Room 13 (Lockdown) Part 2

313 23 0
                                    

မနက်မိုးလင်းသော် စန္ဒီ အိပ်ရာမှနိုးလာခဲ့သည်။
သူမသည် အခန်းတစ်ခန်းတွင် အိပ်နေခဲ့တာဖြစ်၍ ကြောင်သွားသည်။
"ငါ ဘယ်လိုလုပ် ဒီအခန်းထဲရောက်နေတာလဲ။"
ညက အတူတူစားသောက်ကြသည့်နေရာလေးမှာပင် မူး၍အိပ်ပျော်သွားသည်ကိုတော့ သူမ သေချာမှတ်မိသည်။ အခန်းထဲ ဘယ်လိုရောက်လာသလဲတော့ မမှတ်မိတော့။ ခိုင်အိနဲ့ထွန်းရှည်တို့ အခန်းထဲပို့ကြတာနေလိမ့်မည်ဟု ယုံလိုက်သည်။ ထို့နောက် ကိုယ်လက်သန့်စင်၍ အခန်းထဲမှထွက်လာခဲ့သည်။ ကျော်ကျော်ခိုင်က စန္ဒီ့ကို မနက်စာစားရန်လှမ်းခေါ်၏။
"မောနင်း..."
"အာဖတားနွင်း ရောက်တော့မယ် အရက်သမ ရဲ့"
နာရီကိုကြည့်လိုက်တော့ ၁၁ နာရီ ထိုးဖို့ မိနစ်အနည်းငယ်သာလိုသည်။
"ဟိုအတွဲရော..."
ထွန်းရှည်နှင့်ခိုင်လေးကိုမေးခြင်းဖြစ်သည်။
"စျေးသွားတယ်"
သူမ စားပွဲရှေ့က ထိုင်ခုံတစ်ခုံပေါ်တွင် ထိုင်လိုက်သည်။ စန္ဒီတစ်ယောက် ရင်ထဲမှာ နေလို့မကောင်းတော့။ ညက ဗိုက်ကားအောင်စား၍ မှောက်အောင်သောက်ခဲ့သောကြောင့် အစာမကြေသလိုဖြစ်နေသည်။ ထိုစဥ် သူမရှေ့သို့ လီမွန်တီး ပူပူတစ်ခွက် ရောက်လာသည်။
"ရော့...အဲ့ဒါကုန်အောင်သောက်လိုက်...သက်သာသွားလိမ့်မယ်။"
သော်တာခွန်းက သူမကို လီမွန်တီးပေးပြီး ထိုင်ခုံတွင်ထိုင်ကာ ပေါင်မုန့်တစ်ဖဲ့ ကိုင်လိုက်သည်။
စန္ဒီနိုင် ခွက်ကိုကိုင်၍ အနံ့ရှူကြည့်တော့ ပူရှိန်းရှိန်းအနံ့လေးရသည်။ အရွက်စိမ်းလေးတွေကိုကြည့်လိုက်တော့....
"ဒါ ပူစီနံတွေလားဟင်"
"အင်း...ဘာလဲ...မသောက်ဘူးလား"
"မဟုတ်ပါဘူးဟ...ငါ ပူစီနံရွက်ကို ရေနွေးနဲ့ တခါမှ မသောက်ဖူးလို့ပါ။ Detox ထဲတော့ထည့်သောက်ဖူးတယ်။"
စန္ဒီ နှုတ်ခမ်းများကို ခွက်အနားသားနှင့်ဖိကပ်၍ အနည်းငယ် သောက်ကြည့်လိုက်သည်။ ထို့နောက် မျက်လုံးလေးပြူး၍ နှုတ်ခမ်းလေးစူကာ လီမွန်တီးကို ဖြည်းဖြည်းချင်း မှုတ်သောက်နေ၏။ ပေါင်မုန့်ဝါးရင်း စန္ဒီနိုင်ကို သေချာစိုက်ကြည့်နေမိသူကား သော်တာခွန်းဖြစ်သည်။ အတွေးထဲမှာ တဖန်ပြန်ပေါ်လာသော ပုံရိပ်တစ်ခုကြောင့် သတိရပြီး ခေါင်းငုံ့ပစ်လိုက်သည်။
"ကောင်းတယ်ဟ...ပူရှိန်းပူရှိန်းနဲ့ fresh ဖြစ်တယ်။ Thank you my friend"
"....."
