Room 10 (Jealousy)

318 24 0
                                    

"အား..ကျွတ် ကျွတ်"
ပြင်းထန်သည့်ခေါင်းကိုက်မှုကြောင့် သော်တာခွန်း နိုးလာခဲ့သည်။ နေရာကိုကြည့်လိုက်တော့ ထွန်းရှိန်ဝါအိမ်ကိုရောက်နေတာဖြစ်သည်။ညက
သူ ဘယ်လောက်တောင်သောက်ပြီး ဘာတွေဖွင့်ချခဲ့လဲ ချက်ချင်းတွေးကြည့်၍မရ။ အချိန်ကိုကြည့်လိုက်တော့ မနက်သုံးနာရီသာရှိသေးသည်။
ခေါင်းတွေတအားကိုက်၍ နိုးလာခြင်းဖြစ်သည်။
ထို့နောက် အပေါ့သွားချင်လာ၍အိမ်သာသွားရန်ထလိုက်သည်။ တအိမ်လုံး မှောင်ပိန်းပြီး လျှောက်လမ်းမီးလုံးလေးတစ်လုံးသာဖွင့်ထားသောကြောင့် သူကောင်းကောင်းမမြင်ရ။ စမ်းတဝါးဝါးနဲ့ပဲ လျှောက်လာနေစဥ်
အေးစက်နေတဲ့ တစ်စုံတစ်ရာကို တက်နင်းမိသည်။
"ဟဲ့ သောက်ပလုတ်တုတ်! ဘာကြီးလဲ"
အမှောင်ထဲရောက်နေ၍ ဘာမှသေချာမမြင်ရပေ။
တက်နင်းမိသည့်အရာက အေးစက်စက် ပျော့အိအိကြီးလို ခံစားရသည်။ ညသန်းခေါင်ကြီးလည်းဖြစ်နေသောကြောင့် သော်တာခွန်းတစ်ယောက် ကြက်သီးများအနည်းငယ် ထသွားရသည်။
"ဂစ်...ဂစ်..."
ထူးဆန်းသောအသံတစ်ခု ကြားလိုက်သောကြောင့် မီးခလုတ်လိုက်စမ်း၍ ဖွင့်လိုက်သောအခါ တစ်စုံတစ်ယောက် မျက်နှာမတွေ့ရဘဲ ငုတ်တုတ်ကြီးထိုင်နေတာကို ဘွား ခနဲတွေ့လိုက်ရသည်။
"အား..."
သော်တာခွန်း မျက်စိများပင်ကျယ်၍ ထအော်လိုက်သောအခါ တခန်းလုံး လှုပ်ရှားလာသည်။ ရုတချိန်ထဲမှာပင် တစ်စုံတစ်ရာမှာ ငေါက် ခနဲထထိုင်လာပြီး ခေါင်းစုတ်ဖွားနှင့်သူတစ်ယောက် အခန်းထဲက ဖြည်းဖြည်းချင်း ထွက်လာသည်။ အလုံးစုံကို မြင်လိုက်ရသော သော်တာခွန်း တစ်ယောက် ကျောနှင့်နံရံ တစ်သားထဲထပ်အောင်ကပ်ထားလျက် ခန္ဓာကိုယ်တစ်ခုလုံး အေးတောင့်သွားရလေသည်။
"သ..သ..သရဲ...သရဲ"
"အမ်...ဘယ်မှာလဲ သရဲ..."
အော်သံကြား၍ ခေါင်းမြီးခြုံထားသည့်စောင်အဖြူကိုဖယ်လိုက်သည်။
"အင်...ကျော..ကျော်ကြီးလား"
ခေါင်းမပါသော သရဲမှာ လက်စသတ်တော့ ကျော်ကျော်ခိုင်ဖြစ်နေသည်။ ကျော်ကြီး အိပ်မှုန်စုံမွှားဖြင့် သော်တာ့ကိုဆဲတော့၏။
"ဟျောင့် မိုးမလင်းသေးဘူးဟ...--ီးလိုပဲ အော်နေတာ"
"တရေးနိုးထ ဘာကြောင်တာလဲ မသိဘူး..ဝါး....ကဲ ဘယ်မလဲ နင့်သရဲ..."
