Room 25 (Say something)

265 23 2
                                    

'တင်းတောင် တင်းတောင် တင်းတောင်'
အဆက်မပြတ်မြည်နေသည့် ဘဲလ်သံကြောင့် သော်တာအိပ်ရာမှနိုးလာရသည်။
"တောက်! မနက်စောစီးကွာ..."
မျက်လုံးနှစ်လုံးစလုံးသေချာမပွင့်သေးဘဲ တံခါးသွားဖွင့်ဖို့လုပ်ရတော့သည်။ အခန်းအပြင်ရောက်တော့ သူ့လိုပဲ အိပ်ချင်မူးတူးနှင့် ခေါင်းစုတ်ဖွား စန္ဒီနိုင်။
"ဘယ်သူလဲမသိဘူးဟာ...အစောကြီးရှိသေးတာကို..."
မျက်လုံးပွတ်ရင်း ပွစိပွစိလုပ်နေသောသူမကိုတချက်ကြည့်လိုက်သည်။  သော်တာခွန်း စိတ်ညစ်ညစ်နဲ့ တံခါးဖွင့်လိုက်တော့သည်။
"ခိုင်အိ"
သော်တာ အနည်းငယ်ဒေါသထွက်သွားသည်။
"ဘာလို့ဒီအချိန်ကြီး ရောက်လာတာတုန်းဟ...ညက ပင်ပန်းထားလို့ အိပ်ရေးမဝသေးပါဘူးဆိုမှ..."
ခိုင်အိ အသံလုံးဝမထွက်ဘဲ သော်တာ့ကိုမျက်လုံးကြီးပြူးပြသည်။ သူမကိုကြည့်ရတာ တစ်ခုခုဖုံးထားသလိုလက်ကလေးနောက်ပစ်လို့။
"ဘယ်သူလဲဟဲ့"
အထဲမှ အသံစူးစူးကြောင့် ခိုင်အိမျက်လုံးတွေပိုကျယ်သွားရသည်။
'ဘုရား ဘုရား....စန္ဒီ ဒီကိုမလာပါစေနဲ့'
သူမစိတ်ထဲကကြိတ်ဆုတောင်းနေသည်။ သို့ပေမယ့် မပြည့်လိုက်။ စန္ဒီနိုင် သူမကိုထွက်တွေ့လာတော့သည်။
"ဟာ ခိုင်...စောစောစီးစီး ဘာကိစ္စရှိလို့လဲဟ...နင်တစ်ယောက်ထဲလား..."
"ငါပါတယ် မိစန္ဒီနိုင်"
"ဟင်" "ဟာ" "သေပြီ!"
ခိုင်အိအနောက်က ထွက်လာသော သူကို တွေ့လိုက်ရသောအခါ စန္ဒီနှင့်သော်တာနှစ်ယောက်စလုံး သွေးပျက်သွားကြသည်။ အထူးသဖြင့် စန္ဒီနိုင်မျက်နှာမှာ သွေးမရှိတော့အောင် ဖြူဆုတ်သွားတော့သည်။
"အ..အမေ..."
သူမ အမေ၏ တလိပ်လိပ်တက်လာသော ရှက်ဒေါသလှိုင်းလုံးကြီးတို့မှာ မျက်နှာမှာ အထင်းသားမြင်နေရသည်။ သို့ပေမယ့် စကားတစ်ခွန်းမှမပြောဘဲ အိမ်ထဲဝင်ထိုင်လိုက်သည်။ သော်တာ့မျက်လုံးများမှာ ပြူးကျယ်ပြီးထိတ်လန့်နေ၏။ စန္ဒီကတော့ တကိုယ်လုံး တုန်ရီနေသည်။
"အမေ....အမေ...သ..သမီး...ရှင်း..ရှင်းပြတာကိုအရင်...နား..နား​ထောင်..."
"နေဦး"
"ရှန်"
ဒေါ်မိုးဦး ဘရိတ်အုပ်လိုက်သော် စန္ဒီနိုင်တန့်ခနဲရပ်သွားသည်။ ဒေါ်မိုးဦးက သော်တာခွန်းကို သွေးအေးအေးနှင့်စိုက်ကြည့်ကာ...
