Room 29

286 18 0
                                    

Flashback

"ဟဲလို"
"........."
"ဟုတ် အားပါတယ်။"
".............."
"အင်း...ရတယ်...ကျွန်တော်ပဲလာခဲ့မယ်...အဲ့နားက ဆိုင်မှာစောင့်နေ...မဟုတ်လဲ ရုံးခန်းမှာစောင့်နေလို့ရတယ်။"
"........."
'တီ'
ဖုန်းချလိုက်ပြီးတဲ့နောက် ကျွန်တော့်စိတ်တွေ ခဲဲဆွဲထားသလိုလေးလို့လာတယ်။ ခဏနေရင် ကျွန်တော် မတွေ့ချင်တဲ့ လူသုံးယောက်ထဲက တစ်ယောက်နဲ့သွားတွေ့ရမယ်။ ဘာကိစ္စလဲဆိုရင်တော့...ရုတ်တရက်ကြီး မိန်းမယူလိုက်တဲ့အကြောင်းအရာဆိုပါတော့။
မယူခင်က သွားတွေ့ဖို့စိတ်ကူးရှိလိုက်ပေမယ့် တကယ်တမ်း မြန်မြန်လက်မှတ်ထိုးလိုက်ရတာရယ်..မင်္ဂလာဆွမ်းကျွေးအကျဥ်းချုံးလေးရယ်နဲ့ပဲပြီးသွားတာရယ်ကြောင့် ကျွန်တော်မတွေ့ဖြစ်ခဲ့ဘူး။ အခုတွေ့ရမယ်ဆိုတော့ တမျိုးကောင်းပါတယ်။
ခြောက်ကပ်နေတဲ့ လမ်းမကြီးပေါ်မှာ အသွားအပြန်ကားလမ်းက ကျိုးတို့ကျဲတဲနဲ့ ....ခါတိုင်း လိပ်တွေစီထားသလို တအိအိနဲ့ တစ်ဘီးချင်းလှိမ့်နေတဲ့ ကားတွေမမြင်ရတော့တာ ကျွန်တော့်အတွက် မျက်စိအေးနားအေးဖြစ်စေတယ်။ မြို့ပြက မြို့ပြနဲ့မတူတာတော့ သိပ်မကောင်းဘူးပေါ့။ ချိန်းထားတဲ့ဆိုင်ထဲကိုဝင်လိုက်တော့ ထောင့်စားပွဲလေးမှာ စာဖတ်နေတဲ့ ကျွန်တော့်အဖေ...။
ကျွန်တော့်ကိုမြင်တော့ လက်ထောင်ပြတယ်။ Mask တပ်ထားလည်း ခပ်ရေးရေးပြုံးပြနေမယ်ဆိုတာကျွန်တော်သိနေတယ်။ ကျွန်တော်သူ့ရှေ့ကခုံမှာဝင်ထိုင်တာကိုအစအဆုံးကြည့်နေတယ်။
"နေကောင်းတယ်မလား သား"
"ဟုတ် ​ကောင်းပါတယ်။ အဖေရော..."
"အဖေနေကောင်းပါတယ်။"
ကော်ဖီရောက်လာတော့ ကျွန်တော်တို့ mask တွေချွတ်လိုက်ကြတယ်။ မတွေ့ရတဲ့ လပိုင်းလေးမှာတင် မျက်နှာချောင်ကျသွားတဲ့အဖေ့ကိုကြည့်မိတိုင်း ကိုယ့်ကိုယ်ကို ​အပြစ်တင်နေမိတယ်။
"ဒါနဲ့ သမီး စန္ဒီနိုင်ရော မပါဘူးလား"
"သူမအားလို့ အိမ်စောင့်နေခဲ့တယ်.."
