"ကလင် ကလင် ကလင်"
မနက်စောစောစီးစီး မြည်လာတဲ့ဖုန်းကြောင့် စန္ဒီ နိုးလာခဲ့သည်။ ခေါင်းအုံးနဲ့ဖိအိပ်နေတာတောင် အဆက်မပြတ်မြည်နေသောဖုန်းသံမှာ အင်မတန် စိတ်ပျက်စရာကောင်းလှသည်။
"စောစောစီးစီးဟာ......."
စန္ဒီ မလှမ်းချင်လှမ်းချင်နဲ့ ဖုန်းလှမ်းယူလိုက်ကာ...
"ဟဲလို...."
"သမီး...မေမေပါ"
စန္ဒီ ဖုန်းကိုခဏခွာ၍ နာမည်ပြန်စစ်လိုက်သည်။
"ဟုတ်...ဘာဖြစ်လို့လဲဟင်"
"ဘာမှမဖြစ်ဘူး...ဒီနေ့အိမ်မှာ ညည်းတူလေး မွေးနေ့ ရွှေတောင်ခေါက်ဆွဲ ချက်လို့လေ...အဲ့ဒါ လာပေးမလို့...အခုလာနေပြီ.လှမ်းပြောတာ"
"ရှန်!"
စန္ဒီနိုင်တစ်ယောက် မျက်လုံးများပြူးကျယ်ကာ ငုတ်တုတ်ထထိုင်မိတော့သည်။ ဖုန်းထဲက အမေဖြစ်သူမှာတော့ စကားတွေဆက်ပြောနေသော်လည်း မကြားနိူင်တော့။
"မေမေတို့ ဘယ်နားရောက်ပြီလဲ....သ သမီးလာကြိုမယ်လေ.."
"မလိုဘူး ရတယ်....အောက်ရောက်ရင် ဖုန်းဆက်လိုက်မယ်.. ဖုန်းကိုင်"
"ဟုတ် မေမေ....ဒါပဲနော်"
"အေး"
"တီ"
ဖုန်းချပြီးသည်နှင့် ခေါင်းအုံးနှင့်ဖက်လုံးယူကာ တဖက်အခန်းကိုပြေးတော့သည်။ အိပ်မောကျနေဆဲ သော်တာခွန်းကတော့ ဘာမှမသိရှာသေး။ မနက်ခင်းလေးမှာ နိုးတဝက် အိပ်တဝက်နဲ့ ဖက်လုံးလေးဖက်ကာ အိပ်ရာထဲနှပ်နေစဥ် တံခါးဖွင့်လို့ ဆိုင်းမဆင့်ဘုံမဆင့် အခန်းထဲဝင်ချလာသူ စန္ဒီနိုင်။
"သော်တာခွန်း...နင်ထတော့...ထ ထ"
ဗြုန်းစားကြီး သူများအခန်းထဲဝင်ချလာပြီး အတင်းနှိုးနေသူ စန္ဒီ့ကြောင့် သူကြောင်တောင်တောင်စိုက်ကြည့်နေတုန်း။ ဘယ်လိုလုပ် အခန်းထဲရောက်ချလာပြန်တာလဲ ဒီတစ်ယောက်က.....
စန္ဒီက သော်တာ့လက်မောင်းကိုဆွဲခါ၍ ပါးစပ်ကလည်း တတွတ်တွတ်ပြောနေ၏။
"ဟဲ့ ထ....ခဏနေရင် ငါ့အမေ အိမ်ပေါ်တက်လာတော့မှာ..."
အမေ? စန္ဒီနိုင့် အမေဒေါ်မိုးဦး...
သော်တာ အိပ်ချင်တာပျောက်သွားသည်။
"နင့်အမေက ဘာလို့လာမှာလဲ..."
"အဲ့ဒါအရေးမကြီးဘူး...အရေးကြီးတာ ကုတင်.."
"ဟင်"
"ဘာဟင်လဲ...ငါတို့ အခန်းခွဲအိပ်တာ သိသွားရင် သေပြီလေ...အကုန်ပေါ်ကုန်လိမ့်မယ်ဟဲ့...ကျစ်...