"နင်တို့ရှင်းပြတာကို ငါတစ်ယောက်ထဲနားမထောင်ဘူး...သော်တာခွန်း"
"ဗျာ"
"မင်းအမေကိုဖုန်းဆက်ခေါ်လိုက်"
"အမေ..."  "အန်တီ..."
"စန္ဒီနိုင်..ငါ့ဒေါသကို အတော်ထိန်းထားရတာနော်...ငါပြောသလိုမလုပ်ရင် နင်တို့ကိုငါသတ်မိိလိမ့်မယ်"
စန္ဒီနှင့်ခိုင်အိတို့ ဘာမှဆက်မပြောရဲတော့။ သော်တာခွန်း အသက်ကိုပြင်းပြင်းတချက်ရှုကာ အိမ်ကိုဖုန်းဆက်လိုက်ရတော့သည်။ စန္ဒီနိုင်အတွက် ခေါင်းတည်တည့်ကိုမိုးကြိုးပစ်ချလိုက်သလိုပင်။
ပေ၂၀ ကျော်တိုက်ခန်းလေးရှေ့တွင် လူခုနစ်ယောက်မကသည့် ဖိနပ်များရှိနေ၏။ စန္ဒီနိုင်နှင့်သော်တာခွန်းတို့၏ မိဘများက ဆိုဖာတွင်ထိုင်နေကြသည်။ ကျန်တဲ့သူများက ထိုင်တဲ့သူကထိုင်ပြီး မတ်တပ်ရပ်သူကရပ်နေကြသည်။သို့သော် မည်သူတစ်ယောက်မျှ စကားမပြောကြဘဲတိတ်ဆိတ်နေသည်။
"ကဲ သော်တာခွန်းနဲ့ စန္ဒီနိုင် နင်တို့နှစ်​ယောက်ဆိုတာ ကိုးတန်းကျောင်းသားဘဝကတည်းက ပုခုံးဖက်ပြီးပေါင်းလာတဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတွေ...အခု ဘယ်လိုဖြစ်ပြီး ခိုးပြေးရတဲ့အထိဖြစ်သွားရတာလဲ ငါတို့ကိုပြောစမ်း"
ခိုင်အိအမေက အရင် တိတ်ဆိတ်ခြင်းကိုစတင်ဖြိုခွဲလိုက်သည်။ စန္ဒီနိုင်၏မိခင် ဒေါ်မိုးဦးမှာ လူများရှေ့ မျက်နှာပူ၍ စန္ဒီတို့ကိုတွေးတိုင်း စိတ်တိုနေရသည်။ တဖက်မှာသော်တာ့မေမေကတော့ ဘာမှမတုံ့ပြန်ဘဲထိုင်နေ၏။ ဒီတိုင်းနှုတ်ဆိတ်နေပါက ဝန်ခံသလိုဖြစ်မည်စိုးတာကြောင့် သော်တာ့ဘက်က ရှင်းပြဖို့စသည်။
"တကယ်တော့....ကျွန်တော်တို့ ခိုးပြေးတာမဟုတ်ရပါဘူးဗျာ..."
