Room 8 (Hello, Hnin Si)

330 21 0
                                    

ညနေ ဆိုင်သိမ်းချိန်ရောက်သော် ခိုင်အိနှင့်ထွန်းရှိန်ဝါတို့ ရောက်လာကြသည်။
"အေး...ရောက်လာကြပြီလား...ငါ ခဏနေ ဆိုင်သိမ်းတော့မှာ...နင်တို့ ခဏထိုင်ကြဦးနော်။"
စန္ဒီက ဝန်ထမ်းများနဲ့အတူ ဆိုင်ကူသိမ်းပေးနေ၏။ စုထားသမျှလခလေးတွေနှင့် စဖွင့်သည့် စာအုပ်ဆိုင်လေးမို့ ဝန်ထမ်းများများစားစား မခေါ်နိုင်။ ယောကျာ်းတစ်ယောက်နှင့်မိန်းကလေးတစ်ယောက်သာ ဖြစ်သည်။ အလုပ်မှာခင်လာသည့် သူငယ်ချင်းတစ်ယောက်နှင့်အတူ ဆိုင်တည်သည့်နေ့မှစ၍ ဆိုင်ပိုင်ရှင်တဖြစ်လဲ သူတို့ကိုယ်တိုင် ဆိုင်ကိစ္စအစအဆုံး ဝင်လုပ်ကြသည်။
ရောင်းပန်းပွင့်ကာစ ထိုစာအုပ်ဆိုင်လေးကို လူလေးယောက်နှင့်လုပ်နေခြင်းဖြစ်သည်။
နာရီဝက်ခန့်ကြာသော် စန္ဒီတို့ဆိုင်သိမ်းပြီးပြီဖြစ်သည်။ခိုင်အိတို့ကို သူမ ပါတနာနှင့် မိတ်ဆက်လို၍ ကော်ဖီဆိုင်တစ်ဆိုင်သို့ခေါ်လာလိုက်သည်။
ဆိုင်ထဲရောက်တော့ လေးယောက်သား ကော်ဖီသောက်ရင်းစကားပြောကြသည်။
"ဟဲ့ နင်တို့ကိုမိတ်ဆက်ပေးရမယ်။ ဒါ ငါ့အစ်မ မခင်နှင်းဆီ တဲ့။အစ်မ ဆိုပေနဲ့ ငါ့ထက် ၃နှစ်ပဲကြီးတာ..."
"ဟုတ် တွေ့ရတာဝမ်းသာပါတယ်နော်"
"စန္ဒီ့ထက်ကြီးတယ်ဆို ခိုင်တို့ထက်ကြီးတာပေါ့။မထင်ရဘူးနော်... နုချက်ပဲ။" ခင်နှင်းဆီက သဘောကျစွာပြုံးရင်း....
"အမလေး....ဝယ်ကျွေးပြီးသားပါနော်...မြှောက်စရာမလိုဘူး စား စား ညီမလေး..."
"ပန်းကလေးလိုလှနေတာပဲ ကြည့်နေချင်သည်။
ပန်းကလေးလိုညှိုးမှာကိုလဲ စိုးရိမ်မိသည်။"
ထွန်းရှည် စလိုက်၍ ခင်နှင်းဆီ ရှက်သွားပြီးရယ်မိသည်။ ခိုင်လေးက သူ့လက်မောင်းကို ဖက် ခနဲ လှမ်းရိုက်သည်။
"ဟဲ့ ဘယ်လိုဖြစ်နေတာလဲ။"
"အစ်မကို အားနာစရာ.....စိတ်မရှိပါနဲ့ မမရယ်..သူက မွေးရာပါ မျက်နှာရူးလေ..."