ပြောရတာ မောတယ်...နင်ထစမ်းပါ"
စန္ဒီ စိတ်မရှည်တော့ဘဲ အတင်းလက်မောင်းကဆွဲထူလိုက်တော့ အပေါ်အကျီမပါဘဲ boxer သာဝတ်ထားသည့် သော်တာခွန်းကိုတွေ့လိုက်ရသည်။ စန္ဒီ ထူပူသွားပြီး ရှက်ရှက်နှင့် သော်တာ့လက်မောင်းကို ဖြန်းခနဲရိုက်ချလိုက်တော့သည်။
"ဖြန်း"
"အ...နာတယ်ဟ"
"နာပလေ့စေ...နင့်ကိုယ်နင်ပြန်ကြည့်"
သူမ ပြောမှ ပြန်ငုံ့ကြည့်မိတော့ သော်တာ ရှိန်း ခနဲဖြစ်သွားရသည်။ခပ်မြန်မြန်လေး ကုတင်မှာတင်နေသည့် အကျီကိုစွပ်ချကာ ဘောင်းဘီတစ်ထည်ကောက်ဝတ်လိုက်သည်။ ထိုးထိုးထောင်ထောင်ဖြစ်နေတာပါ ဖုံးဖိရသေးသည်။
"ငါ့ခေါင်းအုံးနဲ့ဖက်လုံးထားခဲ့မယ်...ငါတို့တစ်ခန်းထဲနေတဲ့ပုံစံပေါက်အောင်လုပ်ရမှာ...အချိန်မရှိဘူး...နင့်ပစ္စည်းတွေ ရွှေ့တော့"
စန္ဒီ စိတ်လောနေ၍ သတိမထားမိတာပဲကျေးဇူးတင်ရမလိုဖြစ်နေ၏။သူမ ပြောသလို ပစ္စည်းတွေနေရာဖယ်ပေးကာ အိပ်ရာပြန်ခင်းလိုက်သည်။ ခဏနေတော့ သူမ hand luggage လေးဆွဲ၍ အခန်းထဲပြန်ဝင်လာပြန်၏။ နှစ်ယောက်သား စကားမပြောဖြစ်ဘဲ လုပ်စရာရှိတာ လုပ်ရင်း အချိန်ကုန်သွားသည်။
အားလုံး နေရာတကျ စီစဥ်ပြီးလောက်ချိန်တွင် သော်တာခွန်း စကားစပြောလာ၏။
"စန္ဒီ..."
"ဟင်...ပြော"
စန္ဒီ သူ့ကိုမကြည့်ဘဲဖြေသည်။
"ဟို..ငါ...နင့်ကိုပြောစရာရှိတယ်။"
ထိုအခါ သူမ သော်တာခွန်းကိုလှည့်ကြည့်လာသည်။
"အင်း...ပြောလေ...အခုပြောမလို့လား"
အခုပြောလိုက်ချင်သော်လည်း အချိန်မလောက်မှာစိုး၍ သော်တာတွေဝေနေ၏။ သို့ပေမယ့် သိပ်အရေးမကြီးတာမို့....
"နောက်မှ အေးဆေးပြောမယ်လေ...နော်"
"အင်း...ရတယ်လေ"
"တီးတောင်..."
ဘဲလ်တီးသံအဆုံးမှာ နှစ်ယောက်စလုံး၏ အကြည့်တွေဟာ တံခါးဆီသို့ ဒိန်းခနဲရောက်ရှိသွားသည်။ ဆက် ခနဲတုန်သွားသည့် စန္ဒီနိုင်မှာ အခုကတည်းက စိုးရိမ်စိတ်တွေကိန်းအောင်းနေပုံပေါ်၍ သော်တာခွန်းကပဲ သူမပုခုံးတွေကိုဆုပ်ကိုင်ကာ အာရုံစိုက်လိုက်သည်။
"စန္ဒီ ငါ့ကိုကြည့်"
"ဟင်"
သူမ သူ့ကိုမျက်နှာချင်းဆိုင်လိုက်တော့ သူမကို သေချာစိုက်ကြည့်နေသည်။ တည်ငြိမ်ပြီးအေးဆေးသည့် အကြည့်များကြောင့် စန္ဒီ စိတ်ပူတာတွေ အနည်းငယ် လျော့သွားသလိုလို...။
"အခုချိန်ကစပြီး နင်နဲ့ငါ တကယ့်လင်မယားတွေနော်...နင့်အမေ ငါတို့ကို လုံးဝ မရိပ်မိစေရဘူး..သံသယမဝင်စေရဘူးလို့ ငါကတိပေးတယ်။ငါ့ကိုယုံတယ်မလား...ဟင်"
သူမ မျက်ဝန်းတွေကိုသာ စူးစိုက်ကြည့်နေသော သော်တာခွန်းသည် သူ့အပေါ် သူမ၏ အားကိုးယုံကြည်မှုတချို့ကို မြင်လိုက်ရသောအခါ...သူမကို ညင်သာစွာပြုံးပြလိုက်ပြီး တံခါးသွားဖွင့်လိုက်သည်။
"သမီးရေ....မေမေတို့ကိုလာသယ်..."
"ရောက်ပြီလား အန်တီ...လာ အထဲဝင်ပါ...ပစ္စည်းတွေ ကျွန်တော့်ကိုပေးလေ..."
"ဟေ...အေးအေး...ကျေးဇူးပါကွယ်"
သမီးကိုခေါ်နေရင်းက သားမက်ဖြစ်သူရောက်လာပြီး အထုပ်တွေယူသွားသဖြင့် ဒေါ်မိုးဦးမှာ ကြောင်တောင်တောင်ပင်ဖြစ်သွားသည်။ တဖက်မှာလည်း...နားကြားများမှားနေသလားဟု စန္ဒီတွေးမိသည်။ သူမအမေ လက်ထဲက ပစ္စည်းတွေကို အကုန်ယူလိုက်ပြီး စားပွဲပေါ်သွားတင်နေသော သော်တာခွန်းကြောင့် တံခါးဝနားတွင် ကြက်သေ သေနေလေ၏။ အမေဖြစ်သူမှာ သမီးဖြစ်သူ စန္ဒီနိုင်ကိုမမြင်တော့ဘဲ သားမက်ဖြစ်သည့် သော်တာခွန်းဦးဆောင်ရာသို့ လိုက်ပါနေသည်မှာ ထင်ထားသည်ထက် ပုံမှန်မဟုတ်သလိုခံစားမိနေ၏။ သို့ပေမယ့်... အနောက်မှာ ဖိနပ်ချွတ်နေသည့် စန္ဒီ့ညီမ ကသော်တာ့ကိုကြည့်ပြီး ပြုံးစိစိနှင့်....