"သြော် အေးအေး...တနေ့လောက် အိမ်ကိုလာလည်ကြလေကွာ...ယောက္ခမကြီးက ချွေးမလေးမျက်နှာမြင်ဖူးတယ်ရှိအောင်"
"မြင်ဖူးတယ်လေ...စန္ဒီ့ကို...အဖေမမှတ်မိဘူးလား"
မေးခွန်းအဆုံးမှာ ကျွန်တော် စိတ်တိုသွားတော့တယ်။ သူက အခုထိ ကျွန်တော်ယူတဲ့မိန်းမက ငယ်ငယ်က အိမ်ကိုရောက်ဖူးတဲ့ သူငယ်ချင်းဆိုတာ ဘာလို့မမှတ်မိရမှာလဲ။ အခုကျ သူလုံးဝမသိတဲ့ပုံစံနဲ့ မျက်မှောင်ကြုံ့ပြီးစဥ်းစားပြ​နေတယ်။ အဖေ့ကိုမကြိုက်တဲ့အရာတွေထဲမှာ အဲဲဒါလည်းပါတယ်။ ကျွန်တော်နဲ့ပတ်သက်တာဆို သေချာမမှတ်ထားဘူး။ ဘယ်မှတ်ထားမလဲ။ တစ်နှစ်မှာ ၁၀ လလောက်က ခရီးသွားနေရတာကို။ အဖေ့ရဲ့ဦးနှောက်ထဲမှာ မဆံ့နိုင်အောင် မှတ်ထားတဲ့ memory အကန့်တွေထဲမှာ ကျွန်တော်နဲ့အမေအကန့်လေးက တကယ့်သေး​သေးလေးဖြစ်နေမှာသေချာတယ်။ ကျွန်တော့်အတွက်ဆို ရှိတောင်ရှိပါ့မလား။ နဂိုထဲက သူ့ဆီက ဘာမှမမျှော်လင့်တတ်အောင် သင်ပေးခဲ့တာမို့လို့ ကျွန်တော် အေးဆေးပြုံးပြနိုင်ခဲ့တယ်။
"ထားပါတော့...စန္ဒီနိုင်က ကျွန်တော်ဆယ်တန်းအောင်လို့အိမ်မှာ မေမေမုန့်လုပ်ကျွေးတုန်းကတစ်ခါ...ကျွန်တော့်အသက်နှစ်ဆယ်ပြည့်မွေးနေ့တုန်းကတစ်ခါ...အဲ့တုန်းက အဖေ ရိုက်ကူးရေးနဲ့ ခရီးထွက်နေလို့...အိမ်မှာ မရှိဘူး"
ကျွန်တော့်အသံ နည်းနည်းမာနေတယ်။ စိတ်ဆိုးလို့မာနေတာမဟုတ်ဘူး။ အဖေကတော့ သူ့ပျက်ကွက်မှုတွေကြောင့် စိတ်မကောင်းဖြစ်နေတယ်ထင်တယ်။ ဒါတွေက ကျွန်တော်တို့သားအဖတွေ့တိုင်း ဖြစ်နေကျ ပြောနေကျ dialogue တွေ acting တွေပဲ။
"အင်း....အဖေအိမ်မှာ မရှိခဲ့တဲ့အချိန်တွေက တော်တော်များတာပဲ...ငါ့သားတောင် မိန်းမ ရပြီး အသက်တောင် သုံးဆယ်ပြည့်တော့မယ်...ဒါနဲ့... ချွေးမလေးက...သားသူငယ်ချင်းလားကွ"
"ကိုးတန်းထဲက ခင်တဲ့ ငယ်သူငယ်ချင်း...အဖေတို့ထက် စောစောတွေ့ခဲ့တာပေါ့"
ကျွန်တော့်စကားကိုနားထောင်ရင်း အဖေမျက်ခုံးပင့်လိုက်တယ်။
"စောစောတွေ့ခဲ့တော့....တစ်ယောက်အကြောင်းတစ်ယောက်သိဖို့အချိန်ပိုရတာပေါ့ကွာ...ဟားဟား"
"အဖေနဲ့အမေ ကရော....အချိန်မရခဲ့လို့လား"
ကျွန်တော် မေးသာမေးလိုက်ရတယ်။ စိတ်ထဲမှာ အဖေဒေါသထွက်သွားမှာကို ကြောက်မိနေတယ်။
"အင်း....အချိန်မလောက်ခဲ့တာ....တစ်ယောက်နဲ့တစ်ယောက်...နားလည်ပေးဖို့....အချိန်မလောက်ခဲ့ကြတာ....အများစုကတော့....ငါ့အပြစ်တွေပါပဲ"
မျက်ရည်စို့လာတဲ့ အဖေ့မျက်ဝန်းအိမ်က မျက်ရည်တွေကို မာနနဲ့တင်းထိန်းထားတယ်။ တချိန်ထဲမှာ အဖေ့ရဲ့အချစ်ဆုံးသူငယ်ချင်း အခုတော့ ကွာရှင်းထားတဲ့ဇနီး ကိုသတိရမိနေမှာပေါ့။ အဲ့ဒီလိုတွေးလိုက်တိုင်း...သူတို့ကို ခွဲခဲ့တာ ကျွန်တော် လို့အမြဲတွေးနေမိတယ်။
"သူရော....နေကောင်းရဲ့လား"
မပွင့်တပွင့် ထွက်လာတဲ့ အဖေ့မေးခွန်း...
