Room 20 (People I love)

319 22 0
                                    

မနက်အစောကြီး စန္ဒီနိုင် luggage တစ်လုံးနှင့် အလုပ်ရှုပ်နေ၏။ ဒီနေ့ တရားရုံးသွားရင်ဝတ်မည့်ဝတ်စုံရှာပုံတော်ဖွင့်နေခြင်းဖြစ်သည်။အိမ်တွင်းအောင်းနေရသည်က များ၍ အပြင်အဝတ်အစားထက် အိမ်နေရင်းတွေသာများသည်။ ခိုင်အိလည်း လက်ရှိအခြေအနေကိုမှန်းပြီးယူလာခဲ့ရ၍နေမည်။ ကံကောင်းထောက်မစွာနှင့် မြန်မာဝတ်စုံလေးနှစ်ထည် ပါလာသောကြောင့် စန္ဒီနိုင် အသက်ရှူချောင်သွားတော့သည်။ မဟုတ်ရင် တရားရုံးကို Pajama နဲ့သွားရမည့်ဟန်ရှိသည်။
လိမ္မော်နီရောင် တိုင်းရင်းသားဆင် ဝမ်းဆက်အကျီလေးကို မဝတ်ခင်မီးပူသေချာတိုက်၍ ဖြန့်ထားပြီး ရေချိုးဖို့လုပ်သည်။
ညက ကျော်ကျော်ခိုင်၏ ဟောက်သံကြောင့် သော်တာခွန်း ကောင်းကောင်းအိပ်မရခဲ့။ မဖြစ်မနေသွားရမည်ဖြစ်၍ မကြည်မလင်နဲ့ပဲ အိပ်ရာနိုးခဲ့သည်။ ကျေးဇူးရှင်ကတော့ အိပ်ရာမှာ လူးလွန့်လို့ကောင်းဆဲ။ ရေချိုးပြင်ဆင်ပြီးမှ ခဏမှေးမည်အကြံဖြင့် အကျီချွတ်ကာ တဘက်နှင့်အုပ်လိုက်သည်။ အောက်က JJ ဘောင်းဘီနှင့် ရေချိုးခန်းထဲဝင်လိုက်သည်။ အရေးထဲ တဘက်ကလျှော၍ ပြုတ်ကျသွားသေးသည်။ ကျသွားသော တဘက်ကိုလှမ်းကောက်၍ တန်းပေါ်တင်ပြီးနောက် သွားတိုက်တံပေါ်သို့ သွားတိုက်ဆေးညှစ်ထည့်ကာ မှန်ရှေ့တွင်ငူငူကြီးရပ်၍ သွားတိုက်နေ၏။ ထိုစဥ်... ရုတ်တရက် စန္ဒီနိုင် ဝင်လာပြီး တံခါးပါလော့ချလိုက်သည်။
"ဂျက်"
ရေချိုးခန်းထဲတွင် လူရှိသည်ကိုမမြင်ဘဲ တံခါးလော့ကျပြီးနောက် တဖက်သို့လှည့်လိုက်စဥ် အကျီမပါဘဲ သွားတိုက်တန်းလန်းနှင့် သော်တာခွန်းက ထမိန်ရင်လျားကို အပေါ်ပိုင်း တဘက်ရှည်ခြုံလွှမ်းထားသော စန္ဒီနိုင်ကို မျက်လုံးကြီးပြူး၍ ကြောင်ကြည့်နေသောအခါ....
"အား"
နှစ်ယောက်လုံး အလန့်တကြား ထအော်လိုက်ကြပြီးနောက် အချင်းချင်း ကျောပေးထားပြီးသားဖြစ်သွားသည်။ မျက်နှာတွေပါရဲပြီး ရင်တွေတဒိန်းဒိန်းခုန်လာရ၏။
"နင်...နင်ဘယ်လိုလုပ် ဒီထဲရောက်လာတာလဲ။"
စန္ဒီ..တဘက်ကိုလက်ဖြင့်ဆုတ်ထား၍မေးလိုက်သည်။
"ရေချိုးမလို့လာတာပေါ့ဟ...ဒါနဲ့... နေစမ်းပါဦး... ငါတစ်ယောက်လုံး မတ်တပ်ကြီး သွားတိုက်နေတာ နင်မမြင်ဘူးလား..."
