်ဘူးဆိုရင်လဲ အနှင်းစောင့်မယ်....အမှန်တိုင်းပြောရရင် ဒီလို Covid ကာလကြီးမှာ ရတဲ့လေယာဥ်စီးပြီး ပြန်လာရတဲ့အကြောင်းရင်းက...ခွန်းကိုတွေ့ချင်လို့ပဲ"
"..............."
ဘာဖြစ်သွားတာလဲ။
ကျွန်တော့်ကိုယ်တွင်းထဲမှာ ချော်ရည်ပူလှိုင်းကြီးထသွားသလို ပူခနဲဆင်းသွားတယ်။ ကျွန်တော် စောနကအထိ သူမကို သာမန်လိုသဘောထားဖို့ အတင်းကြိုးစားယူခဲ့ပေမယ့်...အခုလို သူမဆီက မမျှော်လင့်ထားတဲ့ စကားတွေကြားလိုက်ရချိန်မှာ တင်းလေသမျှ လျော့ခွေရတာပါပဲ။ အထဲမှာ ဂယက်ရိုက်နေပေမယ့် အပြင်ပန်းကြည့်ရင် ကျွန်တော့်ပုံစံမှန်ကို ဘယ်သူမှ မမှန်းနိုင်လောက်ဘူးထင်တယ်။
သူမ..သူမ တကယ်ပဲ....ကျွန်တော့်ကြောင့် ပြန်လာတာလား။
သံသယမေးခွန်းတွေနဲ့ သူမကို ငေးနေမိတယ်။
X
"ဟဲလို...စန္ဒီ.....ညီမလေး...ဟဲလို"
တဖက်က ဖုန်းမချသေးဘဲ ခေါ်၍မရတော့သဖြင့် ခင်နှင်းဆီ အလွန်စိတ်ပူသွားမိသည်။ သူမ ပြောပြတာပဲ စောများစောလွန်းနေသလား။ သေချာ အပြင်မှာ မျက်နှာချင်းဆိုင်တွေ့ပြီး အေးဆေးပြောပြလိုက်ရမှာလား...မဝေခွဲတတ်တော့။
ထားလိုက်ပါတော့.....။
ပြောသင့်တယ်ထင်၍ပြောလိုက်ပြီးပြီမို့ ဝေခွဲမရဖြစ်နေလည်း အလကားပင်။ ထိုစဥ် ဖုန်းထဲက message မြည်သံကြောင့် ဖုန်းကိုယူကြည့်လိုက်တော့။
"မောင် မကိုပြောပြချင်တာရှိတယ်။ မ ဆီလာနေပြီနော်။"
ဖတ်လိုက်ရသည့်စာကြောင့် သူမ အနည်းငယ် စိတ်ရှုပ်သွားရသည်။ နားထောင်ဖို့မလိုအပ်တော့သည့်နောက် သူဘာတွေပြောပြချင်သေးတာလဲ။
"မလာနဲ့ အိပ်ပြီ"
တိုတိုပြတ်ပြတ်ပဲ စာပြန်လိုက်ပြီးနောက် ပြတင်းပေါက်ထပိတ်ဖို့လုပ်သည်။ ညကောင်းကင်ပေါ်က လခြမ်းကွေးလေးဟာ ငြိမ်သက်စွာပဲ တောက်ပနေ၏။ လမင်းကြီးကိုကြည့်ရင်း သူမ သက်ပြင်းချမိလိုက်သည်။ အသက် သုံးဆယ်မပြည့်ခင် တစ်ညအလိုက သူမကိုယ်တိုင် ဆုံးဖြတ်ထားခဲ့ဖူးသော ဆုံးဖြတ်ချက်များ။
"ငါ အသက် သုံးဆယ့်သုံး ပြည့်လို့မှ နောက်ထပ် ချစ်ရမယ့်သူဆိုတာ ပေါ်မလာခဲ့ဘူးဆိုရင်...အဲ့ဒီနေ့ကစပြီး...ငါဘယ်သူ့ကိုမှ ချစ်ဖို့မကြိုးစားတော့ဘူးလို့ ငါ့ကိုယ်ငါ ကတိပေးတယ်...."