"အယ့်လယ်....သားမက်ကလေးက ဘယ်ဆိုးလို့လဲဟ...ရောက်တာနဲ့ တံခါးဖွင့် အထုပ်တွေဆွဲယူပြီး ကြိုတာနော်..."
"ဟန်နီမ...နင်ပါလိုက်လာတာလား"
အံ့သြသောအမူအရာနှင့် စန္ဒီပြောတော့ ဟန်နီစိတ်ဆိုးချင်သွား၍ နှုတ်ခမ်းကိုဆူကာ...
"လိုက်လာလို့ မြင်နေရတာပေါ့...ဘာလဲ မလာစေချင်ဘူးလား...အာ့ဆိုလဲ ပြန်မယ်"
"အမလေး...မယ်မင်းကြီးမရယ်...ငါနင်ပါမယ်လို့မသိလို့ပါနော်...ထစ်ခနဲဆို နှုတ်ခမ်ဆူဖို့ပဲ...ဒါလား ကလေးအမေ"
"ကလေးအမေလည်း စိတ်ရှိတယ် မကြီးရဲ့...မဟုတ်တောင် စိတ်ကသိပ်ကြည်တာမဟုတ်ဘူး"
ဟန်နီ့မျက်နှာလေးညှိုးကာ စိတ်ပျက်ပျက်နှင့်ထိုင်ချလိုက်သည်။ စန္ဒီက ညီမဖြစ်သူနားထိုင်ကာ
"နင်ဘာဖြစ်လာတာလဲ...မင်းသူနဲ့ရန်ဖြစ်ထားတာလား"
ညီမဖြစ်သူမျက်နှာမကောင်းတော့ သူမလည်း စိတ်မကောင်းဖြစ်ရတာအမှန်ပင်။
"ဟိုလိုရန်ဖြစ်တာတော့မဟုတ်ပါဘူး..."
"ဒါဖြင့် ဘာဖြစ်နေတာလဲနင်က.."
တခါတခါ ဟန်နီဆိုသည်မှာလည်း ထစ်ခနဲဆို စိတ်ကောက်ပစ်တာမျိုး။
"ဒီလို ဟာ...အစတည်းက လင်မယားနှစ်ယောက် တိုင်ပင်ထားပြီးသား...ဒီနေ့က သားမွေးနေ့ အိမ်မှာ မုန့်လုပ်စားမယ်...ကလေးအတွက် birthday cake လည်းခွဲမယ်ပေါ့..."
"အင်း.."
"အဲ့ဒါကို သူ့အလုပ်ရှင်က ခေါ်တော့ ကောက်ကောက်ပါအောင်လိုက်သွားတယ်လေ...ကိုယ့်ကလေးမွေးနေ့ကွာ...အခုလို နေ့မျိုးမှာ မိသားစုကပိုအရေးမကြီးဘူးလား...အစ်မပဲစဥ်းစားကြည့်လေ...မသွားပါနဲ့ သားလေးစိတ်မကောင်းဖြစ်မယ် နောက်နေ့မှသွားပါလား ဆိုတာကို...အလုပ်ကပေါ်တုန်းလုပ်ရတာ...အခုလိုကာလကြီးမှာ ပိုက်ဆံကဖို့လွယ်တာမဟုတ်ဘူး...ဘာညာနဲ့ ညီမကိုပြန်ပြောတာပေါ့"
ဟန်နီ့ ပြဿနာကိုနားထောင်ရင်း သူမ၏ ဝမ်းနည်းစိတ်ကလေးပါ စန္ဒီလှမ်းမြင်နေရသည်။
"အဲ့တော့ နင်ဘာပြန်ပြောလိုက်လဲ"
"ညီမလည်း အမြင်ကတ်လို့ မနက်ကတည်းက စကားမပြောဘူး...ဖုန်းပါစက်ပိတ်ထားလိုက်တယ် အေးရော..ဟုတ်တယ်လေ...အလုပ်နဲ့ မိသားစု ဘယ်ဟာဦးစားပေးရမလဲ နားမလည်တဲ့အကောင်"
"မင်းသူကို အဲ့လိုမပြောပါနဲ့ ဟန်နီရယ်...နင့်ထက် ၅နှစ်တောင်ကြီးတယ် ငါနဲ့ရွယ်တူလောက်ရှိတယ်ဟဲ့..."