"ဟင်"
သူ့ဆီသို့ ခေါင်းစုတ်ဖွားနှင့် လေးလံစွာလျှောက်လာသူမှာလည်း ခိုင်အိဖြစ်နေသည်။ သော်တာခွန်း တစ်ယောက် ယခုမှပဲ ကြောက်စိတ်ပြေ၍ သက်ပြင်းချနိုင်တော့လေသည်။
"ဟူး....တော်သေးတယ် တကယ်မဟုတ်လို့"
ထို့နောက် အသီးသီး ပြန်အိပ်ကြလေသည်။
မနက်၉ နာရီ ထိုးသောအခါ သူတို့အားလုံးနိုးနေကြပြီ။ သော်တာခွန်း မျက်နှာသစ် ကိုယ်လက်သန့်စင်၍ အပြင်သို့ထွက်လာသော် သူ့ကိုကြည့်နေသော လေး​ယောက်ကိုတွေ့သည်။ ညက အန်ဖက်စို့အောင်သောက်ပြီး မနက်၃နာရီကြီး အိပ်ရေးပျက်အောင်လုပ်ထား၍ သူ့ကို အစာမကြေကြ။  ကောင်းကောင်းအဆဲခံရတော့မည်ကိုသိနေ၍စိတ်လျှော့ကာ ဝင်ထိုင်လိုက်သည်။
မနေ့ညက သူ့ကိုစိတ်ပူ၍ ရောက်လာကြသောကြောင့် မနေ့ကအဝတ်အစားများနှင့် မနက်စာထိုင်စားနေကြသည်။ သူ့ကြောင့် အလုပ်ပျက် အအိပ်ပျက်ကုန်ကြပြီဖြစ်၍ စိတ်မကောင်းဖြစ်ရသည်။ ပိုလည်းချစ်ရလေသည်။ ချစ်စရာကောင်းလွန်းသော သူငယ်ချင်းများကိုကြည့်ရင်းပြုံးမိသည်။
"ဘာတွေပြုံး​နေတာလဲ အစာမစားဘဲနဲ့"
ရုတ်တရက် ဖြတ်မေးလိုက်သော စန္ဒီ့မေးခွန်းကြောင့် နင်သွားသည်။ လက်ဖက်ရည် တစ်ငုံမော့လိုက်ပြီး ထမင်းကြော်တစ်ဇွန်းစားလိုက်သည်။ ထမင်းကြော်ပူပူလေးမှာ အရသာရှိလွန်းသည်။
"အင်း...ကောင်းလိုက်တာ...ဘယ်သူကြော်တာလဲ။"
"ငါ"
ကျော်ကျော်ခိုင်က တုံးတိကြီးဖြေလိုက်သောကြောင့် ဘာဆက်ပြောရမှန်းမသိ၍ ဆက်စားနေလိုက်သည်။ အားလုံး စကားမပြောဘဲ ထမင်းကြော်နှင့် လက်ဖက်ရည်ကို စားနေကြသည်။ ထိုစဥ် သော်တာခွန်းဆီက စကားသံထွက်လာသည်။
"Thank you"
လေးယောက်လုံး အကြည့်တွေလှုပ်ရှားသွားသည်။
"For what?"
ခိုင်အိက ပြန်မေးလိုက်တော့ သော်တာပြန်ဖြေသည်။
"For everything..."
သူတို့အကုန်လုံး ငြိမ်သွားကြပြန်သည်။ တကယ်တော့ ညက ကိစ္စကို အစပြန်မဖော်ဖို့ လေးယောက်သားတိုင်ပင်ပြီးသားဖြစ်သည်။ သော်တာ့အတွက် ရင်နာစရာအဖြစ်တစ်ခုနဲ့သာ ကျန်ရှိနေမည့် ကိစ္စတစ်ခုကို ပြန်တူးဖော်မနာကျင်စေလိုပါ။ သော်တာလည်း အစမဖော်လိုသည်ကို သိနေသောကြောင့် ပုံမှန်အတိုင်း ပြောဆိုနေကြသည်။
သော်တာကလည်း ဒါကိုသတိထားမိပါသည်။
တအောင့်နေတော့ စန္ဒီနိုင်က မေးသည်။
"ဒါနဲ့ ညတုန်းက အသံဗလံကြားမိသလားလို့...နင်တို့ရော သိလိုက်ကြလား...မနက် ၃ နာရီလောက်ကြီးလေ..ဝူး ဝါး အော်သံကြားလို့ ငါတောင် နိုးသွားသေးတယ်ဟ"
ထိုအခါ ကျော်ကျော်ခိုင်က မျက်ခုံးများပင့်၍...
"သြော် တော်လိုက်တာ နိုးလိုက်သေးလို့....ညက ဟိုကောင် တာကြီး သွေးကြောင်ပြီး သရဲ သရဲ ထလုပ်တာလေ..."
ကျော်ကျော်ခိုင်ပြောတော့သော်တာခေါင်းလေးပုဝင်သွားသည်။
"ဟေ ဘာကိုမြင်လို့ သရဲ ထအော်တာလဲ သားရီးရာ"
"အိပ်ချင်မူးတူးနဲ့ ငါတို့မောင်နှမ နှစ်ယောက်ကို သရဲမှတ်ပြီး ထအော်တာလေ...နင်နဲ့စန္ဒီက အသေကောင်လိုအိပ်နေတော့ ဘယ်သိပါ့မလဲ။"
ခိုင်အိက စိတ်တိုသောလေသံနှင့်ပြောတော့ ထွန်းရှိန်ဝါအံ့သြသွားသည်။
"ညက ဂယက်က ကြီးတယ်ထင်တယ်။ ခိုင်တောင် ငါ့ကို နင်နဲ့ငါနဲ့ ပြောတာ..ကြည့်စမ်း..."
