Room 33 (Understand you)

303 22 4
                                    

ညတုန်းက ကျွန်တော်တို့တကယ်ပဲ စကားတွေထိုင်ပြောခဲ့ကြတယ်။ တကယ်တော့ ကျွန်တော်ညက ပြောပြတဲ့အကြောင်းအရာတချို့...အင်း တော်တော်များများ က ဘယ်သူ့ကိုမှ အထူးတလည်ထုတ်မပြောတဲ့ အကြောင်းအရာတွေ...ဘာလို့များ စန္ဒီ့ကို ကျွန်တော့်အနားမှာ နေခိုင်းပြီး ပြောပြဖြစ်ခဲ့သလဲ အခုထိတွေးမရဘူး။
ကျွန်တော့်ဘဝမှာ ကိစ္စတော်တော်များများကို အရှိအတိုင်းပြောလေ့ရှိပါတယ်။ မိသားစု ကိစ္စတော့မပါဘူး။ ဘာလို့လဲဆိုတော့ ဘာမှပြောပြစရာမရှိလို့။
အိမ်မကပ်တဲ့ အဖေနဲ့ အိမ်ကလွဲလို့ တခြားသွားစရာမရှိတဲ့ အမေတို့အကြောင်းက သူငယ်ချင်းတွေကို ပြန်ပြောပြရလောက်အောင် စိတ်ဝင်စားဖို့မကောင်းခဲ့ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း စိတ်မဝင်စားချင်ယောင်ဆောင်ပြီး နေထိုင်လာခဲ့တယ်။ ဒါပေမယ့်...တသက်လုံး တော့ဘယ်ရမလဲ။
နာမည်ကြီး ဇာတ်ညွှန်းရေးဆရာ ၊ စာရေးဆရာဆိုတဲ့ ဂုဏ်ပုဒ်ကိုရဖို့ အဖေဟာ ကျွန်တော်တို့သားအမိကို လျစ်လျူရှုနိုင်ခဲ့တယ်။ အင်တာဗျူးတွေ ဂျာနယ်သတင်းစာတွေထဲမှာတော့ ကျွန်တော်တို့လောက်ပျော်စရာကောင်းပြီး အနုပညာချစ်တဲ့မိသားစု ရှိပါဦးမလား။
ကိုးတန်းရောက်တော့ ထွန်းရှိန်ဝါနဲ့ နှစ်ကိုယ့်တစိတ်လိုနေနိုင်လာခဲ့တယ်။ ကျွန်တော့်မိဘတွေ မသိတဲ့ကိစ္စတချို့တောင် သူ့ကိုပြောပြရင်ဖွင့်ဖြစ်တဲ့အထိ ရင်းနှီးလာခဲ့တာ...အဲ့လိုနဲ့ ကျွန်တော့်အတွက် အကောင်းဆုံးလူသားတွေကိုထပ်ရှာတွေ့ခဲ့တယ်။
မိန်းကလေးသူငယ်ချင်းဆိုတာလည်း စန္ဒီနိုင် နဲ့ ခိုင်အိတို့က ပထမဆုံးပဲ။ သူတို့လောက် ရင်းနှီးခုံမင်တဲ့ မိန်းကလေးသူငယ်ချင်းတော့ ထပ်မရှိနိုင်ဘူး။
စန္ဒီနိုင်နဲ့ အခုလို တအိမ်ထဲအတူနေတဲ့အချိန်တွေဟာ တစ်လကနေ နှစ်လဖြစ်လာခဲ့တယ်။ဒီအချိန်လေးအတွင်းမှာ သူ့ကိုကျွန်တော် သိထားတဲ့ တချို့အချက်တွေ မှားနေတာမြင်လာတယ်။ ပြောရရင် သူ့ရဲ့မကောင်းဘူးဆိုတဲ့အချက်တွေဟာ တကယ်တမ်း အဆင်ပြေနေတာမျိုး။