"ဟွန့်...သူ့ဟာသူ ကြီးကြီးသေးသေး...မသိဘူး....ညီမက သားလေးကိုကြည့်ပြီး ဒင်းကိုဒေါသထွက်ရတယ်...ကလေးက ဖေဖေဘယ်တော့ပြန်လာမလဲပဲမေးနေတာလေ...ကိတ်မုန့်ခွဲဖို့ သူ့အဖေကိုစောင့်နေတာတဲ့"
ဟန်နီပြောရင်း မျက်ရည်လေးဝေ့သွားသည်။ ပါးစပ်ကသာ ကျိန်ဆဲနေပေမယ့် စိတ်ထဲမှာတော့ အနားမှာရှိစေချင်တာကို စန္ဒီကောင်းကောင်းသိနေသည်။ တဖက်မှာလည်း မင်းသူရဲ့စိတ်ကိုသူမနားလည်ပေးနိုင်သည်။ မင်းသူဟာ တခြားလူလည်းမဟုတ်...သူမအရင်အလုပ်တစ်ခုတွင် အလုပ်တွဲလုပ်ဖူးပြီး အလုပ်ထဲ၌ ခင်မင်လာခဲ့ကြတာဖြစ်သည်။ လက်တွေ့ဆန်ပြီးကြိုးစားတဲ့သူမို့ ညီမဖြစ်သူ ဟန်နီနိုင်လို အသက်၅နှစ်ငယ်ပြီး မရင့်ကျက်သေးသည့်သူမကို အမြဲသည်းခံချစ်ပေးရှာသည်။ အခုလည်း ဖြစ်သင့်တာတစ်ခုကိုဦးစားပေးသည်လို့ပဲ စန္ဒီမြင်မိသည်။
ခဏကြာတော့ သူမဆီကိုဖုန်းဝင်လာသည်။ Contact ကိုမြင်တော့ စန္ဒီနိုင် မျက်ခုံးတစ်ချက်ပင့်ကာ ဟန်နီ့ကိုကြည့်လိုက်သည်။ ပေပွနေသော သားလေး၏ပါးစပ်တဝိုက်ကို တစ်သျှူးဖြင့်အသာသုတ်ပေးနေ၏။ စန္ဒီနိုင် ဖုန်းကိုင်ဖို့နေရာမှထွက်လာလိုက်သည်။
"ဟဲလို.."
"အင်း...ကိုမင်းသူ"
"ဟန်နီတို့ အစ်မဆီမှာလား"
စိုးရိမ်သံတွေရောယှက်နေသည့် မင်းသူစကားသံကို သူမခံစားမိလိုက်သည်။
"အင်း...အခုပဲ စန္ဒီ့ဆီရောက်လာကြတယ်...ကိုမင်းသူက...အခုအလုပ်ထဲမှာလား"
တဖက်က ဖြေသံမကြားတော့ဘဲ ရုတ်တရက် တိတ်ဆိတ်သွားသည်။ ထို့နောက် ဝမ်းနည်းအထီးကျန်နေသည့် စကားတချို့က ဖုန်းထဲကနေထွက်ကျလာတော့သည်။
"ကျွန်တော်...အခု..ကိတ်မုန့်ဆိုင်ကပြန်လာတာပါ...သားလေးရဲ့ birthday cake လေးလမ်းမှာ ဝင်ယူနေလို့..နည်းနည်းကြာသွားတာ...အခု..ကျွန်တော် အိမ်ပြန်လာတော့...သားကိုမတွေ့လို့"
"အော်...."
"ဟန်နီ့ဆီ ဖုန်းဆက်တာလည်း လုံးဝမကိုင်ဘူးဗျာ...စက်ပိတ်ထားတယ်ထင်ပါတယ်...သူအနားမှာရှိလားဟင်...ကျွန်တော်အိမ်ပြန်ရောက်နေပြီလို့...ဟို..သားလေးနဲ့ အတူတူ cake ခွဲဖို့စောင့်နေတယ်လို့...အစ်မကူပြောပေးလို့ရမလားဟင်"
"စန္ဒီပြောတာထက် ကိုမင်းသူကိုယ်တိုင် ပြောတာပိုကောင်းမယ်ထင်တယ်နော်...ဟန်နီကတော့ အခုထိ မရင့်ကျက်သေးတော့ ကိုမင်းသူကိုနားလည်မှုလွဲသွားတယ်နဲ့တူပါတယ်။ ဒါပေမယ့်လည်း....မိသားစုစုံစုံလင်လင်ရှိရမယ့်နေ့မျိုးမှာ ကိုမင်းသူက အလုပ်သွားတယ်ဆိုတော့....."
"ကျွန်တော်လည်း မသွားချင်ပါဘူးဗျာ...အလုပ်ကိစ္စတွေကလည်း Boss နဲ့ ကျွန်တော်ပဲ အသေးစိတ်သိတာဆိုတော့ မဖြစ်မနေ ထသွားလိုက်ရတဲ့သဘောပါ။ ဟန်နီထင်သလို...မိသားစုနဲ့အတူမနေချင်လို့မဟုတ်ပါဘူး...မြန်မြန်လက်စသတ်ပြီး အိမ်ကိုပြန်လာခဲ့တာ...အခု...သူတို့က...မရှိကြဘူးလေ"
မင်းသူ၏ဆို့နင့်ကြေကွဲမှုတွေကို ဖုန်းထဲကတဆင့်ကြားနေရသည်။
"အရမ်းစိတ်မကောင်းမဖြစ်ပါနဲ့ ကိုမင်းသူရယ်...ဟန်နီက စိတ်ဆိုးတုန်းခဏပါ...စန္ဒီ ကူပြောပေးမယ်နော်..."
