2 years later....မနက်ခင်းနေရောင်ခြည်တချို့ အခန်းလေးထဲတွင် ဖိတ်စင်တောက်ပနေသည်။ Alarm သံထွက်ပေါ်လာသည်နှင့်အတူ အိပ်ရာပေါ်ရှိ သူမလည်း လူးလွန့်လာသည်။ မျက်လုံးနှစ်လုံးကိုဖွင့်လိုက်ပြီး ဖြည်းညှင်းစွာ ထထိုင်လိုက်သည်။ အပျင်းကြောဆန့်ပြီး ကုတင်ပေါ်မှဆင်းကာ ပြတင်းပေါက်ိုဖွင့်ချလိုက်သည်။
တနေ့တာ၏ သန့်စင်သော လေနုအေးတို့ကို အားရစွာရှုရှိုက်လိုက်သည်။ မြင်ကွင်းရှေ့၌ သူမကဲ့သို့သော ဒီနေ့ကို အစပြုနေကြသည့် လူများကို အခန်းအသီးသီးတွင် တွေ့ရသည်။ ဒီနေ့သည် သူမအတွက်လည်း အရေးကြီးသော နေ့တစ်နေ့ဖြစ်သည်။ ထို့ကြောင့် အိပ်ရာသိမ်းပြီး ရေချိုးရန်ပြင်ဆင်လိုက်သည်။
xxx
နို့နစ်ရောင် နောက်ခံတွင် ရွှေဝါရောင် စာလုံးများဖြင့် ရေးဆွဲထားသော "Fields of gold" အမည်ရှိ ဆိုင်းဘုတ်ကြီးကို သူမ ငေးကြည့်နေမိသည်။ တခြားသော ဧရာမ ဆိုင်းဘုတ်များနှင့်ယှဥ်ရင် တဝက်သာသာ ရှိပေမယ့် သူမအတွက်တော့ အလှဆုံး အခမ်းနားဆုံးဆိုင်းဘုတ်ဖြစ်သည်။ ဘွဲ့ရပြီးနောက် Guide အဖြစ်နဲ့ အချိန်ပိုင်း စာလိုက်သင်ရာက Language school တစ်ခုတွင် အလုပ်ဝင်လုပ်ခဲ့သည်။ စာသင်တာထက် စာဖတ်ရတာကိုခုံမင်သူမို့ အလုပ်ကထွက်ပြီး ရှိသမျှအကုန်ရင်းကာ ကိုယ်ပိုင်လုပ်ငန်းလုပ်ရန် စွန့်စားခဲ့သည်။
သူမစုထားတာပဲတော့မဟုတ်။ အိမ်ကလည်း ပါရ၏။ ဘာဖြစ်ဖြစ် စာဖတ်ဝါသနာပါပြီး စာအုပ်ဆိုင်ဖွင့်နိုင်ခြင်းမှာ သူမအတွက်တော့ ဘဝမှာ ဂုဏ်ယူစရာအကောင်းဆုံးနေ့တစ်နေ့အဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။ အခုလို အရေးကြီးတဲ့နေ့တစ်နေ့မှာ ခိုင်အိကိုအနားမှာရှိစေချင်မိသည်။ ဘွဲ့ရပြီးကတည်းက မဆုံဖြစ်ကြတာ အခုဆို ၇ နှစ်ပင်ပြည့်တော့မည်။ စန္ဒီနိုင်တွေးရင် စိတ်မကောင်းဖြစ်မိသည်။
အောင်မြင်သူတစ်ယောက်အသွင် mood အပြည့်နဲ့ ဆိုင်ရှေ့မတ်တပ်ရပ်နေတုန်း ဖုန်းမြည်လာသည်။ နာမည်ကိုကြည့်တော့ ကြည်နေသည့်စိတ်ကလေး ပျောက်သွားသည်။
"ဟဲလို စန္ဒီလား"
"ပြော"
လေသံမာ၍ အထဲမှ ခဏငြိမ်သွားသည်။
"နင်ကလည်းဟာ...ကိုယ့်သူငယ်ချင်းကို ကောင်းကောင်းမွန်မွန်ပြောပါလား။ လေသံက မာလိုက်တာ..."