"ဘာ! ခိုးပြေးတာမဟုတ်ရင် ဘာလို့ ငါ့သမီးက ဒီအိမ်ပေါ်ရောက်နေတာလဲ"
"သမီးကိုယ်တိုင် ရောက်လာတာ"
"ဘယ်လို"
စန္ဒီ့အဖြေက ဒေါ်မိုးဦးကိုဆွံ့အသွားစေသည်။ သော်တာကလည်း စန္ဒီ့ကိုလှည့်ကြည့်နေ၏။
"မေမေ....အန်တီတို့ အခုသမီးပြောမှာတွေကို လက်မခံနိုင်ရင်တောင် သေချာစဥ်းစားပြီး ယုံပေးပါနော်...တကယ်တော့ သမီးတို့ခိုးပြေးခဲ့တာလုံးဝမဟုတ်ပါဘူး...ဒါပေမယ့် ဘယ်လိုမထင်မှတ်ထားတဲ့ မတော်တဆတစ်ခုကြောင့် သမီး ဒီအိမ်မှာ သော်တာနဲ့အတူ နေဖို့ဖြစ်လာရပါတယ်။ ဘာလို့လဲဆိုတော့...ဒီတိုက်ပိုင်ရှင်ကြောင့်ပါပဲ"
"ဘာ" "ဘယ်လို"
လူကြီးတွေ အနည်းငယ် ခေါင်းရှုပ်သွားကြသည်။
စန္ဒီစကားကိုဆက်သည်။
"ဟုတ်ပါတယ်။ ဒီတိုက်ကို ဦးစိုးဝေ ဆိုတဲ့လူပိုင်တာပါ။ အဲ့ဒီလူကလည်း တခြားလူမဟုတ်ပါဘူး...ထွန်းရှည်ရဲ့ ဦးလေးအရင်းပါ...သူ Covid positive ဖြစ်ပြီး ညနေမှာပဲ ဒီတတိုက်လုံးကို Lockdown နှစ်ပတ် ချခဲ့ပါတယ်။ ဦးစိုးဝေ ကို လာမခေါ်ခင်ညက သမီးတို့ ငါးယောက်လုံး ဒီအိမ်မှာ အတူစားသောက်ပြီး ညအိပ်ခဲ့ပါတယ်။ ဒါပေမယ့် ခိုင်အိတို့က အရင်ပြန်သွားကြပြီး သော်တာက သမီးကိုလိုက်ပို့ဖို့ အောက်ဆင်းမယ့်အချိန်မှာပဲ....lockdown ချလိုက်တာပါ။"
စန္ဒီနိုင် မျက်နှာလေးညှိုးနေသည်ကို သူတွေ့လိုက်သည်။
ထိုအခါ မတ်တပ်ရပ်နေသည့် ထွန်းရှိန်ဝါက ဝင်ရှင်းပြသည်။
"စန္ဒီပြောတာအမှန်တွေပါ အန်တီ...ကျွန်တော့်ဦးလေး Quarantine Center ရောက်သွားပြီလို့ဖုန်းလှမ်းဆက်မှ ကျွန်တော်လည်းသိရတာပါ။ အဲ့ဒီအချိန် နယ်ကကျွန်တော့်အမေ လှမ်းခေါ်လို့ ကျွန်တော် ဒီအိမ်ကိုပြန်မလာဖြစ်တော့တာပါ။ ကျွန်တော်သာ နယ်မသွားရဘူးဆိုရင် အခုလို ဖြစ်လာမှာမဟုတ်ပါဘူးဗျာ..."
"အဲ့လိုလည်း မဟုတ်ဘူးလေ ငထွန်းရာ...ငါ စန္ဒီ့ကိုသွားမကြိုနိုင်လို့ စန္ဒီအိမ်မပြန်နိုင်ရတာပါကွာ...ငါ့ကြောင့်ပါကွာ ငါ့ကြောင့်ပါ"
ကျော်ကျော်ခိုင်က ထွန်းရှိန်ဝါပုခုံးကိုအသာပုတ်ရင်း ပြောသည်။ ထိုအခါ ခိုင်အိကလည်း စန္ဒီ့လက်ကိုကိုင်ကာပြောပြန်သည်။
"ငါလည်းပါတယ်လေဟာ...အဲ့နေ့မနက်က ငါတစ်ယောက်ထဲအိမ်ကိုစောစောပြန်လိုက်လို့ အခုလိုဖြစ်ရတာ...ငါသာ စန္ဒီနဲ့အတူပြန်လိုက်ရင် အခုလိုဖြစ်လာမှာမဟုတ်ဘူးလေ"
"တော်တော့!"