"အမေ...ကြီးမေအိမ်မှာနေတယ်...နေကောင်းပါတယ်.."
စိတ်ချတဲ့ပုံစံမျိုးနဲ့ ခေါင်းလေးငြိမ့်ပြီး ကော်ဖီသောက်လိုက်တယ်။ Black coffee ခါးခါး တွေကိုကြည့်ပြီး ပြုံးနေတဲ့ ကျွန်တော့်​အဖေကြောင့် ကျွန်တော့်လုပ်ရပ်ဟာ ဘယ်လိုစဥ်းစားစဥ်းစား မှားတယ်ပဲ လက္ခဏာပြနေတယ်။
"မခါးဘူးလား"
ကျွန်တော့်မေးခွန်းကြောင့် အဖေ့အတွေးကမ္ဘာထဲက လက်ရှိကိုပြန်ရောက်လာတယ်ထင်တယ်။
"ဟင်...အင်း....ကြိုက်တဲ့သူအတွက်ကတော့...ခါးတယ်မပြောဘူးပေါ့ကွာ..."
"ဒါဆို...ခါးတာကိုသိသိကြီးနဲ့ ဆက်သောက်နေတာပေါ့ အဲ့လိုလား"
အဖေကပြုံးပြီးဖြေတယ်။
"အဖေ ညဘက်တွေ script ရေးရတဲ့အခါ မအိပ်ချင်အောင် black coffee ဖျော်ပြီးဘေးမှာချထားပြီးရေးလေ့ရှိတယ်...အဖေက ကော်ဖီဆို နို့ဆီလေးတစ်ဇွန်းထည့်မွှေ ချိုမွှေးသောက်ရတာကြိုက်တယ်...ညဘက်တော့ မအိပ်ချင်အောင် black သောက်တယ်။ စစချင်း ခါးလွန်းလို့ သွန်ပစ်ရတယ်...ဒါပေမယ့် အဲ့ဒီသွန်ပစ်ချင်အောင် ခါးတဲ့အရသာကို လျှာကလက်ခံလာပြီး တဖြည်းဖြည်းနဲ့ black coffee သောက်တတ်လာတာပဲ..."
အဖေဟာ စကားပြောပြီးတဲ့နောက် ကော်ဖီတစ်ငုံသောက်လိုက်ပါသေးတယ်။
"ဒါဆို...အဖေက...ကျွန်တော့်လိုပဲ...နို့ဆီနဲ့သောက်ရတာကြိုက်တာပေါ့"
"အေးကွ...အဖေက အချိုကြိုက်တော့ သကြားထက် နို့ဆီထည့်သောက်တာ...ဒါနဲ့ အဖေ့ကို black coffee စသောက်ခိုင်းတာဘယ်သူလဲသိလား"
ကျွန်တော် ဖြည်းညှင်းစွာ ခေါင်းခါပြတယ်။
"မင်းအမေ...ငါ့သူငယ်ချင်းပေါ့"
အဖေ့ရဲ့ အဖြေဟာ နောင်တတွေလွမ်းဆွတ်မှုတွေနဲ့ဆို့နင်နေသလား...ဒါမှမဟုတ် ကျွန်တော်ပဲ ကြေကွဲနေတာလား။ ကော်ဖီဆိုင်လေးဟာ လိုတာထက်ပိုတိတ်ဆိတ်လို့နေတယ်။
X
"မနက်က နင်ဘယ်သွားတာလဲဟင်"
"ဟင်"
ရုတ်တရက် သူမအမေးကိုသေချာမကြားလိုက်မိ။
"ဘာမေးတာလဲ"
"မနက်က ဘယ်သွားတာလဲလို့...."