"ဟဲ့ ကောင်းကောင်းပြောချင်တဲ့အနေအထားလား ပြန်စဥ်းစားလေ။ ကိုယ့်သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးရဲ့ ဆိုင်ဖွင့်ပွဲကိုတောင် မလာနိုင်တာ ဘယ်သတ္တဝါလဲ။"
"ငါမလာဘူးလို့ နင့်ကိုပြောလိုက်လို့လား။"
စန္ဒီစိတ်တိုသွားသည်။ လမ်းမပေါ် ရပ်ပြောနေသည့်အတွက် အံကြိတ်အသံဖြင့် ဖုန်းပြောနေရသည်ကို ဒေါသကိုလာဆွနေသည်။
"ဒီမှာ အတာမ...ငါ့ဆိုင်ဖွင့်ပွဲရှိတာ လေးယောက်လုံးသိတယ်။ နင်တို့မအားဘူး မလာနိုင်ဘူးဆိုတာလဲ သိပါတယ်။ အတင်းလည်း မလာခိုင်းဘူး။ ဒါပေမယ့်ဟာ..ခိုင်လေးနဲ့ကျော်ကြီးတောင် ညက ငါ့ကို V call နဲ့ congratulations ပြောပြီးပြီ...တစ်နိုင်ငံထဲနေတဲ့ နင်တို့က မသိချင်ယောက်ဆောင်နေတာ ကောင်းလား။"
"သြော် ဒါဖြင့် နင်က congratulations ပြောတာပပဲကြားချင်တာပေါ့ အဲ့လိုလား.."
"သော် တာ ခွန်း!"
အသံအုပ်အုပ်ဖြင့် အော်ထည့်လိုက်ပေမယ့် အနည်းငယ်ကျယ်သွားသောကြောင့် စန္ဒီ့ဆီသို့ ဦးတည်လျှောက်လာသူ အမျိုးသမီးငယ်မှာ တွန့် ခနဲ ရပ်သွားသည်။ ဒါကိုသိလိုက်တဲ့ စန္ဒီက သူမကို အားနာပြီး လက်ကာပြသည်။ တဖက်က ငနာ ကတော့ ဖုန်းကို နားကနေ ခွာလိုက်ပြီး ရယ်နေ၏။
"တော်ပြီ။ ဆက်ပြောနေရင် မဂ်လာရှိတဲ့နေ့လေးကနေ အမဂ်လာဖြစ်သွားလိမ့်မယ်...ငါ့ကို စကားလာမပြောနဲ့ နင်..."
"မင်းကလည်း စိတ်ကြီးပဲကွာ...ငါက ကိုယ့်သူငယ်ချင်းကို ချစ်လို့စတာကို...ငါပြန်ချော့မယ်လေ..ကဲ နောက်လှည့်လိုက်"
"ဘာ"
စိတ်တိုရတဲ့အထဲ ဘာအရူးကွက်နင်းပြန်ပြီလဲ ဟုတွေးမိသည်။ ဒါမျိုးတော့ ရိုးနေပြီ။
"ဟဲ့ ငါနင်နဲ့ပေါင်းလာတာ နှစ်ပေါက်နေပြီ။ ငါ တခါပဲခံမယ်..ငါ့အရူးကွက်လာမနင်းနဲ့...ဒါပဲ အားမနေ...အမလေး!"