"အခုလိုကိစ္စတွေအထိ...အကူအညီတောင်းရတာ...အားနာပါတယ် စန္ဒီရယ်...ကျေးဇူးလည်းတင်တယ်"
ထိုအခါ စန္ဒီကပြုံး၍...
"မလိုပါဘူး ကိုမင်းသူရာ...မိသားစုဝင်အချင်းချင်းပဲ...အားနာဖို့မလိုပါဘူး..."
နားလည်မှုလွဲနေသည့် ဟန်နီနှင့်မင်းသူတို့ကိုကြည့်ပြီး ကြားထဲက စန္ဒီနိုင် စိတ်မကောင်းဖြစ်မိသည်။ မရွှင်မပျဖြစ်နေတဲ့ ညီမမျက်နှာကိုလှမ်းကြည့်ပြီး သူတို့ပြန်အဆင်ပြေအောင် ကူညီဖို့ စန္ဒီတွေးရပေမည်။ ထိုစဥ် အိမ်ရှေ့က ခေါ်သံကြား၍ လျှောက်သွားလိုက်သည်။ ထမင်းစားဝိုင်းတွင် သူမ မေမေနှင့်သော်တာခွန်းတို့ထိုင်နေကြသည်ကိုတွေ့သည်။ စန္ဒီ့ကိုတွေ့သွားတော့ မေမေကလှမ်းခေါ်သည်။
"သမီး..လာလေ..ခေါက်ဆွဲလာစား"
"ဟုတ်"
သူမ သော်တာ့ဘေးတွင် ဝင်ထိုင်လိုက်သည်။ မေမေ့ကြောင့် သက်တောင့်သက်သာမှရှိပါ့မလားဟုတွေးမိပြီး သော်တာ့ကိုတချက်ခိုးကြည့်လိုက်တော့ အဆင်ပြေနေ၏။ တော်တော်သရုပ်ဆောင်ကောင်းတာပဲ လို့ပင်တွေးမိသည်။ အခြေအနေကောင်းနေဆဲမို့ စန္ဒီကျေနပ်သွားကာ ရွှေတောင်ခေါက်ဆွဲစားလိုက်သည်။
"ရှယ်ပဲ မေကြီးရေ့...စားလို့ကောင်းလိုက်တာ"
သူမ ပလုတ်ပလောင်းနဲ့ပြောတာကိုကြည့်ပြီး သော်တာပြုံးမိသည်။
"ဟုတ်တယ် အန်တီ..တကယ်စားလို့ကောင်းတယ်ဗျ..."
ဒေါ်မိုးဦးမျက်နှာမှာ နှလုံးပီတိဂွမ်းဆီထိသလို ပျော်ရွှင်နေသည်။ ကလေးနှစ်ယောက် အားရပါးရ စားသောက်နေတာကြည့်ပြီး ကြည်နူးရသလို တဖက်မှာလည်းစိတ်မကောင်းဖြစ်ရသည်။ ဒီကလေးတွေအကြောင်းတွေးမိတိုင်း အချစ်မပါသည့်အိမ်ထောင်ရေးကို ထူထောင်ဖို့ သူမကိုယ်တိုင် စီစဥ်ပေးမိခဲ့သည်ဟု နောင်တရမိသည်။ ငယ်သူငယ်ချင်းတွေမို့ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တော့ရှိနေကြမည်ဟုသာ ဖြည့်တွေးရင်း.....သူတို့ကိုပြုံး၍ကြည့်နေမိသည်။
"သမီးကြီး...ဒီမှာ နေရတာအဆင်ပြေရဲ့လား...စားလို့သောက်လို့ရော"
"ပြေပါတယ်...မေမေ"
"ဘယ်သူဟင်းချက်တာလဲ"
"သမီး" "ကျွန်တော်"
"ဟင်"
နှစ်ယောက်စလုံး တပြိုင်နက်ထဲ ဖြေလိုက်၍ ဒေါ်မိုးဦးကြောင်တောင်တောင်လေးကြည့်နေ၏။
"သားသော်တာက....ဟင်းချက်တတ်တာလား"
အလှည့်ကျချက်စားနေသည်ကို ရိပ်မိမှာစိုး၍....
"ဟို..ကျွန်တော်က ကူလုပ်ပေးတာပဲရှိတာပါ...တကယ်ချက်တာက စန္ဒီပါ။"
ဒေါ်မိုးဦး ခေါင်းတဆတ်ဆတ်နှင့် ခေါက်ဆွဲငုံ့စားလိုက်သည်။
"ဒါနဲ့ သမီးတို့ဘယ်မှာအိပ်ကြလဲ"
စန္ဒီခေါက်ဆွဲစားနေရင်း တန့်သွားသည်။
"အ..အခန်းထဲမှာပေါ့ မေကြီးရ..ဟီးဟီး"
"အာ့တော့ နင်ပြောမှာလားဟဲ့...ဘယ်အခန်းမှာအိပ်တာလဲမေးတာ...ငါဟိုဖက်အခန်းမှာ တစ်ယောက်အိပ်ကုတင်တွေ့လို့...နင်တို့ကုတင်များခွဲအိပ်ကြသလားလို့မေးတာ"
"မခွဲဘူး...အန်တီ...ကျွန်တော်တို့အတူအိပ်တာ...ညတိုင်း အတူအိပ်တာ...နော် စန္ဒီ"
ပြုံးပြုံးကြီးနှင့်သူမဘက်လှည့်ကာမေးနေသော သော်တာခွန်းကို အူကြောင်ကြောင်ကြည့်မိရင်း..