"အော်...အဖေနဲ့သွားတွေ့တာပါ။"
"ဘယ်လို...နင်သွားတွေ့တာ...နင့်အဖေ?"
ဘာဖြစ်လို့ စန္ဒီနိုင်က ပြူးတူးပြဲတဲ နိုင်သွားတာတုန်း။
"အေးလေ..အာ့ဘာဖြစ်လဲ...မတွေ့ရဘူးလား ငါက"
စိတ်တိုတိုနဲ့အော်ပေးလိုက်တယ်။ တကယ်က အော်ပြောဖို့မလိုတာသိတယ်။
"မဟုတ်ဘူးလေ...နင်ကလည်း...နင့်အဖေဆိုတာငါမှမသိတာ..."
"သိတော့ဘာလုပ်မို့လဲ"
"နှုတ်ဆက်ရမှာပေါ့ဟဲ့...ငါတို့ချင်းက ဟန်ဆောင်လက်ထပ်ထားတာမှန်ပေမယ့် လူကြီးက တကယ်ယူထားတာလို့ပဲသိတာလေ...နင်တောင်ငါ့မိဘတွေကိုတွေ့ပြီးပြီ။ နင့်အဖေကိုငါမတွေ့ရသေးဘူးမလား..."
"အမ်..."
မထင်မှတ်ထားတဲ့ စကားတို့ကြောင့် ကျွန်တော် ဘာမှမပြောဘဲ သူမကိုကြည့်နေမိတယ်။
"မေမေနဲ့တွေ့ပြီးပြီပဲဟာ...ရပါတယ်"
"ဘယ်ဟုတ်မလဲ သော်တာရဲ့...လူကြီးတွေက သူတို့ကို respect ပေးတာ အသိအမှတ်ပြုတာကို ဘယ်သူမဆို လက်ခံသဘောကျကြတာချည်းပဲ...ပြီးတော့ ငါက...အနေအထားအရ...ချွေးမဖြစ်သွားပြီလေ...ကိုယ့်ယောက္ခထီးကို သွားတွေ့ရမှာပေါ့လို့"
ကျွန်တော် အံ့သြသွားတယ်။
စန္ဒီ့မှာ တကယ်ပဲ ဒီလိုစိတ်ကူးမျိုးတွေ ရှိနေသလား။ အမှန်တိုင်းဝန်ခံရရင် ကျွန်တော်တို့ရဲ့ပတ်သက်မှုဟာ အယောင်ဆောင်လက်ထပ်ထားတာတဲ့ ငယ်သူငယ်ချင်းတွေကလွဲ တခြားထပ်တွေးစရာမရှိပါ။ ဒါပေမယ့် စန္ဒီ့ဆီက ဒီလိုကြားလာရတော့...စိတ်ထဲမှာ နွေးခနဲ ဖြစ်မိတယ်။ ဒီလိုကျတော့ ကျွန်တော်တို့က တကယ့်အတွဲတွေလိုပဲ။ ကျွန်တော် ခေါက်ဆွဲကြော်စားနေတဲ့ သူမကို ပြုံးပြလိုက်မိတယ်။ သူမကတော့ မမြင်ပါဘူး။
"ဒါနဲ့ နင်သိလား"
"ဟင်...ဘာကိုလဲ"
ကျွန်တော့်ကို မွန်းကြပ်စေတာတွေကို စန္ဒီကိုရင်ဖွင့်သိသလား။ ရုတ်တရက် စကားစမိလိုက်လို့ ကိုယ့်ကိုယ်ကိုတောင် အံ့သြသွားတယ်။
"သော်တာ...ဘာပြောမလို့လဲ...ပြောလေ..."