စန္ဒီနိုင်က အားနာနေသည်။ ထွန်းရှိန်ဝါကို နဂ်ါးမျက်စောင်းတွေလှမ်းကျွေးနေ၏။ ခင်နှင်းဆီကတော့ သူတို့သူငယ်ချင်းသုံးယောက်ကိုကြည့်ပြီး ပေါ့ပေါ့ပါးပါးရယ်မိသည်။
"ရပါတယ် ညီမရယ်...အစ်မက ပေါ့ပေါ့ပါးပါးပြောဆိုဆက်ဆံရတာကြိုက်တယ်။ ညီမလေးတို့အဖွဲ့ကိုတွေ့ကတည်းက အစ်မသိပ်သဘောကျတာ..ပြီးတော့ အားလည်းကျတယ်...။အစ်မက အဝေးသင်ဆိုတော့ ကျောင်းတုန်းက သူငယ်ချင်းဆိုတာ မရှိသလောက်ပါပဲ။ Guide လုပ်ရင်း ဘွဲ့သာရသွားတယ်။ သူငယ်ချင်းများများစားစား မရှိဘူး။ အလုပ်ထဲရောက်မှ မိတ်ဆွေပေါလာတာ။"
"ဟုတ်...အခု ကျွန်တော့်ကိုစိတ်မဆိုးဘူးမလား မခင်နှင်းဆီ"
သူမက ပြုံး၍ပြန်ပြောသည်။
"မဆိုးပါဘူးကွာ...ငယ်ငယ်ကတည်းက ကြားနေကျမို့ နားရည်ဝနေပြီ။ အေးဆေး မောင်လေး"
"အိုကေ...ဒါနဲ့ ခိုင်နဲ့စန္ဒီ ငါဟိုနှစ်ကောင်ပါခေါ်ထားတယ်ဟ။"
"အမ်...ဟုတ်လား"
"ကောင်းပါတယ်။ အစ်မနဲ့ တခါထဲ မိတ်ဆက်ပေးတာပေါ့။ ညီမတို့ပြန်ပို့ပါ့မယ်...အဆင်ပြေရဲ့လားဟင် မ"
သူမက ပြုံး၍လက်မထောင်ပြသည်။
ခဏကြာတော့ သော်တာခွန်းနှင့်ကျော်ကျော်ခိုင်တို့ရောက်လာကြသည်။
"Hello everyone!"
ပြောင်ချော်ချော်နဲ့ သော်တာခွန်းကအရင်ဆိုင်ထဲသို့ဝင်လာ၏။ ပြီးတော့ ထွန်းရှိန်ဝါဘေးတွင်ထိုင်လိုက်သည်။ ထို့နောက် ကျော်ကျော်ခိုင်ဝင်လာသည်။ ဆိုင်ထဲသို့ဝင်လာသည်နှင့် သူ့မျက်စိရှေ့မှ ငြိမ်သက်တည်ငြိမ်စွာဖြင့် မျက်လွှာလေးချ၍ကော်ဖီငုံ့သောက်နေသော ပန်းကလေးကိုတွေ့လိုက်ရသည်။
"Hel...lo"
နှစ်ပေါင်းများစွာ တိတ်ဆိတ်နေသောရင်ဘတ်ထဲမှ တဒုန်းဒုန်းနှင့်အသံများ စည်းချက်မြန်မြန်ကျယ်လောင်လာကြသည်။ ပန်းမလေးနှင့်မျက်လုံးချင်း ဖြတ် ခနဲ ဆုံမိသွားချိန် စကားများပင် ထစ်ငေါ့သွားလေ၏။
"ဟျောင့်...ကျော်ကြီး"
ပန်းမလေးရဲ့ ပြုံးပန်းနုနုလေးက ကျော်ကြီးရင်မှာ သွားပွင့်နေပြီ။
'အဲ့လောက် ဖြစ်ပျက်မနေနဲ့...ထိန်းစမ်း ထိန်းစမ်း ကိုယ့်သိက္ခာကို ရအောင်ထိန်းစမ်းပါဟ'
ကျော်ကြီး စိတ်ထဲမှ ကိုယ့်ကိုယ်ကို ပြန်ဟောက်လိုက်ရင်း ကိုယ်ရှိန်သတ်ကာ သော်တာခွန်းဘေးတွင်ခုံဆွဲကာဝင်ထိုင်လိုက်သည်။
"ကဲ ဟိုနှစ်ယောက်တော့ သိပြီးပြီ။ နင်တို့မသိသေးလို့ ပြောရဦးမယ်။ ဒါ ငါနဲ့စာအုပ်ဆိုင်အတူတွဲဖွင့်ထားတဲ့ ငါ့ပါတနာ မတ်မတ် ခင်နှင်းဆီ တဲ့။"
"ဟုတ်ကဲ့ မဂ်လာပါနော်။"
"မဂ်လာပါ မနှင်းဆီရယ်"
"အမ်"
ကျော်ကျော်ခိုင်၏စကားကြောင့် လေးယောက်သား အူတူတူဖြစ်သွားသည်။
"ဟို..တွေ့ရတာ ဝမ်းသာပါတယ် မနှင်းဆီ...ကျွန်တော့်နာမည် ကျော်ကျော်ခိုင်ပါ။"
ခင်နှင်းဆီ က ရယ်ကျဲကျဲဖြင့်...