ထိုညက လမသာပါ။ လေငြိမ်ပြီး အရာအားလုံးတိတ်ဆိတ်နေသည့် ညတွင် မြင်သမျှဟာ ပိန်းပိန်းမှောက်လို့နေသည်။ အချစ်ဟာ သူမအတွက်တော့ အချိန်မမှန်သည့် ဘက်စ်ကားတစ်စီးလို သူမဘဝထဲသို့ နောက်ကျဝင်ခဲ့သည်။
အသက် နှစ်ဆယ့်ခုနစ်အရွယ် မိန်းကလေးတစ်ဦး၏နှလုံးသားထဲတွင် ထိုစဉ်က ရူးခါနေအောင် ချစ်ရဖူးသူတစ်ယောက်ရှိခဲ့ဖူးသည်။ ဝါသနာတူ၊ စိတ်တူကိုယ်တူ ရုံမက သက်တူရွယ်တူပင်ဖြစ်နေသောသူတို့နှစ်ယောက်သည် ဘဝ၏ နှစ်လရက်တချို့တွင် အရာရာထပ်တူကျဖူးသည်။ လူတိုင်းကပြောသည့် 'နတ်ဖတ်သောစုံတွဲ' ဆိုတာ ခင်နှင်းဆီဘဝတွင် အမက်မောရဆုံးဘဝလေးတစ်ခုဖြစ်ခဲ့ရသည်။
လောကမှာ ဘယ်အရာများ မြဲမှန်နေဦးမှာလဲ ဆိုတဲ့မေးခွန်းကို သက်သေထူဖို့ ခင်နှင်းဆီသည် ချစ်သူကို အစွမ်းကုန်ယုံစားရင်း မျက်စိနှစ်ဖက်ကိုစုံမှိတ်ကာ သူခေါ်ရာလိုက်ပါခဲ့သည်။ လူ့မျက်နှာဖုံးတစ်ခု ကွာကျသွားသည့်အခါ ချစ်ရသူ၏ ဖုံးကွယ်ထားသော အစွယ်တွေကို အံ့အားသင့်စွာ မြင်တွေ့ခဲ့ရသော ခင်နှင်းဆီမှာ ကိုယ့်ဆူးတွေနှင့် ပြန်ဆူးပြီးရင်းဆူးခဲ့ရသည်။ နောက်ထပ် အချစ်ဆိုတာကို အယုံအကြည်မရှိတော့သည့်အပြင် သိပ်ကြောက်သွားခဲ့ရသည်။ အမြဲတမ်း သွက်လက်တက်ကြွနေသူက နှုတ်ဆိတ်အေးစက်သွားသည်။ အရင်လို ဝေဒနာကို ရှေ့တန်းမတင်နိုင်အောင် သူမအများကြီး ရင့်ကျက်ခဲ့ရသည်။ တန်ဖိုးရှိသည့် ပန်းကလေးအဖြစ် ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတတ်အောင် သင်ကြားခဲ့ရသည်။ သို့ပေမယ့်.....။
'မ ' တဲ့။ မြင်ကတည်းက ယနေ့ချိန်အထိ သူမကိုတွေ့တိုင်း သူစိတ်မထိန်းနိုင်စွာ ထိုနာမည်လေးကိုခေါ်မိသည်။ သူမထက် သုံးနှစ်ငယ်သော ထိုယောကျာ်းတစ်ယောက်သည် သူမတင်းကြပ်စွာပိတ်ထားသော တံခါးကို အချိန်တိုအတွင်း ဖွင့်ဟနိုင်ခဲ့ပြီလား။
ငါကလွဲရင် အချစ်က လူတိုင်းအတွက် ရှိတယ် လို့သူမ မှတ်ယူထားခဲ့သမျှ သူမလက်ဖဝါးပေါ်သို့ အချစ်တစ်ခု ရောက်လာသည်။ နွေးထွေးသော အထိအတွေ့တွေ ၊ တောက်ပသည့် ထိုအကြည့်စူးစူးတွေကို သူမ ကြာကြာရင်မဆိုင်နိုင်ခဲ့။ တဖက်မှာလည်း နောက်ထပ်ချစ်ရမှာကိုကြောက်လန့်နေဆဲဖြစ်သည်။ ခံစားချက်ကြောင့် သူ့ကိုလက်ခံခဲ့မိပေမယ့် အချစ်ကြောက်သည့်ရောဂါဟာ သူမအတွက် စိတ္တဇဖြစ်စေသည်။ သူမကိုတကယ် ချစ်ရှာသော သူ့အတွက် မတရားရာကျနေသည်ကိုလည်းသိနေ၍ ဆက်မချစ်တော့ဖို့ ပြောလိုက်ရသည်။ ဒီလိုနဲ့ သူမတို့နှစ်ဦး ထပ်မံဝေးခဲ့ရသည်။
"ဟင်း........."