ကျွန်တော် မပြောတော့ဖို့ဆုံးဖြတ်လိုက်တယ်။
"ဘာမှမဟုတ်တော့ဘူး"
အဲ့ဒီတော့ သူမက မျက်နှာတည်ကြီးနဲ့ ...
"ဟဲ့ သော်တာခွန်း"
"..........."
"ဒီအိမ်မှာ ငါနဲ့နင် နှစ်ယောက်ပဲရှိတယ်။ ငါတို့ကစတိတ်ကျောင်းသားဘဝထဲက ပေါင်းလာတဲ့သူတွေ...ဘယ်လိုပဲ ဟန်ဆောင်လက်ထပ်ထားတယ်ပြောပြော..လူကြီးတွေရိုက်ပေးစားလို့ယူထားတာမဟုတ်ဘူး။ နင်နဲ့ငါ ဒီအိမ်မှာ တစ်နှစ်လောက်အတူနေရမှာ...အဲ့တော့ ငါတို့ ဘယ်ကိစ္စမဆို တိုင်ပင်ဆွေးနွေးလို့ရတယ်...ရင်ဖွင့်လို့ရတယ်...အဲ့လိုနေတာ ငါတို့အတွက် ပိုအဆင်မပြေဘူးလား"
"မပြေဘူး...ငါ့ personal ကိုမပြောချင်ဘူး"
ချက်ချင်း မျက်နှာပြောင်းသွားတဲ့ စန္ဒီနိုင်ဟာ ကျွန်တော့်ကိုမကြည့်တော့ဘူး။ ရေတစ်ခွက်သောက်လိုက်ပြီး မတ်တပ်ရပ်လိုက်တယ်။ သူမ ဘာထလုပ်မလဲဆိုပြီး အသင့်အနေအထားနဲ့ နေနေရတယ်။ ဘာလို့​ဆို ကျွန်တော် သူမ မကြိုက်တဲ့စကားပြောမိတာကိုး။
"ကောင်းပြီလေ...မပြောချင်တော့လည်း နားမထောင်ရုံပေါ့။ ငါကတော့ နင်ပြောပြော မပြောပြော သူငယ်ချင်းတစ်ယောက်အနေနဲ့ မေးသင့်တာ လုပ်သင့်တာကိုလုပ်လိုက်တာ.."
"ဘယ်လို"
"ငါသဘောထားကြီးပြီး တံခါးဖွင့်ထားပေမယ့်...နင်က တံခါးပိတ်ထားတယ်ဆိုတော့လည်း...မတတ်နိုင်ဘူးပေါ့...နောက်မှ...အသက်ရှုကြပ်လာရင်တော့ ငါ့အပြစ်မဟုတ်ဘူးနော်"
စောနက နွေး ခနဲ...ဆိုတာကို ပြန်ရုတ်သိမ်းတယ်။
"အမလေး...ဟုတ်ပါတယ်...မဟာကရုဏာရှင်မကြီးရယ်...ကျွန်တော်မှားတာပါ...စကားစမိတဲ့ ဟောဒီက မောင်သော်တာလေး မှားတာပါလို့..."
တကယ်ပါ။ ကျွန်တော့်ကိုကျွန်တော်ပဲ ပြန်ဆုံးမလိုက်တယ်။ မင်းနောက်တစ်ခါ အာမချောင်နဲ့လို့။
X
3 က နဲနဲများလို့ ယူတို့ဖတ်ရအောင် ခွဲပို့လိုက်တယ်နော် 😊
အပိုင်းသစ်နောက်ကျတာလေး ခွင့်လွှတ်ပါ😘

MJ11

မတော်တဆ 🤍💋❤Where stories live. Discover now