"အော် မမြင်လို့ပေါ့....မြင်မှတော့ ဒီထဲဝင်လာပါ့မလား...ဆုတောင်းလေ...."
သော်တာ စိတ်တိုသွားသည်။
"အောင်မာ သူ့ဟာသူ ကန်းပြီး ဝင်လာသေးတယ်...ငါ့လည်းလာစော်ကားနေသေးတယ်...အခုချက်ချင်း ထွက်သွား အရူးမ"
ထိုအခါ ဒေါသထွက်သွားသော စန္ဒီနိုင်သည် သော်တာခွန်းဘက်ကိုလှည့်၍ နဂါးမျက်လုံးကြီးများဖြင့်ကြည့်လာ၏။
"ငါ့များ အရူးမလေးဘာလေးနဲ့...အဟက်...ရေချိုးခန်းထဲကို တံခါးလော့မချဘဲဝင်နေတဲ့ နင်ကမှ ဂေါက်နေတာ ဂေါက်သီးရဲ့"
ထို့နောက် စန္ဒီနိုင် အခန်းထဲကနေ ဒေါကြီးမောကြီး ထွက်သွားသည်။ သော်တာလည်း စိတ်ကိုတတ်နိုင်သမျှလျှော့ကာ တံခါးကိုမိုင်ကုန်ဆောင့်ပိတ်လိုက်တော့သည်။
"ဂျိန်း"
x
အကုန်လုံး ရေမိုးချိုး၍ပြင်ဆင်ပြီးသည့်နောက် သော်တာခွန်း အိမ်ရှေ့တွင် အသင့်ထိုင်စောင့်နေရန်ထွက်ခဲ့သည်။ ညက အိပ်ရေးမဝသောကြောင့် ဆိုဖာတွင် ငုတ်တုတ်ကလေး ငိုက်နေ၏။
မျက်လုံးမှိတ်၍ ငိုက်နေစဥ် နှာခေါင်းထဲသို့ ဖြည်းညှင်းစွာ ဝင်လာသော ရနံ့တချို့ကြောင့် သူမျက်လုံးဖွင့်ကြည့်လိုက်သည်။
လိမ္မော်နီရောင် မြန်မာအကျီကိုဝတ်ဆင်ထားသော သူမ။ ထုံးနေကျ ဆံထုံးလေးမဟုတ်ဘဲ ကျစ်ဆံမြီးလေးကျစ်ကာ ဘေးတစ်ဖက်တွင် ချထားသည်။ ဝါဝင်းသော စန္ဒီ့အသားအရောင်မှာ လိမ္မော်နီရောင် ကချင်ရိုးရာဆင်နှင့် ပိုထင်ဟပ်နေသည်။ မင်သက်မိစွာ ငေးနေမိသူ သော်တာခွန်းမှာ ကိုယ့်ကိုယ်ကိုပင် အနည်းငယ် ရှက်သွားသည်။ နေ့တိုင်းမြင်နေသည့် လူကို အထူးတလည် တခမ်းတနား ထိုင်ငေးနေရင်းက မျက်နှာခေါင်းငုံ့လိုက်သည်။ စန္ဒီနိုင်ကတော့ ဘာမှမသိရှာခဲ့ပေ။
အိမ်တွင် ကိုယ်လုံးပေါ်မှန် မရှိသောကြောင့် အိမ်ရှေ့က ပြတင်းပေါက်တွင်သာ စန္ဒီ  လာကြည့်ရသည်။ Stayhome ရင်း လုပ်စရာလည်းမရှိ၍ တနေ့တနေ့ စားကောင်းသောက်ကောင်းပြီး လူလည်း တဖြည်းဖြည်း အပြည့်လွန်လာတော့မည်။ ငယ်စဉ်ထဲက ပိန်သည်ဟူသည် မရှိ။ အခုလည်း စားသောက်နေသရွေ့ ဖြစ်ထွန်းနေသော သူမကိုယ်ကိုတစ်ပတ်လှည့်ပြီး စိတ်ညစ်သွားသည်။
"အင်း...ဝိတ်ချရမယ်..."