ပြန်မတွေးချင်တော့ပါဟု ထပ်ခါထပ်ခါ တင်းကြပ်နေပေမယ့် စိတ်တွေက ကြိုးဆွဲရာကနေရစမြဲ။ အခုလောက်ဆို သူမကို စိတ်နာလိုက်ဖို့သင့်ပါပြီလေ။ထိုအခါ...
လမင်းကြီးကို ငေးရင်း လေးလံနေသည့်စိတ်ကို အခါခါလွှတ်ချရင်း ပြတင်းပေါက်ကိုပိတ်မယ်ကြံတော့ ဘွားခနဲ ပေါ်လာသူ ကျော်ကျော်ခိုင်။
"အမလေး...."
"ရှူး....မလန့်ပါနဲ့...ကျော်ပါ..."
"ဟင်"
ပါးစပ်အဟောင်းသားလေးနှင့် မျက်လုံးစုံပြူးကာ ထိတ်လန့်သွားသော သူမကိုကြည့်ပြီး သူပြုံးမိသွားသည်။ သူမကိုမြင်ရသည့်အချိန်တိုင်း ထိုသို့အေးချမ်းခြင်းလေးမှာ အမြဲဖြစ်တည်နေ၏။
"ရှင်....ရှင် ဘယ်က ဘယ်လို...ကျော်...ခွ..."
ခြေတစ်ပြားချစာပင် မပြည့်ချင်သော အုတ်နံရံဘောင်လေးကိုနင်းကာ ပြတင်းပေါက်ကို လက်အားမှီထားသည့် ကျော်ကျော်ခိုင်မှာ သူမကို သွားဖြီးပြနေ၍ ပိုလို့ပင်ရင်ထိတ်သွားမိသည်။
"ကျော့်ကို...ဒီလိုပဲ..တန်းလန်းကြီးထားတော့မလို့လားဟင်"
သနားစရာ အသံလေးနှင့်ပြောလာသော ကျော်ကျော်ခိုင်သည် တကိုယ်လုံး မလှုပ်ရဲ... တိုးလိုးတန်းလန်းဖြစ်ကာ ပြတင်းဘောင်ကိုသာ အားယူနေရ၍ခြေထောက်များပင် မခိုင်ချင်တော့။
"ဟင်...အဲ....လာလာ ဝင်ခဲ့ ဝင်ခဲ့..."
သူမသည် ယောင်အအနှင့် ဒီတိုင်းလေး လက်ယက်ခေါ်နေရာက သတိရသွားကာ သူ့နားပြန်ရောက်လာပြန်၏။
"နေဦး...ဘယ်လိုလုပ်ရမလဲ..ဘယ်လိုတက်မှာလဲ..ကျော်ရယ်....ပြုတ်ကျရင်ဘယ်လိုလုပ်မလဲ"
သူမ ပွစိပွစိ ပြောနေတာလေးက ချစ်စရာကောင်းနေပြန်၏။
"ရတယ် မ...ကျော်...အ..ကွကိုယ်...အင့်..ကုန်းတက်..."
"ဟဲ့...ဟဲ့...သူ့ခန္ဓာကိုယ်ကြီးနဲ့....ဘယ်လိုတွေလုပ်နေလဲမသိပါဘူး....ပြုတ်ကျတော့မှာပဲ..."
အရပ်ရှည်ရှည် လူကောင်ကြီးကြီး ကျော်ကျော်ခိုင်အဖို့ သူ့ခန္ဓာကိုယ်ကို ပြန်မနေရသည်မှာ ထင်သလိုတော့ လွယ်မနေပါ။ အရှိန်ဖြင့် ရှေ့ကိုတိုးတက်နေပေမယ့် ထင်သလောက်ခရီးမရောက်သောကြောင့် ပြတင်းပေါက်ပေါ်တွင် ဘောက်ဖက်ကြီးတင်နေသလိုဖြစ်နေ၏။ ခင်နှင်းဆီ သူ့အဖြစ်ကိုကြည့်ပြီး ရယ်ချင်ပေမယ့် သနားစိတ်ကပိုလာ၍ သူ့အရှေ့တွင်မတ်တပ်ရပ်လိုက်ကာ ကူညီဖို့ပြင်သည်။
"ကဲ လက်နည်းနည်းမြှောက်လိုက်"
သူ ရှက်ရှက်နှင့် ခေါင်းခါသည်။
"အာ...ရတယ် မ...ရတယ်"
"ဘာကိုရတာလဲ...မြှောက်ဆိုမြှောက်"
"..............."
