ကျော်ကျော်ခိုင့်အိမ်သို့ သော်တာခွန်းရောက်နေသည်။ မနက်က စန္ဒီနိုင်ကို အိမ်ပြန်ပို့ပြီးနောက် မခင်နှင်းဆီနှင့်ဖုန်းပြောဖြစ်သည်။ ညနေကျတော့ သော်တာခွန်းရောက်လာသည်။
သော်တာခွန်းသည် သူ့အိမ်ကိုလာချင်တဲ့အချိန်လာတတ်သူမျိုးမဟုတ်။ သူ့မှာ စိတ်ညစ်စရာတစ်ခုခုရှိရင် ထွန်းရှိန်ဝါပါခေါ်ပြီး သွားသောက်ကြသည်။ သူ တစ်ခုခုတိုင်ပင်ဆုံးဖြတ်ရန် အခက်တွေ့နေချိန်တွင် ရောက်လာတတ်သည်။ မနက်ကကိစ္စကြောင့် သူ့ဆီတနေ့တော့ ရောက်လာဦးမည်ဟု ကျော်ကျော်ခိုင်ထင်ပြီးသားဖြစ်သည်။ အိမ်ထဲရောက်လာသည့် သူငယ်ချင်းကို ရေခဲသေတ္တာထဲက ဘီယာတစ်ဘူးထုတ်ပေးလိုက်သည်။
သော်တာခွန်းက ဘီယာဘူးကမ်းလာသောကျော်ကျော်ခိုင့်ကိုကြည့်သည်။
"ဟာ မင်းကလည်း....."
"ဟျောင့် သောက်ပိုလုပ်မနေနဲ့....ငါအချိုရည်တိုက်တော့ရော မင်းသောက်လား..."
ကျော်ကျော်ခိုင်ကြောင့် သော်တာအင်တင်တင်နဲ့ပဲ ဘီယာဘူးလှမ်းယူလိုက်သည်။ ဘီယာဘူးကိုဖောက်၍တစ်ကျိုက်မော့လိုက်သောအခါ ရင်ထဲကိုအေးဆင်းသွားတော့သည်။ ကျော်ကျော်ခိုင်လည်း တစ်ငုံမော့လိုက်သည်။
"ကျော်ကြီး...."
"ပြော"
"ငါဘာလုပ်သင့်သလဲ"
ထိုအခါ ကျော်ကျော်ခိုင်က သူ့ကိုမျက်မှောင်ကြုံ့၍ကြည့်သည်။
"မင်းဟာမင်း လူရှေ့သူရှေ့မှာ ဖြေလိုက်ပြီးပြီလေ...မမှတ်မိဘူးလားကွ"
"ငါပြောတာငါမှတ်မိတာပေါ့ကွ....ဟိုတစ်ယောက်က....မယူဘူးလုပ်နေတဲ့ဥစ္စာ....ငါကဘာလုပ်ရမှာလဲ"
"ဒါကတော့ မင်းကလည်း....မိန်းကလေးဆိုတော့ ရှက်ပြီးငြင်းတာနေမှာပေါ့ကွာ...လွှတ်ထားလိုက်..."