ဒေါ်မိုးဦး​အော်သံကြောင့် ငါးယောက်လုံးတိတ်သွားကြသည်။
"မင်းတို့ဘယ်လိုပဲ ဝိုင်းပြောပါစေ...ဖြစ်ပြီးတာကဖြစ်ပြီးသွားပြီ။ မင်းတို့ပြောသလို....ငါ့သမီး စန္ဒီပြောသလို မှန်တယ်ပဲထား...သွေးမတော်သားမစပ်တဲ့ လူလွတ်နှစ်ယောက်က ဒီတိုက်ခန်းမှာ လပိုင်းလောက်အတူနေနေကြတယ်လို့ပဲ ပတ်ဝန်းကျင်က သိထားပြီးပြီလေ။ အန်တီလည်း အန်တီ့သမီးအကြောင်းကိုသိပါတယ်။ အန်တီ့သမီးကိုမင်းတို့ ဘယ်လိုစိတ်ရှိလဲဆိုတာလည်း အန်တီသိတယ်။ ဒါပေမယ့် အခုချိန်မှာ အန်တီ့သမီး အပျိုလေးတစ်ယောက်ရဲ့ သိက္ခာပိုင်းနဲ့
ကိုယ်ကျင့်တရားကို ထိခိုက်စေမယ့် အဖြစ်မျိုးတော့ အန်တီမဖြစ်စေချင်တာအမှန်ပဲ။"
ထိုအခါ သော်တာ့အမေက....
"အစ်မပြောတာ သဘာဝကျပါတယ်ရှင်။ ကျွန်မသားရဲ့ နမော်နမဲ့နိုင်မှုကြောင့် အခုလိုမဖြစ်သင့်တာတွေဖြစ်သွားရတာကို ကျွန်မကပဲ ရှေ့မျက်နှာ နောက်ထားပြီးတောင်းပန်ပါတယ်...ကျွန်မသားကို ဆုံးမသွန်သင်တာအားနည်းခဲ့လို့ အခုလိုဖြစ်ရတာပါရှင်...အစ်မ ဖြစ်စေချင်တဲ့အတိုင်း အတတ်နိုင်ဆုံး လိုက်လျောဖို့ဆုံးဖြတ်ထားပါတယ်...ဟို...တရားစွဲတာမျိုး...."
"မပူပါနဲ့ ဒေါ်သန္တာ...ကျွန်မ ဒါမျိုးစိတ်မဝင်စားပါဘူး...လုပ်လည်းမလုပ်ပါဘူး...ဒီကလေးတွေဟာ ကျွန်မတို့မျက်စိရှေ့တင် လူဖြစ်လာတဲ့ကလေးတွေပါ...သားသော်တာရဲ့ စိတ်ဓာတ်ကို သိပြီးသားပါ...ပြီးတော့ ကျွန်မသမီးရဲ့ ကိုယ်ကျင့်သိက္ခာကိုလည်း ယုံကြည်တယ်...ဒါပေမယ့် ကျွန်မတစ်ခုပဲ တောင်းဆိုချင်တာက ကျွန်မသမီးလေးရဲ့ ဘဝမှာ သူများ ပြစ်တင်ကဲ့ရဲ့တာခံရမယ့်အဖြစ်မျိုးတော့ ကျွန်မ မလိုချင်ဘူး.."
"ဟုတ်ပါတယ်...အစ်မ ပြောတာ နားလည်ပါတယ်။ ညီမတို့ဘက်က သမီးလေးကို မိသားဖသားပီပီ လာတောင်းပါ့မယ်ရှင်"
"............."
ဒေါ်သန္တာ၏ စကားအဆုံးမှာ စန္ဒီနိုင်နှင့်သော်တာခွန်းတို့အတွက် မိုးကြိုးပစ်ခံလိုက်ရသလို ခေါင်းထဲတွင် လင်းထင်းသွားခဲ့သည်။ မျက်ရည်စို့လာသည့် စန္ဒီနိုင်မှာ လက်မလျှော့နိုင်ဘဲ တောင်းပန်နေပြန်သည်။
"အမေ...သမီးပြောတာကိုနားထောင်ပါဦး...သမီးတို့ ဘာမှ..."