"ဟုတ်ကဲ့ ကိုကျော်ကျော်ခိုင်"
"ရင်းရင်းနှီးနှီး ကျော်ကြီးလို့ခေါ်လည်းရတယ် အစ်မ.."
ကျော်ကြီး ဒိန်း ခနဲဆို မျက်မှောင်ကြီးကြုံ့၍
စန္ဒီမ ကိုကြည့်လိုက်သည်။ စန္ဒီက ရိပ်မိ၍ ရယ်ချင်စိတ်ကိုထိန်းထားလိုက်ရသည်။
"ကိုကျော် ဖြစ်ဖြစ် ကျော်ကျော် ဖြစ်ဖြစ် ခေါ်ပါ။"
"အယ်လယ့် ကျော်ကျော် တဲ့..ဟီး"
တာတာ့စကားကြောင့် ကျော်ကြီး မျက်နှာကြီးရဲတွတ်သွားသည်။ အသားညိုညို ဆံပင်တိုတိုနဲ့ ကျော်ကျော်ခိုင်တစ်ယောက် အမူအရာတွေယိုယွင်းနေသည်ကို သူငယ်ချင်းများက သိနေ၍ အရောက်ပို့နေကြခြင်းဖြစ်သည်။ ခင်နှင်းဆီလည်း ရှက်သွေးဖြာနေသော ပါးလေးတို့ကိုကြာကြာမဖုံးနိုင်ခဲ့။
"တော်ကြပါတော့ဟာ...ငါ့အစ်မ ဒီတစ်ရက်ထဲနဲ့တင် နင်တို့ကိုလန့်နေလောက်ပြီ...အစ်မရေ...အားတွေလည်းနာနေပြီ။ ပြန်ကြမလားဟင်"
စန္ဒီက သူမကိုယ်တိုင်ခေါ်လာသော ဧည့်သည်မို့မနေတတ်မှာစိုး၍အားနာနေရသည်။ ထို့ကြောင့် ပြန်မယ်ချည်းပြောနေ၏။
"ရပါတယ် ညီမရယ်...အစ်မ ဘာမှမဖြစ်ဘူး။ စတာ အသားပဲ့ပါသွားတာမဟုတ်တာ...ပြီးတော့ အစ်မကို ထိခိုက်လောက်အောင် စနောက်တာလည်းမဟုတ်ဘူး။ တမင်ခင်လို့စတာပဲ အစ်မ နေတတ်ပါတယ်။"
အသက်အကြီးဆုံးပီပီ ရင့်ကျက်တည်ငြိမ်သောခင်နှင်းဆီကြောင့် စန္ဒီ သက်ပြင်းချနိုင်သွားသည်။ ဒီနေ့ကျမှ ထဖောက်တဲ့ ဟိုကောင် ကျော်ကြီးကို စိတ်တိုနေမိသည်။
"ဟား...အစ်မရယ် အဲ့စိတ်ဓာတ်လေး စန္ဒီ့ကို နည်းနည်းလောက် ဖဲ့ပေးလိုက်ပါလား။"
"ဘာဖြစ်လို့"
"ကျွန်တော်တို့ စတိုင်း စန္ဒီက အမြဲကောက်တယ်လေ။တခါတခါ လက်ပါသေးတာ"
သော်တာ့အပြောကြောင့်စန္ဒီဒေါသထွက်လာသည်။
"ဟ နင်စတာ လူလိုစတာ မဟုတ်ဘူးလေ...ငါ့ဒေါသကိုမထွက်ထွက်အောင် လိုက်ဆွနေတာလေ..."