သူမက ဆူသလိုပြောလိုက်သောကြောင့် ကျော်ကျော်ခိုင် မငြင်းသာပဲ လုပ်လိုက်ရသည်။ သူမလက်နှစ်ဖက်သည် သူ၏ချိုင်းအောက်သို့ရောက်လာသည့်အခါ သူမ ရင်ဘတ်နေရာနှင့်ပိုလို့နီးကပ်သွား၍ ကျော်ကျော်ခိုင်တစ်ယောက် ဝုန်းဒိုင်းကြဲသွားရသည်။
"ကဲ မပြီနော်...ဝမ်း တူး...သရီး"
ဘာမှမသိရှာသော သူမက သူ့ကိုချိုင်းအောက်ကနေ အပေါ်သို့ဆွဲယူလိုက်သည့်အခါမှ ကျော်ကျော်ခိုင်အိမ်ထဲရောက်တော့သည်။ ၆ ပေခန့် သူ့အရပ်နှင့်သူ့အလေးချိန်ကြောင့် သူမ မထိန်းနိုင်ဘဲ နောက်ကိုလန်ကျစဥ် သူကလည်း သူမနှင့်အတူ လဲကျသွားတော့သည်။
"အင့် အမလေး သေပါပြီ"
"အင့်...ဟာ...ဆော..ဆောရီး မ"
ကျော်ကျော်ခိုင် အတင်းကုန်းရုန်းထပြီး သူမကိုပါ ငေါက်ခနဲဆွဲထူလိုက်တော့ သူတို့မျက်နှာချင်းဆိုင်လျက်ဖြစ်သွားသည်။
ထူထပ်မည်းနက်သော ဆံပင်တိုတိုများရှုပ်ပွနေသည့်အောက်တွင် ချွေးစက်ကလေးများက နဖူးတန်းတွင် တွဲခိုနေ၏။ စူးရှသည့်သူ့အကြည့်တို့မှာ ယောကျာ်းလေးအများစုတွင်မရှိသော မျက်တောင်ရှည်များနှင့် ပြည့်စုံလွန်းသည်။
ဖြောင့်တန်းသည့်နှာခေါင်းအောက်က မထူမပါး အညိုရောင်နှုတ်ခမ်းစုံကို သူမ အမှတ်မထင် ငေးမိသွားသည်။ တရစပ်ခုန်နေသည့်နှလုံးသားများကလည်း သူတို့ရင်တွေပွင့်ထွက်မတတ် ခုန်ပေါက်ကျယ်လောင်လို့နေ၏။
သူ့ကို သေချာကြည့်နေသော ချစ်ရသည့်နှင်းဆီမလေးကို မျက်စိရှေ့က မခွာစတမ်းစိုက်ကြည့်နေမိသည်။ မကျယ်လွန်းသောနဖူးလေး၏အောက်က ခုံးမျက်စ အတန်းလေးနှစ်တန်း၊ စတွေ့ကတည်းက သူ့ကိုအပြီးဆွဲဆောင်ထားသည့် တည်ငြိမ်အေးဆေးသော မဟူရာမျက်လုံးများမှာ
သူ့ကို မိန်းမောစွာငေးကြည့်နေကြ၍ သူရင်တွေခုန်ရသည်။နောက် သူသိပ်မက်မောရပါသော ပန်းရောင်သန်းနေသည့် ထိုနှင်းဆီငုံဖူးကလေး။
"ကျော် ပြောပါတယ်...."
"အွန်..."
"မဆီ လာခဲ့မယ်လို့....ခု မရှေ့ကိုကျော်ရောက်နေပြီလေ..ကျော်မပြောဘူးလား..ဟင်"
ပိုနီးကပ်လာသော သူ့မျက်နှာကြောင့် ခင်နှင်းဆီအသိစိတ်ကပ်ကာ နောက်ဆုတ်မိသည်။ သို့သော်ခါးအနောက်က တွန်းလိုက်သည့်လက်ကြောင့် ရှေ့ကိုတိုးသွားသောအခါ သူမ အနည်းငယ် လန့်သွားရသည်။ သူမလက်များက သူ့ရင်ဘတ်နားကို အလိုလိုရောက်သွားကာ...
"လွှတ်ပါ..."
"လွှတ်ချင်မှတော့ မ ဆီ လာပါ့မလား...အခုကစပြီး မကို လုံးဝမလွှတ်တော့ဘူးဆိုတာပြောဖို့ လာတာ"
".................."
ရုတ်တရက် ရရှိလိုက်သော အနမ်းတစ်ပွင့်ဟာ သူမပါးပြင်တစ်ခွင်ကို နီရဲသွားစေသည်။
"မ ရယ်...အချစ်ကို ကျွန်တော်ကပိုကြောက်ခဲ့ဖူးပါတယ်။ ကြောက်လွန်းလို့ ကျွန်တော့် တစ်ဘဝလုံး ပေါတောတောနေပြီး ရူးချင်ယောင်ဆောင်နေခဲ့ရတာပါ..."