"ဘာမှပြောမနေနဲ့တော့ စန္ဒီ"
ဟင့်အင်း...သူမ လက်မခံနိုင်ပါ။ ဒါဟာ အကောင်းဆုံးဖြေရှင်းနည်းတစ်ခုဆိုရင်လည်း တခြားဖြေရှင်းနည်းတစ်ခုကိုသာ ရွေးလိုက်ချင်သည်။ အချစ်မပါသည့် အိမ်ထောင်ရေးကြီးကိုတော့ ဒီဆုံးဖြတ်ချက်ကြောင့် ခေါင်းမငြိမ့်ချင်ပါ။
စန္ဒီ လက်ကိုတင်းတင်းဆုပ်၍ မတ်တပ်ထရပ်လိုက်သည်။
"သမီး လက်မခံနိုင်ဘူး မေမေ"
"ဘာပြောတယ်"
"သမီး ဒီဆုံးဖြတ်ချက်ကို လက်မခံဘူး။ သမီးတို့ကို ယုံကြည်တယ်ဆို....သမီးတို့နှစ်ယောက် ဘာမှဖြစ်ကြတာလည်းမဟုတ်ဘူးလေ...ဘာလို့ လက်ထပ်ရမှာလဲ...ဟဲ့ သော်တာခွန်း နင်က ဘာကိစ္စ ပါးစပ်ပိတ်နေတာလဲ။ နင်ငါ့ကိုယူမလို့လား..."
စန္ဒီ သော်တာ့ရှေ့တွင်ရပ်ကာ မျက်လုံးတွေကိုတည့်တည့်စိုက်ကြည့်ပြီးမေးသည်။
"နင်ဘာလို့ ဘာမှမပြောဘဲ ပါးစပ်ပိတ်နေတာလဲဟ...နင်တခုခုပြောဦးလေ...နင်နဲ့ငါ့ကို ပေးစားနေကြပြီ"
သော်တာ အကျယ်ကြီး ထပြောလိုက်ချင်ပါသည်။ သို့ပေမယ့် အခုချိန်မှာ သူ့ခံစားချက်ကို ရှေ့တန်းတင်လိုက်ရင် တဖက်ကသူငယ်ချင်း၏ဘဝမှာ သူ့ကြောင့် တစ်စုံတစ်ရာ ထိခိုက်နာကျင်မှာမျိုး လုံးဝမလိုချင်ပါ။ လူကြီးတွေပြောသလို အများသိထားတဲ့ အနေအထားကိုလက်ခံပေးလိုက်ရုံမှတပါး....သူ့မှာဘာပြောခွင့်ရှိမည်နည်း။
"ကျွန်တော်....လက်ခံပါတယ်"
X
အားလုံးအိမ်ပြန်သွားကြပြီးနောက် သူတို့ငါးယောက်သာကျန်ခဲ့သည်။ စန္ဒီနိုင် ဧည့်ခန်းတွင်စိတ်ပျက်ပျက်နှင့်ထိုင်နေသည့် သော်တာခွန်းနှင့်စကားပြောဖို့ သွားသည်။
"သော်တာခွန်း..."
"..............."
"ငါ့အိမ်သွားမယ် လိုက်ခဲ့"
"ဘာသွားလုပ်မလို့လဲ။"
"နင်ငါ့ကို မယူနိုင်ဘူး...နင့်မှာ လက်ထက်ဖို့ရည်ရွယ်ထားတဲ့ချစ်သူရှိတယ်လို့ သွားပြောမယ်...ငါလည်းငါ့မှာ ဘဲရှိတယ်လို့ပြောလိုက်မယ်လေ...ဒါဆို ငါတို့လက်ထပ်စရာမလိုတော့ဘူး....လာ သွားမယ် ထ"
သော်တာ့လက်မောင်းကို ဆွဲခေါ်နေပေမယ့် လက်ပဲကြွလာပြီး ကိုယ်ကပါမလာ...
"တော်ပါတော့ စန္ဒီနိုင်ရယ်...နင်အဲ့လိုသွားပြောမှ ချက်ချင်းရုံးသွားလက်မှတ်ထိုးနေရမယ်နော်..."