"အင်း...ဟုတ်တယ်..အတူအိပ်တာ..."
စန္ဒီ့မျက်နှာတစ်ခုလုံး ပူနွေးရှိန်းထူသွားတာကို သော်တာတွေ့လိုက်သည်။
"ဒါဆို အဲ့မှာဘာလို့ ကုတင်ထားထားတာလဲ။ ပြီးတော့ သမီးပစ္စည်းတွေလဲတွေ့တယ်နော်...ညည်းတို့အခန်းထဲမထားဘူးလား"
"ဟို ပစ္စည်းကများတော့ အကုန်မဆံ့လို့ အဲ့မှာထားထားတာ...ပြီးတော့ ကုတင်က..ဟို ဧည့်သည်လာရင်အိပ်ရအောင် ခင်းထားတာပါ ဟီး"
သော်တာနှင့်စန္ဒီတို့မှာ ဒေါ်မိုးဦးရှေ့ ပက်လက်ကျသော သမင်နှစ်ကောင်လို ငြိမ်ကုတ်နေ၏။ ဒေါ်မိုးဦးကတော့ ဘာမှမသိရှာဘဲ ခေါင်းငြိမ့်၍ဆက်ပြောသည်။
"အေးကွယ်..သမီးတို့ အိမ်ထောင်ပြုတဲ့အချိန်က နောက်ကျတယ်မဆိုနိုင်ပေမယ့် ရုတ်တရက်လိုဖြစ်သွားတော့ အမေက စိတ်ပူနေတာ...
"အဲ့အတွက်တော့ မပူပါနဲ့ အန်တီ...ကျွန်တော်တို့အားလုံးအဆင်ပြေနေပါတယ်"
သော်တာဝင်ဖြေပြီး ရေခွက်ထဲရေငှဲ့၍သောက်လိုက်သည်။ စန္ဒီကတော့ ခေါက်ဆွဲစားနေဆဲ။
"အင်း...ဘယ်လိုပဲအကြောင်းတွေရှိခဲ့ရှိခဲ့...အခု မင်းတို့အကြင်လင်မယားဘဝရောက်နေပြီလေ...အဟင်း...အန်တီလည်းအသက်ကြီးပြီ...သမီးနှစ်ယောက်ကလည်းအိမ်ထောင်အသီးသီးကျကုန်ပြီဆိုတော့...အန်တီတို့မျက်စိမမှိတ်ခင်လေး...မင်းတို့ကို သားတွေသမီးတွေနဲ့ မြင်သွားချင်တာပေါ့"
"ဖူး...အဟွတ် အဟွတ်ဟွတ်..အဟွတ်..."
ယောက္ခမကြီးစကားကြောင့် သောက်လက်စရေပင် သီးကာချောင်းထဆိုးတော့သည်။ ရှက်တာနှင့်ရေသီးတာ ရော၍ သော်တာ့ခမျာ မျက်နှာကြီး ရဲတက်လာသည်။ သူမကိုလည်း မကြည့်ရဲ။ စန္ဒီလည်းတကိုယ်လုံး ထူပူကုန်ကာ သူမအမေကိုမျက်လုံးကြီးပြူး၍ ဆက်မပြောဖို့တားသည်။ စန္ဒီ့ဘဝမှာ တခါမှ အခုလို ထူပူရှက်မိတာမျိုး မဖြစ်ခဲ့ဖူးပေ။ ရှက်လွန်း၍ သော်တာခွန်းကိုပင်မကြည့်နိုင်ဘဲ ခေါက်ဆွဲသာစားနေတော့၏။
စားပြီးတဲ့နောက် စန္ဒီက ပန်းကန်တွေဆေးသည်။ သော်တာက ဧည့်ခန်းတွင် ဖုန်းခဏပွတ်နေ၏။ ထိုစဥ် အိမ်ရှေ့ဆီက ဘဲလ်သံကြားရသည်။
"တီးတောင်...."
"ဟင် ဘယ်သူပါလိမ့်"
သော်တာတံခါးသွားဖွင့်လိုက်တော့ ကိတ်မုန့်ပါကင်ဗူးလေးကိုင်ကာ ရပ်နေသော ယောကျာ်းတစ်ယောက်။ ထိုသူကို တခါမှမမြင်ဖူးပေ။
"ဘယ်သူလဲခင်ဗျ..."
"ဟို...ကျွန်တော်...ဟန်နီ့အမျိုးသားပါဗျာ...သူတို့သားအမိ ဒီမှာရှိတယ်ဆိုလို့...."
"အော်..ဟုတ်တယ် အန်တီနဲ့ညီမတို့သားအမိ အိမ်ကိုလာလည်တာပါ...အထဲဝင်ပါဦး ကို...."