စွေ့ ခနဲ လူက တပတ်လည်သွားပြီး အနောက်ဘက်သို့မျက်နှာချင်းဆိုင်မိသည်။ အရှိန်သိပ်မများသောကြောင့် ကိုယ်ရှိန်သတ်လိုက်နိုင်၏။
သူမရှေ့တွင် ရပ်နေသော လူကိုတွေ့တော့ အံ့သြသွားရသည်။
"သော်တာခွန်း"
"Surprise ဒေါ် စန္ဒီ"
ပထမဆုံးဆိုင်ဖွင့်ပွဲလေးမှာ သူငယ်ချင်း ၅ ယောက်နှင့်အတူ ဖဲကြိုးဖြတ်၍ ဂုဏ်ယူပျော်ချင်တာ သူမ၏ ဆန္ဒအမှန်ဖြစ်သည်။
သိုပေမယ့် စီးပွားရေးလောကထဲသို့ အခုမှ ဖိနပ်ကြိုးချည်ပြီး ကွင်းထဲရောက်လာသည့် ဘောလုံးသမားလို အနေအထားမို့ ဖဲကြိုးဖြတ်ရအောင် မကြီးကျယ်သေးသလို အချစ်ဆုံးသူငယ်ချင်းတွေလည်း လူမစုံကြသေးပေ။ ဘာပဲပြောပြော ရှိတဲ့လူလေးနဲ့ ပထမဆုံးဖွင့်တဲ့နေ့မှာ အတူရှိနေချင်မိ၍ လာကြရန် ပြောသော်လည်း နှစ်ယောက်မှာ အားတယ်မရှိ။ ကိုယ့် bff ကိုဦးစားမပေးရကောင်းလားဟု စိတ်ကောက်ချင်ပေမယ့် မငယ်တော့တဲ့ သူငယ်ချင်းနှစ်ယောက်မှာ အလုပ်ကိုယ်စီ တာဝန်ကိုယ်စီမို့ ဖြေသိမ့်လိုက်ရသည်။
အခုလည်း လာမယ်လိုလို မလာဘူးလိုလို စကားကိုအမျိုးမျိုးပြောရင်းက မျက်စိရှေ့ကို surprise ဆိုပြီး ဘွား ခနဲရောက်လာပြန်ပြီ။
"ဟဲ့ နင် မလာတော့ဘူးဆို"
"အင်း..အစက မအားလို့မလာနိုင်ဘူးပြောလိုက်တာ...အခု အချိန်မီလို့"
"သြော်"
သူ့ကိုတွေ့တော့ စန္ဒီနိုင် အံ့သြပြီးပျော်ရသည်။
ဘာဖြစ်ဖြစ် သူငယ်ချင်းတစ်ယောက်ရှိလဲ အားရှိသည်မဟုတ်လား။
"ဘာရပ်လုပ်နေတာလဲ။ အထဲဝင်မယ်လေ။"
"အေး...နင်အရင်ဝင်နှင့်လိုက်...ငါ့ဧည့်သည်တွေစောင့်ရဦးမယ်။"
ဆိုင်ဖွင့်ပွဲ မို့လို့လား မသိ။
ဒီနေ့ သူမ သည် လှပပြီးခန့်ညားလို့နေ၏။
ခါတိုင်းလို ရှပ်အကျီပွပွ ၊ ပန့်စ်အရှည်ကို ဆံပင်တွေဖွာနေတာမျိုးမဟုတ်ဘဲ အဖြူရောင် ဘလောက်စ်ပွလေးကို ဒူးအောက်ထိရှည်သော နက်ပြာရောင်စကတ်လေးနဲ့တွဲဝတ်ထားသည်။အမြဲထုံးထားတတ်သည့် ဆံထိုးတော်ကြီး တမာသီးကို ခွေရစ်၍လှိုင်းတွန့်လို ဆံနွယ်များအဖြစ်ပြောင်းလဲလိုက်လေပြီ။ အောက်တွင်မူ ထုံးစံအတိုင်း သူမအကြိုက်ဆုံး sneakers အပြာလေးစီးထားသည်။ Sneakers နဲ့ Sandals သာ အမြဲစီးလေ့ရှိသော စန္ဒီနိုင်သည် မျက်စိရှေ့တွင် ပြောင်းလဲကာ ပိုလှ ပိုစမတ်ကျလာသည်ဟု သော်တာတွေးမိသည်။
အခုလည်း ဒီလိုဝတ်စားပုံနဲ့ လမ်းမပေါ် မော့တော့မော့တော့ လုပ်နေမည်ကိုမြင်ယောင်သေးသည်။
သူမအတွက် တကယ် ဟက်ထိစေနိုင်မယ့် surprise အကြီးစားလည်းပြင်လာသည်ဖြစ်၍ ဆိုင်ထဲဝင်မှသာအဆင်ပြေမည်။
"ဟာ အပြင်မှာ လားလားလားလားနဲ့ ရပ်စောင့်မလို့လား။ လာပါဟာ အထဲဝင်ပြီးစောင့်လည်းရတာကို..လာ"
သော်တာက သူမလက်မောင်းကို လှမ်းဆွဲရင်း နှစ်ယောက်သား အထဲဝင်သွားကြသည်။ သော်တာတစ်ယောက် သူပေးမယ့် အံ့သြဘနန်း လက်ဆောင်ကို သူမ နှစ်သက်လိမ့်မည်ဟု ယုံကြည်ထားသည်။
ဆိုင်ထဲရောက်တော့ သော်တာခွန်း စာအုပ်တွေလိုက်ကြည့်သည်။ စန္ဒီနိုင်ကတော့ ကောင်တာတွင်ထိုင်၍ ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေသည်။
အတန်ကြာသော် ကောင်တာစားပွဲပေါ်သို့ စာအုပ်တချို့ ရောက်လာသည်။
"ဒါလေး ယူမယ်နော် အစ်မ"
စန္ဒီ ကာစတန်မာကိုမော့မကြည့်ဘဲ ပိုက်ဆံရှင်းပေးနေ၏။ ထို့နောက် နောက်ထပ် ကာစတန်မာတစ်ယောက်က စာအုပ်တွေထပ်တင်လိုက်ပြန်သည်။ စာအုပ်များပြန့်ကျဲသွား၍ စန္ဒီ သပ်ရပ်စွာ စုထားရင်း...