သူက သူမမျက်လုံးဝိုင်းလေးများကို သေချာစိုက်ကြည့်ကာပြောသည်။
"မ ကိုစတွေ့တဲ့အချိန်ကစပြီး ကျွန်တော် ပတ်ပြေးနေရာကနေ ချက်ချင်း ရပ်ချလိုက်တာနော်....မ ကြောင့် ကျွန်တော်...ပြန်ထွက်မပြေးတော့တာ...ဒါကို မက ကျွန်တော့်ကိုထပ်ပြေးခိုင်းဦးမလို့လား"
ကြောက်လို့ပတ်ပြေးရသည့် ဒုက္ခနဲ့ခံစားချက်ကိုသူမ ကောင်းကောင်းကြီးနားလည်ပါသည်။ သို့ပေမယ့် သူမ နောက်ထပ်ဆိုသော အရာများကို မကြိုဆိုရဲသေးပါ။ သူ့အချစ်တွေကို အထင်းသားမြင်နေရပေမယ့်လည်း.....
"မ...ကိုခွင့်လွှတ်ပါ....မ...."
မပြောချင်ဆုံးစကားကိုသာ အားကုန်တင်း၍ ပြောဖို့ကြံရတော့သည်။
"မ....နောက်ထပ်...ဘယ်သူ့ကိုမှ မချစ်တော့ဘူးလို့..ဆုံးဖြတ်လိုက်ပြီ"
ခေါင်းငုံ့ကာ တီးတိုဆိုလာသူ နှင်းဆီမလေးကိုငေးနေတာနဲ့ပဲ သူမပြောစကားတွေဟာ နားထဲမရောက်တော့။ သူမကြားချင်သောစကားများပြောမည်ကိုလည်း ရိပ်မိနေပြီးသားဖြစ်၍လည်းပါသည်။
"အဲ့တော့...."
သူမမျက်လုံးများကို တည့်တည့်ကြည့်လာသောကြောင့် အကြည့်လွှဲလိုက်ကာ....
"မကို ဆက်မချစ်ပါနဲ့တော့နော်"
"မ......"
သူမလက်မောင်းလေးကိုအသာဆွဲခေါ်ပေမယ့် မတ်တပ်ထရပ်လိုက်၍ သူပါလိုက်ထရသည်။
"မ......"
"မ အဖွားဒီချိန်ဆို အခန်းထဲရောက်နေလောက်ပြီ။ ကျော့်ကို မ အိမ်ရှေ့ကနေ ပြန်လို့ရအောင်လိုက်ပို့ပေးမယ်နော်...အမေ့"
ကျော်ကျော်ခိုင် သူမကို လက်မောင်းကနေဆွဲယူလိုက်တော့ သူမခန္ဓာကိုယ်လေးမှာ သူ့ရင်ခွင်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ဝင်ချသွားသည်။ အသက်ရှူဖို့ပင် မေ့လောက်သည်အထိ ခင်နှင်းဆီထိတ်လန့်သွားကာ သူ့ကို မော့ကြည့်နေ၏။ ရည်လဲ့၍ တောက်ပလွန်းသော သူ့မျက်လုံးများက သူမကိုပေါက်ထွက်မတတ်စိုက်ကြည့်ကာ....
"ကျွန်တော့်ကို အဲ့လောက်တောင်မယုံကြည်ဘူးလားဟင်"
"................"