"ခွစ်..."
ပြောတာကြားသွားပြီးတမင်လှောင်ရယ်တာသိလိုက်သည်။သို့ပေမယ့် အဖက်လုပ်မနေတော့ဘဲ ကိုယ့်ဘာသာ မှန်ကြည့်ပြီးအဆင်ပြေမပြေ ကြည့်နေလိုက်သည်။ ထိုစဉ် အခန်းထဲက ကျော်ကျော်ခိုင်တစ်ယောက် ရှိုးစမိုးအပြည့်နဲ့ထွက်လာသည်။
"ဝါး...ဂေါ်လှရီလား ကျော်ရီးရ"
စန္ဒီ့အပြောကြောင့် ကျော်ကြီးမာန်တက်သွားသည်။ တက်ဆို....ယောက်ဖဖြစ်သူ ထွန်းရှည်အကျီယူဝတ်ထားတာကိုး။
"နေအုံး...ငါ ဒီအကျီနဲ့ပုဆိုးကို ကောင်းကောင်းကြီးမြင်ဖူးနေတယ်နော်..."
"မြင်ဖူးဆို ငါ့ယောက်ဖ ဟာတွေလေ ဟဲဟဲ.."
ကျော်ကျော်ခိုင် ပြုံးစိစိနဲ့ဖြေတာကို သော်တာ အမြင်ကပ် သွားသည်။ စန္ဒီနိုင် သူငယ်ချင်းများကိုကြည့်လိုက်သော် နှစ်ယောက်စလုံးမှာ ပုဆိုးနဲ့ ကော်လံလည်ကတုံး ဝတ်ဆင်ထားကြသည်။ သော်တာက အပြာဖျော့ဖျော့ လည်ကတုံးနှင့် နက်ပြာရောင်ပုဆိုးကိုဝတ်ပြီး ကျော်ကျော်ခိုင်ကမူ အဖြူလည်ကတုံးအကျီကို ကြက်သွေးရောင် ပုဆိုးနှင့်ဝတ်ထားသည်။ အားလုံးအဆင်သင့်ဖြစ်၍ အိမ်မှထွက်မည်ကြံစဥ် စန္ဒီနိုင်တစ်ယောက် ရေးကြီးသုတ်ပျာနှင့် အခန်းထဲပြေးဝင်သွားပြန်သည်။
"ဘာကျန်ပြန်ပြီတုန်းဟ"
သော်တာကစိတ်မရှည်သလို မေးတော့ လက်ထဲတွင် ပုလင်းတစ်ခုကိုင်ပြီးထွက်လာ၏။
"ဒီမှာလေ လက်ဆေးဖို့...နင်တို့ ဟိုမှာ ပေါက်ကရတွေလျှောက်မကိုင်နဲ့နော်။ ကိုင်ပြီးတာနဲ့ ဒါဖြန်း...ရော့ ဒီမှာ mask တပ်ကြဦး..."
စန္ဒီ လက်ထဲထည့်ပေးသော mask ကိုနှစ်ယောက်လုံးတပ်လိုက်ကြသည်။ ထို့နောက် အိမ်မှထွက်လာခဲ့တော့သည်။
x
သော်တာခွန်းမောင်းသော ကားလေးသည် တရားရုံးရှေ့သို့ ဆိုက်ရောက်လာခဲ့သည်။ သူတို့ လေးယောက်လုံး ကားပေါ်မှ စီးလိုက်ကြသည်။
"ခိုင်အိ"
ရင်းနှီးသော ခေါ်သံလေးကြောင့်သူမ လှည့်ကြည့်လိုက်တော့ အချစ်ဆုံးသူငယ်ချင်းလေး စန္ဒီနိုင် မှာ သူမဆီလျှောက်လှမ်းလာနေသည်။ သတို့သမီးလောင်းလေး ခိုင်အိမှာ အဖြူဝမ်းဆက် ချိတ်ထမိန်လေးဝတ်ထားသည်။ ဒီနေ့အတွက် အလှဆုံး မိန်းမပျိုလေးမှာ ခိုင်အိအပြင်နောက်တစ်ယောက်ရှိမည်မဟုတ်ဟု စန္ဒီယုံလိုက်သည်။
"လှလိုက်တာ ငါ့သူငယ်ချင်းလေးရယ်..."