သော်တာ သက်ပြင်းချလိုက်သည်။
"ငါလည်း သေအောင်မျက်နှာပူပါတယ်ကွာ....ကိုယ့်သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးနဲ့ လက်ထပ်ရတော့မှာကိုတွေးပြီး ခေါင်းတွေကျိန်းလွန်းလို့...ပြီးတော့ကွာ မနက်က မင်းလည်းမြင်တာပဲ...ငါ့ကိုငြင်းတာ ငြင်းတာ....မသိရင် ငါကပဲသူ့အတင်းယူနေသလိုလို....မင်းစဥ်းစားကြည့် ကျော်ကြီးရာ...မင်းသာငါ့နေရာမှာဆိုလည်း လက်ခံလိုက်ရမှာပဲလေ....မခံရင် ငါဘာကောင်ဖြစ်သွားမလဲ...ဟုတ်တယ်မလား"
သော်တာပြောတာကိုသဘောကျပြီး ကျော်ကြီးပြုံးမိသွားသည်။
"မင်းပြောတာဟုတ်ပါတယ်....ငါဆိုလည်း လက်ခံဖို့ပဲတွေးလိုက်မှာ...ဒါပေမယ့် မင်းမသိလိုက်တာတစ်ခုရှိတယ်...စန္ဒီဘာလို့ မင်းကိုအသေငြင်းရတာလဲ...မင်းတွေးမိလား"
"ရှင်းနေတာပဲကွာ...ငါ့ကိုအမြင်ကတ်လို့နေမှာပေါ့"
ထိုအခါ ကျော်ကျော်ခိုင်က ခေါင်းခါသည်။
"မဟုတ်သေးဘူး သားရီး....မင်းတို့ချင်း မုန်းတယ်ထင်ကြပေမယ့် မမုန်းနိုင်ကြပါဘူးကွာ...စန္ဒီက မင်းကို မမုန်းပါဘူး...မင်းကရော"
နှစ်ပေါင်းများစွာ ခိုင်မာနေသောသံယောဇဥ်ကြိုးလုံးကြီးကြောင့်လားမသိ...သူ စန္ဒီ့ကိုတခါမှ မမုန်းခဲ့ဖူးပါ။ သို့ပေမယ့် အမုန်းရဲ့ဆန့်ကျင်ဘက်လည်း မဟုတ်။ သော်တာခွန်းအတွက် သူမသည်...
"သူငယ်ချင်းတွေပဲကွာ...မုန်းတယ်လို့ရှိပါ့မလား"
X
မနက်ကတည်းက အခုထိ အခန်းထဲကနေမထွက်ဖြစ်။ ကိုယ့်အိမ်ကိုယ်ပြန်နေမယ်ဆိုတော့ ပေးမပြန်သောကြောင့် အမေတို့အိမ်ကိုပြန်အိပ်ရသည်။ လက်မှတ်မထိုးခင် ဒီမှာပဲနေဟု ရာဇသံပေးထား၍ စန္ဒီအိမ်ပြန်လို့မရတော့။
နှစ်လကျော်လောက် အေးအေးဆေးဆေး နေထိုင်လာခဲ့ပြီးမှ ရုတ်တရက် ပြောင်းလဲသွားသည့်အခြေအနေကြောင့် စန္ဒီ စိတ်ပျက်ဝမ်းနည်းမိသည်။ တကယ်တော့ တချို့ကိုလည်း စန္ဒီမျှော်လင့်ထားပြီးသားပါလေ။
မတော်တဆ အိမ်ပြန်နောက်ကျခဲ့ရာက နှစ်ပတ်လောက် သူ့အိမ်မှာ သူနဲ့အတူသောင်တင်ခဲ့သည်။ အရင်ခံစားချက်တွေကို ရင်ဘတ်ရဲ့ဟိုးအောက်ခြေအထိ ကိုယ်တိုင်မြုပ်ပစ်ခဲ့တာကြာပါပြီ။သို့ပေမယ့်... နှစ်ပတ်ထက်လွန်သော အချိန်ကာလတွေမှာ စန္ဒီကိုယ်တိုင်တောင် သတိမထားမိဘဲ ခံစားချက်တို့ ပြန်ရှင်သန်လာခဲ့သည်။ နောက်တစ်ခေါက် အချစ်လို့ ခေါင်းစဥ်တပ်မရသည့် အချစ်တစ်ခုကို တဖက်သတ်ကြိတ်မခံစားချင်တော့။ ဒီလူတစ်ယောက်ကိုပဲ နောက်တစ်ကြိမ် မကျရှုံးချင်တော့ပါ။ ခရီးမှာကတည်းက သေချာဆုံးဖြတ်ခဲ့သည့်အတိုင်း သော်တာခွန်းဆိုသူ၏ အဝေးမှာ ပြန်နေဖို့ကြိုးစားခဲ့သည်။ ဒါပေမယ့်...ကံကြမ္မာက သူမကို ရက်စက်ပြန်သည်။