"အာ့ဆို ငါဘာလုပ်ရမှာလဲ...ဒီတိုင်း ထိုင်နေရမှာလား အမှန်ကိုအမှန်တိုင်းမပြောဘဲနဲ့"
"အမှန်တိုင်းပြောတော့ရော ဘာထူးလဲ...ပြီးတော့ နင်နဲ့ငါနဲ့ တအိမ်ထဲမှာ နှစ်လကျော်လောက်အတူတူနေခဲ့တာကရော....အမှန်တရားပဲမဟုတ်ဘူးလား"
"အဲ့ဒါလည်းမှန်တယ်...ဒါပေမယ့် ငါတို့ဘာမှမဖြစ်ဘူးလေ...တစ်ယောက်တစ်ခန်းစီခွဲနေကြတာလေ...နင်နဲ့ငါနဲ့ တစ်ကုတင်ထဲအိပ်နေတာမှမဟုတ်တာလို့..."
စန္ဒီ စိတ်ပျက်ပျက်နဲ့ ထိုင်ချလိုက်လေသည်။ သော်တာတစ်ယောက် သက်ပြင်းရှည်ကြီးမှုတ်ထုတ်လိုက်သည်။ ကျန်တဲ့သူတွေလည်း ဘယ်လိုအကြံပေးရမှန်းကိုမသိတော့။
"တော်ပါတော့ကွာ...မင်းတို့ဘယ်လိုပြောပြော အဆင်မပြေလောက်တော့ဘူးထင်တယ်"
"ဟုတ်တယ်....တပတ်အတွင်း စီစဥ်မယ်လို့တောင်ပြောသွားတာ....နင်လည်းကြားမှာပဲဟာ...စိတ်လျှော့လိုက်ပါတော့ဟာ..."
ထွန်းရှိန်ဝါတို့လင်မယားလည်း အခက်တွေ့နေသည့်နှစ်ယောက်ကို ဖျောင်းဖျရုံသာတတ်နိုင်ကြသည်။
"ဘာကိုစိတ်လျှော့ရမှာလဲဟ....ငါမှ သူ့ကိုမယူချင်တာကိုလို့..."
စန္ဒီ့စကားက သော်တာ့ကိုစိတ်တိုစေ၏။
"အော်...ငါကရော နင့်ကိုယူချင်လို့ လက်ခံလိုက်တယ်လို့များ နင်ထင်နေလား...ဆုတောင်း"
"အေး အာ့ဆိုလည်း ဘာလို့ အကြောရှည်ပြီး ဟီးရိုးထလုပ်ရတာလဲ..နင့်ဘယ်သူက တာဝန်ယူခိုင်းနေလို့လဲ သေနာရဲ့"
"ငါ ထမပြောရင် နင်ရောငါရော အေးအေးဆေးဆေး နေရမယ်ထင်လား...ဒီကိစ္စက ဒီမှာတင်ပြီးသွားမယ်ထင်လား...ငါတို့ကို မယူဘဲ ကိုဗစ်အကြောင်းပြပြီး living together ခိုးနေကြတယ်လို့ ဝိုင်းပြောကြမှာလေ..."