သော်တာခွန်း တိတ်ဆိတ်နေ၏။ သို့ပေမယ့် အထဲမှာ အခုထိ မတည်ငြိမ်သေးသည်ကို ရိပ်မိမှားစိုး၍ ကော်ဖီတွေပဲသောက်နေသည်။ စန္ဒီနိုင် သူငယ်ချင်းကိုသေချာကြည့်တော့ မျက်နှာရဲနေ၏။
"ဟဲ့ သော်တာ နင်နေမကောင်းဘူးလား။မျက်နှာကြီး နီနေတယ်...နော် ကျော်ကြီး"
ကော်ဖီသောက်ရင်းသော်တာ့ကိုလှည့်ကြည့်လိုက်တော့ စန္ဒီပြောသလို သော်တာ့မျက်နှာမှာ နီရဲနေ၍နဖူးကိုစမ်းလိုက်သေးသည်။
"ဟျောင့် မင်း နေမကောင်းဘူးလား"
ကျော်ကျော်ခိုင် မေးပြီး စက္ကန့်ပိုင်းလောက် ငြိမ်သက်ပြီးနောက် ချက်ချင်းဆိုသလို တုန်လှုပ်သွားသည်။
"မဟုတ်မှလွဲရော...မင်း...ကို...ကိုဗစ်....ဖြစ်နေပြီလား..."
"ဘာ"
"ဘာ"
သော်တာရောစန္ဒီပါ နှစ်ယောက်လုံး ပြိုင်တူ "ဘာ" လိုက်ကြ၍ ကျော်ကြီး ဆက် ခနဲ တုန်သွားသည်။
"သူငယ်ချင်း...."
"သားရီး...မနောက်နဲ့နော်...မင်းကိုငါ ချစ်တယ်နော်...ဒါမယ့် ငါ ကွာရန်တင်းစင်တာတော့မသွားချင်ဘူး။"
"ဟျောင့်...ငါ မဟုတ်.... "
"ဟဲ့..သူ ဖြစ်ရင် ၅ယောက်လုံး ကွာရန်တင်းစင်တာဒိုးရမှာ...သော်တာ နင်အခု အနံ့ရသေးလားဟင်"
"စန္ဒီမ....ငါဘာမှ...မဖြစ်...."
ထိုစဥ် ကျော်ကြီးက စားပွဲပေါ်က ငပိထောင်းဘူးကိုအနံ့ရှူခိုင်းလိုက်သည်။
"သားရီး...ဒါလေး ရှုကြည့်...ဘယ်လိုလဲ ရသေးလား"
သော်တာ ဒေါသထွက်ထွက်ဖြင့် မျက်နှာနားသို့ကပ်လာသော ငပိထောင်းဘူးကို ဖယ်ထုတ်လိုက်သည်။
"ငါ တင်းလာပြီနော်..."
"ဟင်"
စန္ဒီနဲ့ကျော်ကြီး အူလည်လည်နှင့် သူ့ကိုကြည့်နေသည်။ ကျော်ကြီး ဇဝေဇဝါနှင့် တိုးတိုးတိုးတိုး ပြောနေ၏။
"အနံ့ပျောက်တာတို့လည်ချောင်းနာတာတို့ပဲ ကြားဖူးပါတယ်...ဒီကောင်က တင်းပါတင်းတယ်ဆိုတော့..."
"ဟဲ့ ကျော်ကြီး....ဘာတင်းတာလဲဟင်"
ရုတ်တရက် စန္ဒီနိုင့်အမေးကြောင့် ကျော်ကြီး ငြိမ်သွားသည်။
"အယ်....အာ့ကျ...ကျ...ဟို..."