ကိုးတန်းကျောင်းသူဘဝမှာ သူမကမ္ဘာထဲသို့ သော်တာခွန်းဆိုသော လတစ်စင်းပေါ်ထွန်းလာခဲ့သည်။ သို့ပေမယ့် စန္ဒီအတွက် အချစ်ဆိုတာ ရေပြင်မှာသာနေသည့် လရိပ်သာဖြစ်ခဲ့သည်။ ဖမ်းဆုပ်ဖို့မကြိုးစားဘဲ ဒီတိုင်းလေးငေးကြည့်ရင်းသာကျေနပ်ခဲ့ရသည်။ လမင်းဘေးက ကြယ်ပွင့်တွေကို မနာလိုဖြစ်ခဲ့ရသည်။ အချစ်လို့မသက်ရောက်ခဲ့သည့်သူမခံစားချက်များကို ကိုယ်တိုင်ရိုက်ချိုးပစ်ခဲ့ရသည်။ နှစ်တွေအကြာကြီး အားတင်းမေ့ပစ်ထားပြီးမှ တခါပြန်အသက်ဝင်လာခဲ့လေသလား။ ဒါဟာ သူမကို ရက်စက်ရာကျလွန်းသည်။
"ဟင်း.....ငါ့ဘဝကြီးကလည်း ဘယ်လိုလဲဟာ..."
ပြတင်းပေါက်မှန်မှာ ဖြူလွှလွှ လရောင်ထင်ဟပ်နေဆဲ။
X
စန္ဒီရောက်လာတော့ဧည့်ခန်းတွင် သော်တာခွန်းထိုင်နေသည်။ သူမကိုတွေ့တော့ လက်ထဲက သောက်လက်စ ဆေးလိပ်ကို တရှိုက်ဖွာလိုက်ပြီး မှုတ်ထုတ်လိုက်ကာ စားပွဲပေါ်တွင် ဖိချေလိုက်သည်။
"ဟိုကောင်တွေရော"
"မခေါ်ထားဘူး နင်နဲ့ငါပဲ"
သော်တာ ခေါင်းငြိမ့်လိုက်သည်။
"နစ်ယောက်ထဲသီးသန့်ပြောစရာရှိတယ်ဆိုတဲ့သဘောပေါ့.."
သူမက အသာခေါင်းငြိမ့်သည်။ ထို့နောက် စားပွဲပေါ်တွင် တင်ထားသည့်ရေသန့်ဘူးကိုအဖုံးဖွင့်၍ မော့သောက်လိုက်သည်။ သော်တာခွန်းကိုစကားပြောရန်အတွက် အားတင်းလိုက်ကာ...
"သော်တာ...ငါတို့အခြေအနေက....နင်သိတဲ့အတိုင်းပဲ...ဒါပေမယ့် ငါတို့က...."
"ဘာဖြစ်လဲ ငါတို့က....ဆက်ပြောလေ"
စန္ဒီမျက်လွှာချလိုက်ကာ....
"သူငယ်ချင်းတွေလေ...ချစ်နေကြတာလည်းမဟုတ်တော့...ရေရှည်အဆင်ပြေလိမ့်မယ်လို့...ငါမထင်ဘူး..."
သော်တာခွန်း စန္ဒီနိုင့်ကိုသေချာစိုက်ကြည့်ပြီးမေးသည်။
"အဲ့ဒီ့တော့ နင်ကဘာလုပ်ချင်လို့လဲ...လက်ထပ်ပွဲကိုဖျက်သိမ်းချင်တာလား...."
မေးသာမေးလိုက်ရသည်။ စိတ်ထဲမှာတော့ စန္ဒီ့ဆီက အဖြေတစ်ခုကိုမျှော်လင့်နေမိသည်။
စန္ဒီနိုင်က ဖြည်းညှင်းစွာ ခေါင်းခါသည်။ သော်တာ့စိတ်ထဲမှာ ဝမ်းသာသလိုခံစားချက်က မီးပန်းတစ်ခုလို လင်းခနဲ....။
"ဒါဆို နင်နဲ့ငါ လက်ထပ်လို့ရတယ်လေဟာ...မသိပါဘူး ငါက...နင်ငါ့ကိုငြင်းမယ်ထင်နေတာ..."