ထွန်းရှည်၏ဝမ်းနည်းသွားသောအကြည့်ကို ခိုင်အိ သိလိုက်သည်။
"အဲ့ကောင် သော်တာမ ညက လူမှန်းမသိအောင် သောက်...မိုးမလင်းသေးဘူး သရဲဆိုပြီး ထအော်...ငါက အိုက်လို့အခန်းထဲဝင်မအိပ်ဘဲ အိမ်ရှေ့က ဆိုဖာပေါ် စောင်ခေါင်းမြီးခြုံပြီးအိပ်နေတာကို ငါ့ကိုသရဲဆိုပြီး လန့်အော်တာဟေ့"
"ဟားဟား ဟားဟားဟား.. "
အကြောင်းစုံကိုသိလိုက်ရသော ထွန်းရှိန်ဝါနဲ့စန္ဒီနိုင်တို့ မျက်ရည်ထွက်အောင်ရယ်လေတော့သည်။
သော်တာခွန်း ရှက်ရှက်နှင့် ပြန်ချေပသည်။
"မင်းတို့ကောင်တွေက လူလိုမှ မအိပ်ကြတာကွ...ဟိုကောင်ကျော်ကြီးက အိပ်တာတဲ့ ငုတ်တုတ်ကြီး ​ပြီးတော့ စောင်အဖြူကိုခေါင်းမြီးခြုံထားသေးတယ်..."
"ဟ ညက ဘောပွဲကြည့်ရင်း ငိုက်လာလို့ အဲ့အတိုင်းအိပ်ပျော်သွားတာ...နေပါဦး ငါ့ဟာငါ ဘယ်လိုအိပ်အိပ် မင်းငါ့ကို သရဲနဲ့မှားစရာလား"
သော်တာပြန်မဖြေဘဲစကားဆက်သည်။
"ပြီးတော့ ခိုင်အိမ ကလည်း အိပ်ခါနီး ဆံပင်လေးဘာလေးဖြီးအိပ်ပါလား...ညသန်းခေါင်ကြီး ဆံပင်စုတ်ဖွားနဲ့ ထွက်လာတာ ငါမှမဟုတ်ဘူး မြင်တဲ့လူတိုင်း နင့်သရဲမ ပဲထင်ကြမှာ"
ခိုင်အိ ဒေါသထွက်ကာ ပလုတ်ပလောင်းနဲ့လှမ်းပြောသည်။
"ဟဲ့ အိပ်နေရင် ရုပ်ရှင်ထဲကလို ဘယ်သူ့ဆံပင်မှ မပွဘဲလှမနေဘူး။ မယုံရင် ဆံပင်ရှည်ထားကြည့်..နင့်ဆံပင် ငုတ်စိနဲ့တိုင်းပြီး လျှောက်မပြောနဲ့ "
"ဟ စွာလှချည်လား...နင် စလုံးက ပြန်ရောက်ကတည်းက တောက်လျှောက် ပွားနေတာနော်"
"ဒါ စွာတာမဟုတ်ဘူး။ နင့်ဟာနင် သေအောင်သောက် အမူးလွန်ပြီး ပေါက်ကရတွေ မြင်လို့ အရှက်ပြေ ငါတို့ကိုလာအပြစ်တင်နေတာမလား"
စန္ဒီနိုင် ခိုင်အိဘက်က ချေပလိုက်သောစကားကြောင့် သော်တာ ပါးစပ်ပိတ်သွားရသည်။ စိတ်လည်းတိုသွားသည်။
"နေပါဦး...နင့်ကိုငါ မေးနေလို့လား"
စန္ဒီ နင်သွားသည်။ စန္ဒီက မျက်နှာကိုချေမိုးကာ..
"အမှန်တိုင်းပြောလို့ စပ်သွားတာလား နင်က" 
သော်တာနဲ့စန္ဒီ တို့အကြည့်ချင်းပြိုင်နေကြသည်။
ခိုင်အိ၊ကျော်ကျော်ခိုင်နှင့်ထွန်းရှိန်ဝါတို့မှာ သူတို့ကိုတလှည့်စီကြည့်နေကြ၏။ မကြာခင် ထသတ်ကြတော့မည့် အနံ့ရသဖြင့် အဖွဲ့ထဲတွင်အသက်အကြီးဆုံး ကျော်ကြီးကပဲ ဝင်တရားဟောရသည်။
"ကဲ တော်ကြတော့.. မနက်ဖြန် သဘက်ခါ ဆို အသက်၃၀ပြည့်တော့မယ် နှစ်ကောင်လုံး..."
"နှစ်ဆယ့်ကိုး"
သော်တာက ဖြတ်ပြောလိုက်သည်။
"လုပ်မနေနဲ့ ဟျောင့်...မင်းနဲ့စန္ဒီမ ၆လပဲကွာတယ်နော်..ဘာပဲဖြစ်ဖြစ် ကလေးအထာမဖမ်းကြနဲ့တော့။ မင်းလည်း နောက်ကို မှောက်အောင်မသောက်နဲ့တော့...စန္ဒီမ လည်းဆက်မပြောနဲ့တော့"
"ဟွန့်..."
စန္ဒီမ သော်တာ့ကိုမျက်စောင်းလှမ်းထိုး၍ ပန်းကန်ကိုင်ကာထွက်သွားသည်။

မတော်တဆ 🤍💋❤Where stories live. Discover now