ကျော်ကြီး စန္ဒီ့ကိုဘယ်လိုပြောပြရမလဲ စဥ်းစားနေစဥ် သော်တာ့ကိုကြည့်လိုက်တော့ သူအကြီးအကျယ်ပေါက်ကွဲနေ၏။
"ဟျောင့် ကျော်ကျော်ခိုင်....ငါ တင်းတာ မင်းတို့ကိုကွ! မင်းတို့ ပေါကား အကွက်တွေနင်းမနေနဲ့...ငါ့မှာ ဘာပိုးမှာမရှိဘူး။ အေး ငါ့မှာရှိတယ်ဆိုရင် မင်းတို့ပါအကုန်ရှိမှာပေါ့ဟ"
"ဟာ ဟုတ်တယ်...ငါတို့တော့ သေတော့မယ်ထင်တယ်...ဘယ်လိုလုပ်ကြမလဲ"
ကျော်ကြီး သွေးပျက်နေသည်။ ကျော်ကြီးကိုကြည့်ပြီး စန္ဒီလည်း ခြောက်ခြားသွားသည်။ ထိုစဥ် ဘဲလ်တီးသံကြားရ၍ စန္ဒီနိုင် သွားဖွင့်ပေးလိုက်သည်။ တံခါးဖွင့်ပေးပြီးနောက် စန္ဒီနိုင်မှာ မျက်လုံးများပင် ပြူး၍ သွေးပျက်ထိတ်လန့်သွားလေသည်။
"ဟင်"
သူမရှေ့တွင် ရပ်နေကြသော PPE ဝတ်စုံပြည့်နှင့် လူသုံးယောက်။ ခြောက်ခြားနေသည့် သူမမှာ နောက်သို့ခြေနှစ်လှမ်းမှ ဆုတ်လိုက်ပြီး သော်တာခွန်းကိုလှမ်းကြည့်လိုက်သည်။
"သော..သော်တာရေ....နင့်ကို..လာ..ခေါ်နေကြပြီထင်တယ်..."
"ဘာ"
ကျော်ကြီးမျက်နှာမှာတော့ zombie တစ်ကောင်လို ဖြူဆုတ်နေလေပြီ။ သော်တာ စန္ဒီ့ဆီ တည်ငြိမ်စွာ လျှောက်သွားလိုက်သည်။
"ဒါ ကိုထွန်းရှိန်ဝါတို့ အိမ်လား ခင်ဗျ"
သော်တာ မျက်လုံးပြူးသွားသည်။ စန္ဒီက သူ့အကျီစကိုဆွဲရင်း နောက်မှာကုတ်နေလေ၏။ သော်တာ အတတ်နိုင်ဆုံး စိတ်ထိန်းကာ ပြန်ဖြေလိုက်သည်။
"ဟုတ်...ဟုတ်ပါတယ်"
"ကိုဗစ် လူနာ ဦးစိုးဝေ ကို ကုသဆောင်သွားဖို့လာခေါ်တာပါ။"
"ဗျာ"
တိုက်ပိုင်ရှင် ဦးစိုးဝေ ဆိုသူမှာ ထွန်းရှိန်ဝါ၏ဦးလေးဖြစ်သည်။
အရင်က ဦးလေးမိသားစုပါ လေးလွှာတွင်နေကြပြီး သော်တာရောက်လာပြီးနောက် အောက်ထပ်သုံးလွှာတွင်ပြောင်းနေသည်။
"ဦးစိုးကြီးက သုံးလွှာမှာပြောင်းနေပါတယ်။ အခု သူ...positive ဖြစ်နေလို့လား..."