"ဒါပေမယ့်...တစ်ခုတော့ ရှိတယ်"
"ဘာလဲဟင်"
သော်တာ စန္ဒီကိုကြည့်နေသည်။
သူမ ဘာမှမဖြေဘဲ စာရွက်တစ်ရွက်ကို စားပွဲပေါ်တင်လိုက်သည်။
"ဘာကြီးလဲ ဒါက"
"စာချုပ်လေ..."
"လက်ထပ်စာချုပ်လား"
စန္ဒီက မျက်စောင်းထိုးပြသည်။
"စာလေးဘာလေးဖတ်ကြည့်"
သော်တာခွန်း စာရွက်ကိုလှမ်းကြည့်သည်။
စာရွက်ထိပ်တွင် နှစ်ဦးသဘောတူ ဟန်ဆောင်လက်ထပ်ခြင်း ဟုတပ်ထား၍ သော်တာရယ်ချင်သွားသည်။
"ငါပြောပြမယ်။ နင်နဲ့ငါ လူကြီးတွေစီစဥ်ထားတဲ့အတိုင်း လက်မှတ်ထိုးကြမယ်။ ဒါပေမယ့် ငါတို့ချင်း တချို့ကိစ္စတွေကို နားလည်မှုယူထားတာပိုကောင်းလိမ့်မယ်ထင်လို့...ငါ ဒီစာချုပ်ကိုလုပ်လာတာ"
"နင်ပြောချင်တာ ဘာလဲ"
"အဲ့ထဲမှာ ပါတယ် ဖတ်ကြည့်"
သော်တာ စာချုပ်ကိုဆွဲယူဖတ်ကြည့်သည်။
"နံပါတ် ၁ ငါတို့လက်ထပ်စာချုပ်မှာလက်မှတ်ထိုးပြီး တစ်နှစ်တိတိ ဟန်ဆောင်လင်မယားအဖြစ်နဲ့ အတူနေကြမယ်။"
"တစ်နှစ်ပြည့်ရင် ကွာရှင်းကြမယ်ပေါ့"
စန္ဒီကခေါင်းငြိမ့်ပြသည်။
"ငါတို့က ချစ်လို့ယူကြတာမဟုတ်တော့...တချိန် ကိုယ်တကယ်လက်ထပ်ချင်တဲ့သူရှိချင်ရှိလာမှာလေ...တစ်နှစ်ပြည့်လို့ ကွာရှင်းပြီးတဲ့အခါကျရင်...ငါတို့ အဲ့ဒီ့ကိစ္စအတွက်...စိတ်မပူရတော့ဘူးပေါ့"
သော်တာဘာမှပြန်မပြောဘဲ ဆက်ဖတ်လိုက်သည်။
"နံပါတ် ၂ အရင်အတိုင်း တစ်ခန်းစီသပ်သပ်နေကြမယ်...အင်း...ဒါ ရတယ်။ နံပါတ် ၃ တစ်နှစ်ပြည့်လို့ ကွာရှင်းပြီးတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် မမြင်အောင် ရှောင်ရမယ်။
နေပါဦး....အာ့ဆို ကွာရှင်းပြီးရင် နင်ကငါ့ကိုမတွေ့တော့ဘူးလား"
"ဟိုလိုလုံးဝမတွေ့တာတော့ မဟုတ်ဘူးပေါ့...ဒါပေမယ့် မတွေ့ဖြစ်ဖို့များပါတယ်လေ...အဲ့ချိန်ကျ ငါဒီမှာ ရှိချင်မှရှိတော့မှာ"
"နင်က ဘယ်သွားမှာမို့လို့လဲ"
"ငါ့မှာ plan ရှိပါတယ်။ ဒီတိုင်းထိုင်နေလို့မှ မရတာ...သွားခါနီး ငါပြောမယ်လေ အခုကတော့ မဖြစ်သေးလို့မပြောချင်ဘူး"
'စန္ဒီနိုင့်ကိုကြည့်ရတာ ယုံကြည်ချက်အပြည့်နဲ့ တကယ်ပြောနေသလိုပဲ...' သော်တာခွန်း စိတ်ထဲကတွေးမိသည်။ သို့သော် ကွာရှင်းပြီး တမင်ရှောင်ထွက်တာမျိုးတော့ သော်တာမနှစ်သက်ပါ။
"နံပါတ် ၄ ကိုငါပြောမယ်။ ကွာရှင်းပြီးသော်လည်း အရင်တိုင်း သူငယ်ချင်းလို သွားလာဆက်ဆံနိုင်သည်။ခရီးအတူသွားနိုင်သည်။ အိုကေ?"