"မကို စတွေ့ကတည်းက ချစ်မိသွားလို့ မ နဲ့နီးအောင် မနည်းကြိုးစားခဲ့ရတဲ့ကောင်ပါ...မ က မချစ်ပါနဲ့ပြောလို့ ကျွန်တော် ထပြန်သွားမယ်ထင်လား"
မျက်လုံးတည့်တည့်ကိုကြည့်ပြောလာသော သူ့စကားတို့က ခင်နှင်းဆီ၏ နှလုံးသားထဲအထိ ထိုးဖောက်ဝင်ရောက်စေသည်။ စိတ်လှုပ်ရှားမှုတွေကြောင့် မြန်ဆန်လာသည့် အသက်ရှုသံပြင်းပြင်းတွေဟာ သူမမျက်နှာနှင့် ဆံပင်နားတဝိုက်တွင် ဝေ့ဝဲနေသည်။ မိန်းမောစေသည့် အငွေ့အသက်တွေကြား တင်းခံပြီး သူ့အရှေ့မှာရပ်နေရသည်က သူမအတွက်ခက်ခဲလွန်းသည်။
ချစ်ရသူက ချစ်ပါတယ်ဟု ဝန်ခံနေသည်ကိုတောင် ခေါင်းမငြိမ့်ရဲသော သူမ။ သွေးဆူတုန်းချစ်ပြ ၊သည်းပြခဲ့ပြီး နောက်ပိုင်း သွေးအေးခဲသွားခဲ့ရသည့် ဇာတ်သိမ်းမျိုး သူမ နာကျင်အောင်ကြုံခဲ့ဖူးသည်။ ချစ်ရတာကိုကြောက်လို့ တစ်ယောက်ထဲနေဖို့ဆုံးဖြတ်ထားကာမှ သူမရှေ့တည့်တည့်ကိုရောက်ချလာသူ ထိုကောင်လေးက အခုသူမကို လွတ်ထွက်သွားအောင် လှုံ့ဆော်နေသလိုပင်။
" ပြီးခဲ့တဲ့နေ့ကတည်းက မ မူမမှန်ဘူးဆိုတာ ကျွန်တော် ရိပ်မိနေတယ်...စန္ဒီ့ဆီကနေ မ အကြောင်းတွေတော်တော်များများ သိရကတည်းက မ ချစ်ဖို့ကြောက်နေတယ်ဆိုတာ ကျွန်တော်သိလိုက်ရတယ်...ကျွန်တော့်လို အချစ်ကိုကြောက်တဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရချိန်မှာ...ကျွန်တော် မ ကို ဘယ်လိုချဥ်းကပ်ရမလဲ တကယ်ခေါင်းကိုက်ခဲ့တာ...ဒါပေမယ့်...မ ကိုမြင်တိုင်း ရင်ခုန်နေတာလေ...ကျွန်တော် ဘယ်လိုလုပ်ရမလဲ ပြော"
သူ တဖြည်းဖြည်း သူမအနားကို ရောက်လာပြန်တော့ နောက်ကိုဆုတ်လိုက်ရင်း နံရံနှင့်ကပ်နေပြီဆိုတာသိလိုက်ရသည်။
"မ ကျွန်တော့်အပေါ် ဘယ်လိုစိတ်ရှိနေလဲ ကျွန်တော်သိတယ် မ"
"............."
"မ လည်း ကျွန်တော့်လိုပဲမလား...."
"..........."
ရှက်သွေးဖြာသွားသော မျက်နှာနုနုလေးသည် ကျော်ကျော်ခိုင့်ကို ဘာမှမပြောဘဲ ဒီတိုင်းကြည့်နေသည်။ နီးသထက်နီးကပ်လာသူ သူ့နှုတ်ခမ်းတွေက သူမကို လှုပ်ခတ်စေသည်။ သူမ၏ တုံ့ပြန်မှုတိုင်းကို အသေးစိတ်လေ့လာစောင့်ကြည့်နေသလို တစက္ကန့်မှမခွာဘဲ ကြည့်နေ၏။
'မင်းငါ့ကို ဘာဖြစ်စေချင်တာလဲ ကျော်...ငါမင်းကို မချစ်ဘူးလို့ လိမ်ပြောလိုက်တာ သိပ်သိသာသွားလား...ငါ့နှလုံးသားထဲမှာ မင်းရောက်နေပါပြီလေ...ဒါမယ့်....ဒါမယ့် ငါ...နောက်တခါထပ် မနာကျင်ချင်တော့ဘူး...'
သူမ ရဲ့ တကိုယ်ရည်စကားတွေကို အတွေးထဲကနေနားထောင်နေသလို သူမကို သေချာကြည့်နေသည်။
"မ ကို ကျွန်တော် ဘယ်တော့မှ စိတ်ရှုပ်အောင်မလုပ်ပါဘူးလို့ ကတိပေးပါတယ်...မ ကျွန်တော် မေးတာကိုပဲ အမှန်အတိုင်းဖြေပေးပါ...နော်"
ခင်နှင်းဆီ ရင်တွေတဒိန်းဒိန်းခုန်လာသည်။
"မ ကျွန်တော့်ကို ချစ်လား"
"..............."