"ဟို...ကျေးဇူးပြုပြီး တန်းလေးစီပေးပါနော်။"
"ကိုယ့်သူငယ်ချင်းအရင်းကို အရင်ဦးစားပေးရမှာပေါ့ဟ"
"ဟင်"
ဘယ်သူများပါလိမ့်။ သူငယ်ချင်းအရင်းဆိိုလို့ မော့ကြည့်လိုက်သောအခါ သူမ ပါးစပ်အဟောင်းသားနဲ့ မျက်လုံးများပင်ပြူးသွားရသည်။
"ဟာ...ထွန်း..ထွန်းရှည်"
လက်ထဲက စာအုပ်ပင်လွတ်ကျမိအောင် အံ့သြသွားသည်။ သို့သော် နောက်ထပ်တွေ့လိုက်ရသူများကြောင့် သူမ မျက်ရည်ပါကျသွားသည်။
ထိုသူတို့မှာ ကျော်ကြီးနှင့် ခိုင်လေး။
"နင်..နင်တို့...အီး ဟီးဟီး..."
သူမ ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်ပြီး မျက်နှာအုပ်၍ ငိုနေမိသည်။ ထိုစဥ် သူမကိုယ်ပေါ်သို့ သူငယ်ချင်းလေးယောက်စလုံး အုပ်မိုးထားလိုက်တော့သည်။ ခုနစ်နှစ်လုံးလုံး ဝေးကွာနေကြတဲ့ အချစ်ဆုံး bff အဖွဲ့ဝင် ငါးဦးစလုံးကို ဆိုင်ဖွင့်ပွဲနေ့တွင် ရှိနေစေချင်သော စန္ဒီရဲ့ဆန္ဒလေးမှာလည်း ဝမ်းသာကြည်နူးစွာ ပြည့်စုံသွားပြီဖြစ်သည်။Hello readers
ကြားထဲမှာ နည်းနည်းကြာသွားပါတယ်။အခုထိ အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
စာဖတ်သူဟာ ကိုယ့်အတွက် Vitamin ပါ။
စာဖတ်သူ တစ်ယောက်ပဲရှိလည်း
အဲ့တစ်ယောက်အတွက် အဆုံးထိရေးနေပါမယ်။Peace & Love
MJ11
YOU ARE READING
မတော်တဆ 🤍💋❤
Romance"လည်ပင်းဖက်ပြီးပေါင်းလာတဲ့ bff အဖွဲ့လေးထဲကို တနေ့တော့ အချစ်ဆိုတဲ့ အုန်းသီးတစ်လုံး ပြုတ်ကျလာခဲ့တယ်။ အုန်းသီးတစ်လုံးဟာ မျောက်တွေအတွက်တော့..... တကယ့် 'ငစား' ပဲ။ အထူးသဖြင့် ကျွန်တော်နဲ့ သူမ အတွက် ဆိုပါတော့။" Pandemic ကာလအတွင်းကိုအခြေခံရေးထားတဲ့ Quaran...