စန္ဒီ ညင်သာစွာဆုပ်ကိုင်ထားသော သူမလက်ကလေးတွေက အရင်ကလို နွေးထွေးဆဲဖြစ်သည်။ ကိုးတန်းကျောင်းသူဘဝထဲက သူမအပေါ် အရာရာသည်းခံ နားလည်ပေးပြီး အားငယ်လွယ်တဲ့သူမကို အမြဲစိတ်ခွန်အားတွေ ဘယ်နေရာရောက်ရောက် ပေးနိုင်သူ။ မိန်းကလေးချင်းမို့ ကိစ္စအားလုံး ထဲထဲဝင်ဝင် တိုင်ပင်ရင်ဖွင့်ရင်း အခုတော့ ကိုယ့်သူငယ်ချင်းလေးသည် ကိုယ့်ရှေ့မှာပဲ အိမ်ထောင်တစ်ခုထူထောင်ဖို့အသင့်ဖြစ်ခဲ့လေပြီ။ တဖက်မှာလည်း စတိတ်ကျောင်းသူဘဝထဲက ခင်လာရသော ငယ်သူငယ်ချင်းအရင်းကြီး ထွန်းရှိန်ဝါသည် စန္ဒီ့ အစ်ကိုတစ်ယောက်လိုရော မောင်တစ်ယောက်လိုပါ ဆက်ဆံရင်းနှီးလာသည်မှာ ဆယ်နှစ်ကျော်ခဲ့ပြီ။ ကျော်ကျော်ခိုင် ၊ သော်တာခွန်းတို့လို ဂုဏ်ထူးနဲ့မအောင်ခဲ့၍ သူ့ကို စန္ဒီနိုင် အထင်သေးဖူးသည်။ ဘွဲ့ရပြီး နယ်ကိုတန်းပြန်ကာ မိသားစုပိုင် ဆန်ဆိုင်လေးကို ဆက်လက်ဦးစီးရသောကြောင့် သူ့ကိုယ်သူ တောသားကြီးလုံးလုံး ခံယူလိုက်သည်ဟုထင်ပြီး ဟောက်စားနိုင်စားခဲ့သည်။ သို့ပေမယ့် ထွန်းရှိန်ဝါမှာ အချိန်နဲ့ အခြေအနေတစ်ခုကိုပြောင်းလဲနိုင်ခဲ့သည်။ အခုဆို မိန်းမတစ်ယောက်၏အချစ်နဲ့ဘဝကို ကောင်းမွန်စွာ တာဝန်ယူနိုင်သည့် ယောကျာ်းတစ်ယောက်အဖြစ် စန္ဒီကပြန်အထင်ကြီးရပြန်သည်။ တခြားကိစ္စတွေမသိနိုင်ပေမယ့် ခိုင်မိအပေါ်ထားတဲ့ သူ့သစ္စာကိုတော့ သူမ ကောင်းကောင်းသိသည်။ အမြဲနိုင်စားလွန်းသော သူမကိုလည်း ညီမတစ်ယောက်လို သည်းခံနားလည်သူလည်းဖြစ်သည်။
စန္ဒီ ထွန်းရှိန်ဝါ၏လက်တစ်ဖက်ကိုလှမ်းယူလိုက်ကာ ခိုင်အိလက်တစ်ဖက်နှင့် ထပ်တူပေါင်းစည်းပေးလိုက်သည်။
"ကဲ သွားကြစို့"
ဒီနေ့သည် သူမချစ်သောလူသားနှစ်ဦးတို့ ပေါင်းစည်းသောနေ့လေးဖြစ်သည်။

MJ11🍀

မတော်တဆ 🤍💋❤Donde viven las historias. Descúbrelo ahora