"အိုကေ! နောက်ဆုံးအချက်ကျန်သေးတယ်"
"မပြီးသေးဘူးလားဟ"
"ဟဲ့ ငါလုပ်တုန်းက လေးချက်ပဲ နင်တချက်တိုးလို့ ငါးချက်ဖြစ်သွားတာလေ"
"ပြီးရောဟာ ပြော နောက်ဆုံးဟာ"
"ကိုယ်သဘောကျတဲ့သူတွေ့ရင်နားလည်မှုနဲ့ အမြန်ဆုံး ကွာရှင်းပေးရမယ်...တဖက်ကို စာချုပ်အကြောင်းမပြောရဘူး"
"ဒီစာချုပ်အကြောင်းကို ငါတို့နှစ်ယောက်ကလွဲ ဘယ်သူမှမသိစေရ။"
"ကောင်းပြီ။ သဘောတူတယ်နော်"
စန္ဒီက လက်တစ်ဖက်ကမ်းလာသည်။
ဘာပဲဖြစ်ဖြစ် တစ်နှစ်ဆိုတဲ့အချိန်ဟာလည်း ကုန်မြန်သည်ပဲမဟုတ်လား။ သော်တာကတော့ စန္ဒီရောသူပါ နှစ်ယောက်စလုံးအတွက် အဆင်ပြေပြေနဲ့ ပြီးသွားတာပဲဖြစ်စေချင်သည်။ ရင်ခုန်သံတွေမပါဘဲနဲ့ပေါ့....။
သော်တာ သူမလက်ကိုအမိအရဆုပ်ကိုင်လိုက်ပြီး....
"သဘောတူတယ်"
X
ဒီတစ်ခန်းတော့ နည်းနည်းတိုမယ်နော်။ နောက်ပိုင်းတွေအမုန်းဖတ်ရတော့မှာ😍
စိတ်ဓာတ်ကျစရာတွေမတွေးဘဲ ကိုယ်ဝါသနာပါတာလေးတွေအချိန်ပေးပြီးလုပ်ကြည့်ပါနော်...ပြီးတော့ MJ ကိုလည်း ချစ်ပေးပါလို့😘ဒါနဲ့လေ....သော်တာနဲ့ စန္ဒီမှာ....ဘယ်သူက စရင်ခုန်မယ်လို့ထင်လဲ Readers တို့ 😊
YOU ARE READING
မတော်တဆ 🤍💋❤
Romance"လည်ပင်းဖက်ပြီးပေါင်းလာတဲ့ bff အဖွဲ့လေးထဲကို တနေ့တော့ အချစ်ဆိုတဲ့ အုန်းသီးတစ်လုံး ပြုတ်ကျလာခဲ့တယ်။ အုန်းသီးတစ်လုံးဟာ မျောက်တွေအတွက်တော့..... တကယ့် 'ငစား' ပဲ။ အထူးသဖြင့် ကျွန်တော်နဲ့ သူမ အတွက် ဆိုပါတော့။" Pandemic ကာလအတွင်းကိုအခြေခံရေးထားတဲ့ Quaran...