"တွေ့လား အစ်မ တွေ့လား...အစ်မ နည်းနည်းလောက်ဖြစ်ဖြစ် သင်ပေးလိုက်ပါဦးဗျာ"
စန္ဒီအကြီးအကျယ်ပေါက်ကွဲသွားသည်။
"တာတာမ"
အံကြိတ်သံကြီးဖြင့်မျက်လုံးပြူးပြလိုက်သော်သော်တာက မျက်နှာကြီးမဲ့ပြ၍အအေးယူသောက်လိုက်သည်။ ထို့နောက် သူတို့အဖွဲ့လေးစကားပြောရင်းရယ်မောရင်း အချိန်ကုန်ဆုံးခဲ့ကြသည်။
ခင်နှင်းဆီ ကိုအိမ်ပြန်ပို့မည်အလုပ်တွင် ကျော်ကျော်ခိုင်က လမ်းကြောင်းသင့်၍လိုက်ပို့မယ် တကဲကဲလုပ်နေ၏။ တကယ်က နေတစ်ဖက် လတစ်ဖက်လို တခြားစီဖြစ်သည်။
"ရပါတယ်..ကျော်ကျော်..အဲ.. ကျော်ကျော်လို့ပဲခေါ်မယ်နော်..အစ်မထက်ငယ်တော့....အဟင်း...အစ်မ တက္ကစီ ငှားပြန်လိုက်ပါ့မယ်။"
ထိုအခါ စန္ဒီက လက်ကာခြေကာငြင်းသည်။
"No no sis...မရပါဘူးနော်...ဒီကအိမ်အထိလိုက်ပို့မှာ...ဘာတက္ကစီမှ ငှားဖို့မလိုပါဘူး။ဟဲ့ ထွန်းရှည်...နင်နဲ့ငါ တကြောထဲပဲမလား...ငါတို့ကိုလိုက်ပို့..."
"အေးအေး...ခိုင်နဲ့ကျော်ကြီးတို့ ပြန်ကြတော့..သော်တာ ငါနဲ့လိုက်မလား"
ဒီနေ့သော်တာတစ်ယောက် နည်းနည်း အေးစက်စက်နိုင်နေသည်ကို သူသတိထားမိသည်။ အစပိုင်း စကားဝင်ပြောသော်လည်း နောက်တော့ သူဝင်မပြောဘဲ ပြုံးပြီးနားထောင်နေတတ်သည်။ သူဒီလိုငြိမ်ပြီးပြုံးပြီး နားထောင်နေရင် တစ်ခုခုဖြစ်နေပြီဆိုတာ ထွန်းရှိန်ဝါသိနေ၏။ငယ်ငယ်လေးထဲက ပုခုံးဖက်ပေါင်းလာတဲ့သူမို့ အတတ်ပြောနိုင်၏။ ဘယ်သွားသွား ကားနဲ့သွားတတ်သူက ဒီနေ့ကားမပါ ပိုက်ဆံအိတ်မေ့လာ၍ ကျော်ကြီးကဝင်ခေါ်ရသည်တဲ့။အခုလည်း....
"ငါ...မလိုက်တော့ဘူးကွ...အပြန် မားသားကြီးမုန့်မှာလိုက်လို့ ဝယ်ရဦးမယ်...ငါ့ဘာသာ ကားငှားပြန်လိုက်မယ် သားရီး..."