"Test လုပ်ပြီးမှပဲ သေချာ confirm ပေးပါမယ်။ အခုတော့ sign အကုန်ပြနေလို့ Qဝင်ဖို့ ဖုန်းဆက်ခေါ်လို့ပါ။"
ထိုစဥ် ကျော်ကျော်ခိုင့်ဆီကို ထွန်းရှိန်ဝါဖုန်းဆက်လာသည်။
"သားရီး...ငါ့ဦးလေး sign ပြနေလို့ Q ဝင်ရမယ်။"
"အခု အိမ်ကို လာခေါ်နေပြီ...မင်းနဲ့ခိုင်အိက ဘယ်မှာလဲ"
"ငါအခု ခိုင့်ကိုလိုက်ပို့နေတယ်။ ပြီးရင် ငါ့အိမ်ခဏပြန်ဦးမယ်။"
"နေပါဦး...မင်းက ငါတို့ကို ဘာမှမပြောဘဲ နှစ်ယောက်ထဲ လစ်ထွက်သွားတာလား..ဟမ့် ငါတို့ကျ ကူးကူး သေသေပေါ့ ဟုတ်လား"
ကျော်ကြီး စိတ်တိုတိုနှင့် ဟောက်လွှတ်လိုက်သည်။
"ဟ ဖင်ထဲကြွက်ဝင်တာတောင် မနိုးတာ မင်းတို့လေ...ငါနဲ့ခိုင် နေ့ခင်းထမင်းစားဖို့ စျေးထွက်ဝယ်နေတုန်း ဦးလေးမိန်းမ ဖုန်းဆက်မှသိတာကွ။ သောက်ပြစ်ပဲပြောနေလိုက်..."
ကျော်ကြီးဖုန်းပြောတာကြာပြီဖြစ်၍ သော်တာ အားနာနေ၏။ ထို့နောက် သူကိုယ်တိုင် အောက်ကိုလိုက်ပို့ဖို့ လိုက်ဆင်းတော့ စန္ဒီက အကျီစကိုလှမ်းဆွဲထားသည်။
"ဘာလဲ"
စန္ဒီက ခေါင်းခါပြသည်။
"ရပါတယ်ဗျာ...လိုက်မပို့ပါနဲ့ အိမ်ထဲမှာပဲနေပါ။ လူနာရှင်ကိုပဲ အကြောင်းကြားပေးပါ။"
"ဟုတ်..ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်ဗျာ"
ထို့နောက် ဦးစိုးဝေ ကို လူနာတင်ကားနှင့်ခေါ်ဆောင်သွားကြလေ၏။ သူတို့သုံးယောက်လည်း အခုမှပဲ အသက်ဝဝရှုနိုင်တော့သည်။
ကျော်ကျော်ခိုင် ရေတစ်ခွက် ငှဲ့၍သောက်လိုက်သည်။
"တော်သေးတာပေါ့ကွာ...ငါတို့ကိုလာခေါ်တယ်မှတ်ပြီး လန့်သွားတာပဲ။"
"မင်းကိုက သောက်ကဲပိုနေတာ...အခုက လူတိုင်း ဖြစ်နေတာကို အဲ့လောက်ကြောက်ရလား။"
သော်တာ့စကားကို ကျော်ကျော်ခိုင် မျက်ခုံးများတွန့်ကွေး၍ပြန်ဖြေ၏။
"ကြောက်တယ်ကွ...ကြောက်တယ်...ဒီရောဂါက ဖြစ်တာနဲ့ ရက်ပိုင်းအတွင်း သေတာကွ။ ဒီနိုင်ငံမှာ အခုမှ စဖြစ်လို့ လူတွေကပေါ့နေတာ..ဥရောပဘက်မှာ အလောင်းတွေပုံနေပြီ မီးရှို့မလောက်ဘူးဟ....အဲ့ဒါ မင်းသိလား"
"ဟုတ်တယ် သော်တာ...ဒီမှာသာ မသိသာတာ စင်ကာပူမှာလည်း အတော်ဖြစ်နေပြီလို့ ငါ့အဒေါ်ပြောတယ်။ ပေါ့သေး​သေးတော့မဟုတ်ဘူး။"
သော်တာခွန်း ဆိုဖာတွင်ထိုင်ချလိုက်သည်။
"ဟုတ်ပါတယ်...ငါလည်း ပေါ့သေးသေးမထင်ပါဘူး။ လူပဲဟာ သေမှာတော့ကြောက်တာပေါ့..အခုက မင်းတို့နှစ်ကောင်က အရမ်းသွေးပျက်နေကြလို့ ငါပြောတာ..."