ဖျင်း ခနဲဖြစ်သွားသည့် သွေးကြောများက သူမခန္ဓာကိုယ်တလျောက် ကြက်သီးမွှေးညင်းထမိအောင်ပင် ခင်နှင်းဆီ ခံစားသွားရသည်။ လူတိုင်း မေးနေကျ အမေးတစ်ခုကို ဖြေနေကျ အဖြေပေးရန် ဘာ့ကြောင့် ခက်ခဲနေရသလဲ သူမကိုယ်တိုင် မသိတော့။
ခင်နှင်းဆီ သူ့ရှေ့တွင် တုပ်တုပ်မလှုပ်ဘဲ တောင့်တောင့်ကြီးရပ်နေသည်။ ကျော်ကျော်ခိုင် သူမကို လက်မလွှတ်ချင်၍သာ အရဲစွန့်မေးလိုက်ရသည်။ အဖြေက မျှော်လင့်ထားသလိုဖြစ်မဖြစ်ဆိုတာ သူမပေါ်သာ မူတည်သည်။ မျှော်လင့်ထားသည့်အဖြေတစ်ခု သူမနှုတ်က ထွက်မလာမည်ကို သေအောင်ကြောက်မိနေ၏။ သူမကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေရင်းသူ စိတ်ရှည်မှုတွေကျဆင်းလာသည်။
"ဖြေလေ...ကျွန်တော့်ကို ချစ်လားလို့...ကျွန်တော့်ကို တကယ်ရော ချစ်ရဲ့လားလို့မေးနေတယ်လေ"
သူ့ဆီက စိုးရိမ်ဒေါသသံတွေက သူမကို အချက်ပြနေသည်။ ခေါင်းထဲက အကြောင်းအရာတွေ ဘာတစ်ခုမှ မမှတ်မိတော့။ ပြောဖို့ကြံစည်ထားသည့် စကားတွေ ပါးစပ်ဖျားတင်ပျောက်ရှကုန်သည်။ သူမသိတာက သူ့ရဲ့ တိမ်ညိုတွေဝေ့တက်လာသည့် မျက်ဝန်းများ....။ တောက်ပသည့်အကြည့်စူးစူးတို့မှာ သူမအဆုံးအဖြတ်တစ်ခုကိုစောင့်စားနေရရင်းနဲ့ပဲ မိုးတိမ်ညိုတွေတက်လာသလိုလို ဝေ့ဝဲနေသည်။
ဆူးတွေပိုက်ထားသည့် နှင်းဆီမလေးကို ဒီတသက်လုံး ရင်ခွင်ပိုက်ထားဖို့ သူဆုံးဖြတ်ချက်ချဖူးသည်။ သူမ ကြည်ဖြူမယ်ဆို ထိုဆူးခက်တွေအကုန်လုံး သူကိုယ်စား ဆူးပစ်လိုက်ချင်သည်။ သူမရဲ့ ချစ်ခြင်းတွေသာ ကျော်ကျော်ခိုင့်အတွက် တစ်ဘဝစာ ဖြစ်တည်သွားရင် အတိုင်းထက်အလွန်ဆိုပေမယ့်လည်း သူမ မကြည်ဖြူရင် အဝေးကပဲ ငေးကြည့်နေရုံမှတပါး သူဘာတတ်နိုင်မည်နည်း။ နှုတ်ဆိတ်ခြင်းက ဝန်ခံခြင်းသဘောဆိုသည့်အတိုင်း..သူမ၏ ထူထပ်လှသော စိတ်နံရံကြီးကို ကျော်ကျော်ခိုင် ဒီလိုနဲ့ အရှုံးပေးလိုက်ရတော့မည်။
"ဟင်း........"
ဝမ်းနည်းကြေကွဲဖွယ် သက်ပြင်းရှိုက်သံနှင့်အတူ သူမပုခုံးတွေကို ဆုပ်ကိုင်ထားသော သူ့လက်များကိုဖြေလျှော့လိုက်သည်။ ထပ်ချပ်မကွာ စိုက်ကြည့်နေသော အကြည့်တို့မှာ တဖြည်းဖြည်း အရောင်မှိန်ဖျော့တော့လာသည်။
'ဟင့်အင်း....အဲ့လိုမဟုတ်ဘူး'
မျက်စိရှေ့တွင် ဖြည်းဖြည်းချင်း ဆုတ်ခွာနေသည့် ချစ်ရသူကိုကြည့်ရင်း သူမ ဆုံးရှုံးရမှာကိုတွေးကြောက်သွားမိတဲ့အခါ......