"မင်းက ဘယ်ပိုက်ဆံနဲ့ကားငှားမှာတုန်း"
"အိမ်ရောက်တော့ ပေးလို့မရဘူးလားဟ..ကဲ ထားပါ..ငါ့စိတ်မပူနဲ့ မင်းတို့ကိုယ့်ဟာကိုယ် ပြန်ကြတော့"
"ဟဲ့ အဆင်ပြေရဲ့လား..ငါတို့နဲ့လိုက်ခဲ့လေ။"
ခိုင်အိက ခေါ်သော်လည်းငြင်းပြီး ကျောခိုင်းထွက်လာလိုက်သည်။ ထို့နောက် အားလုံးကိုလက်ပြ၍တက္ကစီတစ်စီးကိုတားကာ ဝင်သွားသည်။
xxx
အချိန်အားဖြင့် ည ၁၂ ခွဲသွားပြီဖြစ်သည်။
ကုတင်ပေါ်တွင် တစ်စုံတစ်ယောက် လူးလိမ့်နေလေ၏။ စောစောထဖို့ အိပ်ရာစောစောဝင်သော်လည်းအခုထိ အိပ်မပျော်နိုင်။ ထိုအဖြစ်အပျက်လေး ထိုအခိုက်အတန့်လေးကိုပြန်တွေးမိတိုင်း လူတကိုယ်လုံး ပူလာသလိုခံစားရ၏။ စောင်ခြုံထားသည်ကိုဖယ်၍ ကျော်ကျော်ခိုင် aircon အပူချိန်ကို ထပ်လျှော့လိုက်သည်။
တဖြည်းဖြည်း အေးစိမ့်လာသော်လည်း ထိုပန်းကလေးကိုမြင်လိုက်တိုင်း လူကပူနွေးသွားပြန်သည်။
ပန်းကလေး...နှင်းဆီ....
ဟုတ်ပါသည်။ ကျော်ကျော်ခိုင် မြင်မြင်ချင်း စွဲလမ်းမိသွားသော ထိုပန်းမလေးနာမည်ကို စိတ်ထဲ၌ထပ်ခါထပ်ခါရွတ်နေမိသည်။ ဆိုင်ဖွင့်ပွဲနေ့က သူတို့ငါးယောက်ရှိနေစဥ် သူမ ရောက်မလာခဲ့။ သူမသာ ထိုနေ့က ရှိနေရင် ဒီတခါတွေ့ဆုံမှုမှာ ဒုတိယအကြိမ် ဖြစ်လိမ့်မည်။
တိတ်ဆိတ်​ငြိမ်သက်နေသောညတွင် သူ၏နှလုံးခုန်သံများထိန်းချုပ်ရန်ခက်နေ၏။ ကိုယ့်ကိုယ်ကိုလည်း ရယ်ချင်မိကာ အတွေးများကိုအဆုံးသတ်၍အိပ်ပစ်လိုက်သည်။

I'm back! 💞
Comeback အနေနဲ့ ဇာတ်ကောင်အသစ်လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။
ဇာတ်ကောင်နာမည်လေးနဲ့လည်းလိုက်
ကျော်ကြီးအတွက်လည်းတိုက်ဆိုင်နေတဲ့ သီချင်းတစ်ပုဒ်ကိုပါ လက်ဆောင်ထည့်ပေးထား​ပါတယ်။ တော်တော်များများ ကြားဖူးကြမှာပါ။ ကိုယ်ကတော့ အရမ်းကြိုက်တယ်။
စိတ်ရှည်သည်းခံပြီး ဖတ်ပေးတဲ့စာဖတ်သူ တစ်ယောက်ပဲရှိပါစေ။ ထိုတစ်ယောက်ကိုကျေးဇူးတင်ပါတယ်လို့။

MJ11

မတော်တဆ 🤍💋❤Where stories live. Discover now