ကျော်ကျော်ခိုင် သက်ပြင်းချလိုက်သည်။
"ကဲ ထားပါတော့...အခု ငါတို့ ဒီမှာအတူမနေသင့်တော့ဘူး။ ကိုယ့်အိမ်ကိုယ်ပြန်နေတာအကောင်းဆုံးပဲ။ ဒီလိုလုပ်ကွာ ငါ့ဘော့စ် ခေါ်ထားလို့ ငါခဏသွားလိုက်ဦးမယ်...ငါသွားနေတုန်း စန္ဒီ နင့်ပစ္စည်းတွေ သိမ်းထား...ငါနင့်အိမ်ပြန်ပို့မယ် ဟုတ်ပြီလား။"
"အေးအေး"
"ဟျောင့် ငါလိုက်ပို့လိုက်မယ်လေ"
သော်တာပြောတော့ ကျော်ကျော်ခိုင်က ခေါင်းခါသည်။
"မင်း ဒီနေ့ကစပြီး ဘယ်မှသွားဖို့မစဥ်းစားနဲ့တော့ ဟျောင့်....လူနာနဲ့အထိအတွေ့မရှိပေမယ့် တစ်တိုက်ထဲဆိုတော့ ဆင်ခြင်ထားမှတော်ကာကျမယ်။ ငါစန္ဒီ့ကို လာခေါ်မယ်။ ငါရေချိုးဦးမယ်။"
ကျော်ကျော်ခိုင် ရေချိုးပြင်ဆင်ပြီးနောက် အိမ်ကထွက်သွားလေသည်။ အိမ်ထဲတွင် စန္ဒီနိုင်နှင့်သော်တာခွန်းတို့နှစ်ယောက်သာကျန်တော့သည်။ပြတင်းပေါက်ကနေ ကျော်ကြီးကို လက်ပြနှုတ်ဆက်နေသည့် သူမ ကိုကြည့်ရင်း ညက ဖြစ်ခဲ့သည် မတော်တဆလေးမှာ ဖလင်တွဲတစ်ခုလို အစီအရီပြန်ပေါ်လာလေတော့သည်။ သို့ပေမယ့် မတော်တဆ ဖြစ်ခဲ့တာမို့ စိတ်ထဲမထားဘဲပုံမှန်အတိုင်းနေသည်။ ခက်တာက သူမ မှတ်မိလား မမှတ်မိလား သော်တာသိချင်နေသည်။ တစ်ခုခုကို အတည်ပြုပြီး ခေါင်းထဲကနေထုတ်ပစ်လိုက်ချင်မိသည်။ ဟုတ်ပြီ။
"စန္ဒီမ"
"အေး..ပြော"
"နေလို့ကောင်းသွားပြီလား"
ချက်ချင်းကြီးမေးလိုက်ရင် သိပ်သိသာသွားမည်စိုး၍ အင်ထရိုဝင်လိုက်သည်။ ထိုစဉ် သူမက ပြုံး၍ ပြန်ဖြေသည်။
"အေး..အခုငါ နေလို့အဆင်ပြေသွားပြီ။နင်တိုက်တဲ့ လီမွန်တီးလေးသောက်ပြီး toilet သွားလိုက်တာ အိုကေသွားပြီ..."
"အင်းပါ"
ခေတ္တ စကားပြတ်သွားပြန်၏။ စန္ဒီတစ်ခု သတိရသွားသည်။
"ဒါနဲ့ ညက ဘာတွေဖြစ်သေးလဲအေ"
"အမ်"
"ငါတော်တော်မူးသွားတာနေမယ် ငါ့ကို နင်တို့အခန်းထဲလိုက်ပို့ကြတာမလား"
"အင်း...ဒါပေမယ့်...."
သော်တာ သူမကိုမကြည့်ဘဲ ဖြေနေသည်။ အခန်းထဲလိုက်ပို့ခဲ့တာ သူတစ်ယောက်ထဲဆိုတာကို ပြောမထွက်နိုင်ဖြစ်နေတော့သည်။
xxx

မတော်တဆ 🤍💋❤Tempat cerita menjadi hidup. Temukan sekarang