ပထမဆုံး သူ့ကို ကျားကျားယားယား မိန်းမသားလို့ထင်ခဲ့ဖူးတယ်။ ဒါကလည်း စန္ဒီ့နဂိုပုံစံကိုက မိန်းကလေးဆန်မနေဘူးရယ်။ လူကသာ ကြည့်လိုက်ရင် ဖြဲမယ့်ရုပ်လိုလိုနဲ့ တကယ် ပိုရင်းနီီးလာမှ နွေးထွေးမှန်းသိလာတယ်။ အစားရှေ့ရောက်ရင် ကျားရှေ့မှောက်လျက်လဲသလို ယိုင်လဲသွားတတ်တယ်။ ညစ်ပတ်ချင်ရင် ဘာမှမလုပ်ဘဲငုတ်တုတ်ထိုင်နေတတ်သလို သန့်ချင်ပြန်တော့ အိမ်သာထဲပါ သူသုံးတဲ့ရေမွှေးဖြန်းတက်တဲ့ မိန်းမမျိုး။ စိတ်က သိပ်ပုံမှန်တော့မဟုတ်ဘူး။ ဒါပေမယ့်လည်း အဆင်ပြေတယ်။ ဘာလို့လဲမသိ..အရင်အဆင်မပြေလောက်ဘူး ထင်ထားတာတွေက အခုချိန်မှာ အဆင်ပြေလာမယ်လို့ တခါမှ တွေးမထားခဲ့မိဘူး။
ဒါတွေသာ အစထဲကကြိုသိနေခဲ့မယ်ဆိုရင် ကျွန်တော်တို့နှစ်ယောက် အ​ခြေအနေက...တမျိုးဖြစ်သွားနိုင်မလား လို့တွေးမိတယ်။ Friends to lovers အဆင့်တက်ပြီး အိမ်ထောင်တွေကျ သားသမီးတွေနဲ့ပျော်ရွှင်နေတဲ့ သူငယ်ချင်းလင်မယားအတွဲတွေကြည့်တိုင်း ရင်ထဲမှာ အားကျသလိုလို...တဖက်မှာလည်း နာကျင်ရတယ်။ ကျောင်းနေဖက်သူငယ်ချင်းကနေ အိမ်ထောင်ကျ မိသားစုဘဝထူထောင်ရင်း နားလည်မှုတွေ သည်းခံနိုင်စွမ်းတွေ ကုန်ခမ်းပြီး နောက်ဆုံး သားသမီးဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင် မကြည့်ရက်လို့ ခွဲပေးခဲ့ရတဲ့အဖြစ်မျိုး ကျွန်တော့်မှာဖြစ်လာမယ်လို့ အသိစိတ်ကယုံကြည်မိနေတယ်။ စန္ဒီ ကျွန်တော့်ကို မကောင်းမြင်မှာကို ပိုကြောက်တယ်။ ကျွန်တော် အားလုံး ပြောပြနေတဲ့အချိန်မှာ သူမဘက်က သိသိသာသာ reaction ပေးတာမျိုးမရှိဘဲ ဒီတိုင်းလေး ငြိမ်ပြီးနားထောင်ပေးတယ်။ ဖြစ်သလိုနားထောင်နေတာမဟုတ်ဘူး။ ကျွန်တော့်မျက်လုံးတွေရဲ့ဟိုးအထဲထိ ဝင်ရှာနေသလိုသေချာကြည့်ပြီးနားထောင်ပေးတာ။ စန္ဒီနိုင့်ဆီက အခုလို သနားကြင်နာတတ်တဲ့အကြည့်မျိုးတွေက ကျွန်တော့်အတွက်ဖြစ်လာလိမ့်မယ်လို့ တခါမှ တွေးမထားခဲ့မိဘူး။ မိဘတွေကို ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးဖို့ တိုက်တွန်းခဲ့တဲ့ ကျွန်တော်လိုကောင်ဟာ ဘယ်လိုမှ သနားဖို့ကောင်းမနေပါဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ ကံကြီးထိုက်စေမယ့် လုပ်ရပ်ကြောင့် အကုန်လုံး သူ့နေရာနဲ့သူ ဖြစ်သွားကြတယ်မဟုတ်ဘူးလား။ ဒါဟာ ကျွန်တော်ဘဝ တလျောက်လုံး နားနဲ့ဆက်ဆက်ကြားခဲ့ ကြေကွဲခဲ့ရတဲ့ စကားတွေ အဖေနဲ့အမေ တချိန်လုံး ဖြစ်ချင်ခဲ့တဲ့ ဆန္ဒ​​ပဲမဟုတ်လား။ အဲ့ဒါကို သားဖြစ်သူ ကျွန်တော်ကိုယ်တိုင် ဖြည့်ဆည်းပေးလိုက်တာပဲ။
ကျွန်တော့်စကားတွေအဆုံးမှာ မျက်လုံးအိမ်ထဲ မျက်ရည်တွေဝေ့လာတယ်။ မကျအောင် ထိန်းထားချင်လို့ တဖက်ကိုအလှည့်မှာ ပုခုံးပေါ်ကို လက်တစ်ဖက်ကျလာတယ်။ တချက်ချင်း ညင်သာစွာ ပုတ်ပေးနေတဲ့ လက်တစ်စုံဟာ ကျွန်တော့်ကိုမှင်သက်မိသွားစေတယ်။ နှစ်သိမ့်စေတယ်။
ကျွန်တော့်ကို ပြုံးရင်း ပုခုံးပုတ်ကာ နှစ်သိမ့်အားပေးနေတဲ့ သူမကို အကြာကြီး ကြောင်ကြည့်နေမိတယ်။ တကယ်တော့ မကြောင်ပါဘူး...ဒီတိုင်း ကြည့်ချင်လို့ကို ကြည့်နေမိတာ။
"ဖြစ်ပြီးခဲ့တာတွေ ဘာမှပြန်တွေးမနေနဲ့တော့နော်...နင့်အကြောင်းတွေကို ပြောပြပေးလို့ကျေးဇူးတင်တယ် သိလား.."
"ဘာလို့တင်တာလဲ"
"ပြောလိုက်တော့ နင်ရင်ထဲပေါ့မသွားဘူးလား"
ကျွန်တော် ခေါင်း​​ငြိမ့်ပြတော့ ပြုံးပြီးပြန်ဖြေတယ်။
"အာ့ကြောင့် တင်တာလေ..နင်ပြောမှ ငါသေချာသိရတာ"
"နင်ငါ့ကို မကြိုက်တော့ဘူးမလား...ငါ့ကိုပိုအမြင်ကတ်သွားတယ်မလား"
ကျွန်တော် သူမကိုစိုက်ကြည့်ပြီး သေချာမေးတော့..
"ငါနင့်ကို ဘယ်တုန်းကမှ မကြိုက်ဘူးလို့မပြောခဲ့ပါဘူး သော်တာရယ်...အဲ့ဒီလောက်နဲ့လဲ နင့်အပေါ်မှာထားတဲ့ ငါ့အမြင်တွေ သဘောထားတွေကို ပြောင်းလဲပစ်လို့မရပါဘူး...နင့်ဘေးမှာ ငါရှိတယ်နော်...ငါတင်မဟုတ်ဘူး...ထွန်းရှည် ကျော်ကြီး ခိုင်လေး..အကုန်လုံးရှိတယ်သိလား...ဘာမှမဖြစ်ဘူး...နင့်ကိုနင့်မိဘတွေ နားလည်မှာပါ ခွင့်လွှတ်မှာပါ..."
ထိန်းထားတဲ့ကြားကပဲ မျက်ရည်တစ်ပေါက် သူမရှေ့ကခုန်ဆင်းသွားခဲ့တယ်။ စန္ဒီက ကျွန်တော့်ကိုပြုံးပြနေဆဲ။
X

ဟုတ်
သာသာတို့ ဖြည်းဖြည်းချင်း အရှိန်တင်ကြတာပေါ့နော့ 😁
သဘောတူရင် vote ခဲ့နော် 😘
MJ11 🍀

မတော်တဆ 🤍💋❤Tahanan ng mga kuwento. Tumuklas ngayon