စိတ်ဓာတ်ကျစွာ ခေါင်းငိုက်စိုက်ကျနေသော ကျော်ကျော်ခိုင်၏ မျက်နှာလေးကို အသာဆွဲယူပြီး သူမ နမ်းလိုက်မိသည်။
လုံးဝ မထင်မှတ်ထားသော သူမ၏ နက်ရှိုင်းသည့် အနမ်းပွင့်ကို သူ အိပ်မက်တွေအခါခါမက်ခဲ့ရဖူးသည်။ နစ်ဝင်နေသော နူးညံ့သည့် အထိအတွေ့လေးမှာ အိပ်မက်တွေ အလီလီမက်စေသည်။ ခန္ဓာကိုယ်တစ်လုံးက သွေးတွေအကုန် ပြောင်းပြန်စီးစေသည်။သူမကို တစ်စုံတစ်ရာ ပြန်မတုံ့ပြန်နိုင်အောင်ကို ကျောက်ရုပ်လို ရပ်တန့်နေမိရင်း......။
စက္ကန့်ပိုင်းလောက် ပတ်ဝန်းကျင်ကိုမေ့သွားရအောင်အထိ နစ်ဝင်နမ်းရှိုက်မိရင်းက သူမ နောက်ိုပြန်ဆုတ်လိုက်သည်။ သူမ ဘာလုပ်လိုက်လဲမသိ။ ဘာ့ကြောင့် ဒီလိုထလုပ်လိုက်လဲ မသိတော့။ နီမြန်းနေသော သူ့နှုတ်ခမ်းသားလေးတွေကြောင့် သူမ အကြီးအကျယ် ရှက်မိကာ ထွက်ပြေးဖို့ကြံတော့သည်။ သို့ပေမယ့် နောက်ကျသွားခဲ့ပြီ။
သူမ ခါးပေါ်ကို ရောက်ရှိလာသော လက်တစ်ဖက်နှင့် လည်တိုင်လေးကို အသာဆွဲယူကာထားသော ကျော်ကျော်ခိုင်သည် သူမနှုတ်ခမ်းတို့ကို မွတ်သိပ်စွာ စားသုံးတော့သည်။ တလောကလုံးက ပူရှိန်းစေသည့်အရာများဟာ သူတို့ကိုယ်ခန္ဓာထဲစီးဝင်ဖြတ်သန်းနေသလို တကိုယ်လုံး ပူလောင်ကျွမ်းပစ်နေရင်း.......။❤
ပြောပြချင်တာလေးရှိပါတယ် 😁
ပထမတစ်ခုကတော့ ဒီခေါင်းစဥ်လေးကို စပေးဖြစ်တာက သော်တာတို့လင်မယားကိုရည်ရွယ်ပြီးတွေးမိသွားတာပါ။ ဒါပေမယ့် ဒီအပိုင်းလေးမှာ စန္ဒီ့အကြောင်းမပါလိုက်ပါဘူး။ ဇာတ်ရှိန်ပိုမြှင့်ချင်တာရယ်...ရေးရင်းနဲ့ရပ်မရတော့တာရယ်ကြောင့်ပါ။ 😁 နောက်ပိုင်းကတော့ ဆက်တက်ဖို့ပဲရှိပါတယ်။ဘယ်လိုတက်မလဲ ဘယ်နှစ်ယောက်တစ်ဖွဲ့ တက်ကြမလဲတော့...wait & see! 👀
နောက်တစ်ခုကတော့ ခေါင်းစဥ်ပါ။
ဒီတခါလည်း WTIA နဲ့ပဲ နှစ်ပိုင်းလောက်လာဖို့ရှိပါတယ်။ သာသာ room topic ပေးတာ တစ်ပိုင်းတစ်ခုသာရည်ရွယ်ပေမယ့်
မထင်မှတ်ဘဲ တစ်ပိုင်းမကထွက်သွားပါတယ်။ 😆
နောက်ဆုံးတစ်ခုကတော့.....ဒါဒါတို့အားလုံးကို သာသာ ချစ်တယ်ဆိုတာပါပဲ။ 😘Abba သီချင်းလေး လက်ဆောင်ထည့်ပေးလိုက်တယ်နော်။
ကျေနပ်တယ်ဆို ⭐ လေးတွေပေးခဲ့ပါလို့။MJ11🍀
ESTÁS LEYENDO
မတော်တဆ 🤍💋❤
Romance"လည်ပင်းဖက်ပြီးပေါင်းလာတဲ့ bff အဖွဲ့လေးထဲကို တနေ့တော့ အချစ်ဆိုတဲ့ အုန်းသီးတစ်လုံး ပြုတ်ကျလာခဲ့တယ်။ အုန်းသီးတစ်လုံးဟာ မျောက်တွေအတွက်တော့..... တကယ့် 'ငစား' ပဲ။ အထူးသဖြင့် ကျွန်တော်နဲ့ သူမ အတွက် ဆိုပါတော့။" Pandemic ကာလအတွင်းကိုအခြေခံရေးထားတဲ့ Quaran...