"အစ်ကို့နာမည်..မင်းသူပါ။"
"တွေ့ရတာဝမ်းသာပါတယ်..ကျွန်တော့်နာမည် သော်တာခွန်းပါ။"
မင်းသူရောက်လာတော့ ဒေါ်မိုးဦးက အံ့သြနေ၏။ မင်းသူကိုအိမ်လာခိုင်းလိုက်သူက စန္ဒီနိုင်ဆိုတာ ဘယ်သူမှမသိကြ၍ အနည်းငယ်ထူးဆန်းနေ၏။
"မောင်မင်းသူပါလား...ဘယ်ကဘယ်လိုရောက်တာလဲ...မင်းအလုပ်မအားဘူးဆို"
"ဟုတ်တယ် အမေ...ဒီနေ့ boss က အရေးပေါ်ကိစ္စတစ်ခုခိုင်းလို့ သွားလိုက်တာပါ...ဒီနေ့က သားလေးမွေးနေ့ဆိုတော့...ကျွန်တော် မြန်မြန်လက်စသတ်ပြီး ထွက်လာတာ...ဟန်နီတို့ရောဟင်"
ထိုအခါ ချစ်ရပါသော သားလေးသည် သူ့ဖေဖေကိုတွေ့တော့ ပြုံးရွှင်ပြီး သူ့ဖေဖေရှိရာ ဒုန်းဆိုင်းပြေးချလာတော့သည်။ အပြေးတပိုင်းနဲ့ရောက်လာသည့်သားလေးကို ဒူးထောက်၍ အသာပွေ့ချီလိုက်ကာ သားလေး၏ ဖောင်းအိနေသည့်ပါးပြင်ကို အဝ နမ်းရှုံ့လိုက်သည်။
"ဒါဘာလာလုပ်တာလဲ...အလုပ်မအားဘူးဆို"
လေသံမာမာနှင့် ဆီးကြိုလိုက်သည့် ဟန်နီနိုင်ကြောင့် မင်းသူ မျက်နှာပျက်သွားသည်။ စန္ဒီနိုင်သည် သူ့ညီမလက်ကိုအသာဆွဲ၍ ခပ်တိုးတိုးပြောသည်။
"ဟန်နီမ....နင်ဘာဖြစ်နေတာလဲ"
ဟန်နီက သူ့အစ်မ လက်ကိုဆွဲဖယ်ကာတဖက်ကိုလှည့်သွားသည်။ ကိစ္စအကြောင်းစုံကိုမသိသေးသူသော်တာခွန်းကမူ အူတူတူနှင့်ရပ်ကြည့်နေ၏။ ဒေါ်မိုးဦးကတော့ ကိုယ့်သမီးအကြောင်းသိ၍ ဘာမှပြောမနေဘဲ မင်းသူလက်ထဲက ကိတ်မုန့်ကိုလှမ်းယူလိုက်ကာ...
"ကဲ လာ...သား...ခေါက်ဆွဲစားဦး"
ဟန်နီက မကျေနပ်ဘဲ....
"မေကြီး...ဘာခေါက်ဆွဲစားလဲ...ဘာလို့အဖက်လုပ်နေတာလဲ...ပြန်ခိုင်းလိုက်"
"အဖက်မလုပ်လို့ရမလား...ဒါငါ့သမက် နင့်ယောကျာ်းလေ.."
အခန်းထဲကို ဆောင့်အောင့်၍ဝင်သွားသူ ဟန်နီနိုင်ကိုကြည့်ရင်း သားလေးကိုအသာအောက်သို့ချလိုက်သည်။
"ရပါတယ် အမေ...ကျွန်တော်...ဟန်နီ့ဆီခဏသွားလိုက်ဦးမယ်"
စန္ဒီက မင်းသူအနားကပ်၍အားပေးသည်။
"အဲ့ကလေးမက ကလေးတစ်ယောက်ထွက်နေပြီ အခုထိသူကပါကလေးလုပ်ချင်တုန်း...ကိုမင်းသူကပဲ သည်းခံပြီး ချော့လိုက်ပါနော်.."
မင်းသူက ခပ်ရေးရေးပြုံးပြကာ အခန်းထဲဝင်သွားသည်။
"ဟန်နီလေး....ကိုကိုဝင်လာမယ်နော်"
"ဘာလို့ဝင်လာတာလဲ...မလာနဲ့...ဘာမှလာမပြောနဲ့...သွား"
တံခါးနားတွင် ရပ်နေသော မင်းသူကို ဟန်နီအတင်းမောင်းထုတ်နေ၏။ အခုချိန်မှ လာချော့နေလို့ ဟန်နီစိတ်မကောင်းဖြစ်မိတာတွေ ပြန်ကုစားပေးနိုင်မည်မဟုတ်။
"ကိုကိုတောင်းပန်ပါတယ်ကွာ...ကိုကို သားလေးမွေးနေ့မှာ ဘယ်အလုပ်သွားချင်ပါ့မလဲ...အခုက ကိုကိုမသွားလို့မဖြစ်လို့ခဏလေးသွားလိုက်တာပါ..."