"ဘာဖြစ်လဲ ပြောချင်ပြောပစေပေါ့...Living together နေတယ်ဆိုလည်း နေတယ်ပေါ့ ဘာဖြစ်လဲ...ငါတို့က မြီးကောင်ပေါက်တွေလား....မနက်ဖြန် သဖက်ခါ သုံးဆယ်ပြည့်တော့မယ်...အရွယ်ကရောက်ရုံတင်မဟုတ်ဘူး လွန်တောင်နေပြီ...ဘာသောက်ဂရုစိုက်စရာရှိလဲ"
စန္ဒီနိုင့်ကို နားမလည်တဲ့ပုံစံဖြင့်သေချာကြည့်သည်။ စန္ဒီကတော့ မျက်နှာလွှဲထားသည်။
"ဘာသောက်ဂရုစိုက်စရာရှိလဲ ဟုတ်လား....နင်နဲ့ငါရဲ့ ခင်မင်တဲ့အသိုင်းအဝိုင်း ပတ်ဝန်းကျင်က အတူတူပဲ...ငါတို့ဘယ်လောက်ပဲ ဖြူစင်ပါတယ်လို့ သေအောင်အော်နေပစေ...ပတ်ဝန်းကျင်က နင့်ကိုငါနဲ့အတူနေဖူးတဲ့ မိန်းမလို့ပဲ မြင်ကြတော့မှာ..အေး ငါကလည်း နင့်ကိုအတည်မယူဘဲ သူငယ်ချင်းဗန်းပြပြီး ခိုးစားနေတဲ့ လူယုတ်မာဖြစ်တော့မှာ...နင်နားလည်လား"
"သော်တာ...တော်ပါတော့ဟာ"
ခိုင်အိက မျက်နှာပျက်ပျက်နှင့်တားသည်။
"မတော်ဘူး ခိုင်အိ...နင့်သူငယ်ချင်းကိုက အရာရာကိုပေါ့ပျက်ပျက်တွေးနေတာ"
"ဘာ!"
စန္ဒီနိုင် အကြီးအကျယ်ပေါက်ကွဲသွားသည်။
"ဒီမှာ ငါကနင့်လို ပတ်ဝန်းကျင်ကို ဂရုစိုက်ပြီး သွေးကြောင်တတ်တဲ့လူမျိုးမဟုတ်ဘူး နားလည်လား"
"ဘာပြောတယ်!"
သော်တာခွန်း ဘယ်လိုမှ စိတ်ထိန်း၍မရတော့၍အော်သလိုဖြစ်သွားသည်။
"ငါအခုလို သောက်ဂရုစိုက်နေတာ ဘယ်သူ့အတွက်လဲ...ဟမ်....ငါက ယောကျာ်း အပြောခံရလည်း အေးဆေးပဲ...နင်ကမိန်းကလေးလေ...နင့်ကို သူများတွေက အထင်သေးကဲ့ရဲ့တာကို နင်ခံနိုင်လား...သူငယ်ချင်းဆိုပြီး ခိုးစားနေကြတယ်လို့ အပြောခံရမှာကို လိုချင်နေတာလား"
စန္ဒီ ရုတ်တရက် မျက်ရည်ဝဲလာသည်။
"ငါ့အတွက်တော့....အချစ်မပါတဲ့ အိမ်ထောင်တစ်ခုထက်စာရင်....အဲ့ဒီလို ခိုးစားနေပါတယ်လို့ အပြောခံလိုက်ရတာက...ပိုသက်သာမယ်ထင်တယ် သော်တာ"
"ဘာ...."
တုန်ယင်နေသည့်အသံဖြင့် ပြောရင်း မျက်ရည်တွေကျလာသော သူမကို ကြည့်ရင်း စကားတို့ဆွံ့အသွားခဲ့သည်။ ပါးပြင်ပေါ်သို့လှိမ့်ဆင်းနေသည့် မျက်ရည်တို့ကို ခပ်မြန်မြန်သုတ်ရင်း သော်တာ့ရှေ့ကထွက်သွားခဲ့သည်။
"ကျော်ကြီး...."
"ဟေ"
"ငါ့ကိုအိမ်ပြန်လိုက်ပို့ပါလား"
"အေး...အေး..ငါလိုက်ပို့မယ်...ခိုင်အိပါလိုက်ခဲ့"
"အင်း...ကို...ခိုင်လိုက်သွားဦးမယ်"
ထွန်းရှိန်ဝါက ခေါင်းငြိမ့်ပြလိုက်သည်။ထို့နောက် သူတို့သုံးယောက် အိမ်ကထွက်သွားကြသည်။
သော်တာကတော့ စန္ဒီပြောခဲ့သော စကားကိုသာ တွေးရင်း ကျန်ခဲ့သည်။
X

ဒီအပိုင်းကတော့ နည်းနည်းကြမ်းမယ်😌
Please 'vote' & share if you like me!
Thank you very much 😘🍀

မတော်တဆ 🤍💋❤Tempat cerita menjadi hidup. Temukan sekarang