"ခဏလေး ခဏလေးနဲ့....အမြဲတမ်း အိမ်ပြန်နောက်ကျတယ်လေ...တခါတလေ ရုံးမှာ အိပ်တယ်လေ...ရှင့်ကိုယ်ရှင် အိမ်ထောင်သည် ကလေးအဖေဆိုတာလည်း သတိရဦး...ရှင့်ကို ညနက်တဲ့အထိမအိပ်ဘဲ ထိုင်စောင့်နေတဲ့ မိန်းမကိုရော....အဟင့်...ဖေဖေကပြန်မလာသေးဘူးလား ဆိုပြီး မေးနေတဲ့ သားလေးကိုရော...အဟင့် အဟင့်..."
စကားသံတွေအဆုံးမှာ မင်းသူ ဟန်နီနိုင့်က်ိုတင်းကြပ်စွာဖက်ထားလိုက်တော့သည်။ ကလေးမလေးလို တရှုံ့ရှုံ့နှင့်ငိုနေသော သူမကိုဖက်ထားပြီး သူပါမျက်ရည်ကျမိသည်။ သူမ၏ ဦးခေါင်းကိုအသာပွတ်သပ်ပေးကာ...
"ကိုကိုတောင်းပန်ပါတယ်....အလုပ်ကိုပဲအာရုံစိုက်မိနေလို့...ဟန်နီလေးကို ပစ်ထားသလိုဖြစ်သွားတယ်...ကိုကိုကတိပေးတယ်...နောက်ကို မိသားစုကိုအချိန်ပေးပြီး ဟန်နီနဲ့သားသားကို ပိုဂရုစိုက်မယ် ပိုချစ်ပါ့မယ်နော်..."
ထိုအခါ ဟန်နီက သူ့ကိုကြည့်ကာမေးသည်။
"တကယ်လား"
"တကယ်ပေါ့"
"ဒါဆို boss နဲ့ ဟန်နီ ဘယ်သူ့ကိုရွေးမှာလဲ"
နှုတ်ခမ်းလေးဆူကာမေးလာသော ကလေးမလေးကို ပြုံး၍ ဖြေလိုက်သည်။
"boss"
"ဘာ!"
ချက်ချင်းဒေါသထွက်သွားသောသူမကိုကြည့်ပြီး မင်းသူ ရယ်လိုက်မိသည်။ သူရယ်တော့ ပိုဒေါသထွက်ရသည်က ဟန်နီ။
"ဘာလို့ရယ်တာလဲ...ဒီလောက်မိန်းမဖြစ်သူက စိတ်ဆိုးနေတာတောင် သူ့ boss မှ boss ဖြစ်နေတယ် ဟလား...အဲ့ boss နဲ့ ရှင်နဲ့ ညားနေတာမလား...ဟမ်.."
"ဟုတ်တယ်လေ ညားနေတာလေ...သားလေးတစ်ယောက်တောင်ရပြီ..သားဖိုးချိုတဲ့ အိမ်နာမည်က.."
"အမ်"
"ကိုကို့ boss နာမည်ရော ပြောပြရဦးမလား..ဟင်"
မျက်နှာကြီးငေါထွက်ကာသူမကိုစိုက်ကြည့် မေးလာသည်က အမြင်ကတ်ချင်စရာမို့ တဖက်ကိုလှည့်ပစ်လိုက်ကာ...
"ပြောနဲ့...နားမထောင်ဘူး"
ကလေးဆိုးလေးလို ဆူပုတ်နေသည့် ဒီခေးမေ ကိုအသည်းယားစွာ အနားကပ်၍ပြောလိုက်တော့သည်။
"ဒီမှာ နားမထောင်နဲ့...အိမ်ရောက်မှ သားသားအိပ်ပျော်သွားလို့ ပြောပြရင်တော့ နားထောင်ရမယ်"
XHello! 🤗
သာသာ ပြောပြချင်တာလေးရှိလို့ပါ။
ဒီအပိုင်းလေးမှာ guest နှစ်ယောက်ဖြစ်တဲ့
စန္ဒီ့ညီမလေး ဟန်နီနဲ့မင်းသူတို့အကြောင်းလေး ရေးထားပါတယ်။
အစက ထည့်ဖို့အစီအစဥ်မရှိပေမယ့်...သာသာ့အချစ်ဆုံး သူငယ်ချင်းလေးရဲ့ လက်ရှိအခြေအနေလေးကို ဟန်နီတို့လင်မယားလို ပျော်ရွှင်စေချင်တဲ့စိတ်နဲ့ အမှတ်တရထည့်ရေးလိုက်တာပါ။
သာသာချစ်တဲ့သူများအားလုံး ပျော်ရွှင်ပါစေ ဆုတောင်းရင်း.....
MJ11 🍀
Please don't forget to vote 😘
YOU ARE READING
မတော်တဆ 🤍💋❤
Romance"လည်ပင်းဖက်ပြီးပေါင်းလာတဲ့ bff အဖွဲ့လေးထဲကို တနေ့တော့ အချစ်ဆိုတဲ့ အုန်းသီးတစ်လုံး ပြုတ်ကျလာခဲ့တယ်။ အုန်းသီးတစ်လုံးဟာ မျောက်တွေအတွက်တော့..... တကယ့် 'ငစား' ပဲ။ အထူးသဖြင့် ကျွန်တော်နဲ့ သူမ အတွက် ဆိုပါတော့။" Pandemic ကာလအတွင်းကိုအခြေခံရေးထားတဲ့ Quaran...