Flashback

257 18 0
                                    

ည ၁၂ နာရီခွဲလောက် ကျွန်တော် တရေးနိုးလာတယ်။ အဓိကက သေးပေါက်ချင်လို့ နိုးလာတာ။ Toilet ဝင်ပြီးပြန်ထွက်လာတော့ အိမ်ရှေ့ စားပွဲဝိုင်းမှာ မှောက်နေတဲ့ စန္ဒီနိုင်ကိုတွေ့တယ်။ ကျော်ကြီးက အခန်းထဲဝင်အိပ်နေတာ ဟောက်သံကြီးကို ဟိန်းလို့။ ထွန်းရှည်က ကျော်ကြီးနဲ့ ခပ်လှမ်းလှမ်းမှာ စောင်ပါးလေးခြုံပြီးကွေးနေတယ်။ အဲ့ကောင်က တကယ့်တောသား...အဲကွန်းဖွင့်ပြီး စောင်ခြုံအိပ်ရတာကြိုက်တဲ့ကောင်။
ကျွန်တော် စန္ဒီ့ကိုတွေ့တော့ နည်းနည်းတောင်အံ့သြနေတယ်။ ကျွန်တော်သိသလောက်တော့ သူအရင်မှောက်သွားလို့ ထွန်းရှည်နဲ့ခိုင်လေးတို့ အခန်းထဲလိုက်ပို့ခဲ့ကြသေးတယ်လေ။ ပြီးမှ သိမ်းဆည်းပြီး အကုန်အခန်းထဲဝင်အိပ်ကြတာ။ ဘယ်လိုဖြစ်ပြီး ဒီကောင်က ဒီမှာ လာမှောက်နေရတာတုန်း။
သူ့အနားကိုသွားတော့ နောက်ဖေးစီးဖိနပ်ကြီးနဲ့အိပ်ပျော်နေတာပဲ။
"အော်...ဒီကောင်Toilet သွားပြီး အခန်းထဲပြန်မရောက်ဘဲ ဒီမှာ လာအိပ်ပျော်နေတာကိုး..."
ခြင်တွေကလည်းကိုက်လို့။ ငှက်ပျောတုံးကြီးလိုပဲ အိပ်ပျော်နေတာ။ ဒီတိုင်းထားလိုက်လို့ကလည်း မဖြစ်တော့ ကျွန်တော်သူ့ကို လှုပ်နှိုးလိုက်ရတယ်။
"ဟဲ့...စန္ဒီမ..."
တုပ်တုပ်ပင်မလှုပ်။ သူမ ပုခုံးတွေပါလှုပ်ရမ်းပစ်လိုက်တယ်။
"ထ..အခန်းထဲသွားအိပ်...ဟ ဟျောင့်"
ကျွန်တော်စိတ်မရှည်တော့။ ဆက်နှိုးနေလည်း ချော့သိပ်သလိုဖြစ်နေလိမ့်မယ်။ အဲ့ဒီတော့ ကျွန်တော်ပဲသူ့ကိုတွဲပြီးအခန်းထဲလိုက်ပို့ရတော့မှာပေါ့။
ကျွန်တော် သက်ပြင်းချမိသွားတယ်။
"ကဲ ထထ...မိစန္ဒီရေ  အခန်းထဲသွားမယ်"
သူမ လက်မောင်းတစ်ဖက်ကိုကျွန်တော့်ပုခုံးပေါ်ဆွဲတင်လိုက်တော့ လှုပ်လာတယ်။ နိုးလာပြီထင်လို့ ခဏလေးငြိမ်နေလိုက်တော့လည်း ဗလောင်းဗလဲတွေပြောပြီး ပြန်ခေါင်းစိုက်သွားပြန်ရော။
"ငါ့ကို...လွှတ်...ငါ့ကို ကျော်..ဝါး..."
"အမလေး...ကျော်သွားချင်တာပေါ့...မနက်ကျ နင်သောက်ပြဿနာရှာမယ့်အကွက်ကိုကြိုသိနေလို့ လိုက်ပို့တာ..."
ကျွန်တော်ပြောတာလည်းကြားလိမ့်မယ်မထင်ပါဘူးလေ။ သူ့ဟာသူ အိပ်မက်မက်ပြီး ဘာတွေလွှတ်ခိုင်း ကျော်ခိုင်းနေလည်းတော့မသိဘူး။ ကျွန်တော် သူမခါးကိုဖက် ပုခုံးပေါ်မှာ လက်တစ်ဖက်တင်ပြီး အခန်းထဲဝင်သွားလိုက်တယ်။
အခန်းထဲရောက်တော့ ခိုင်လေးက အိပ်ပျော်နေတယ်။ ဟိုဘက်လှည့်ပြီး နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေတာ။ ကျွန်တော်ကတော့ အမူးသမ စန္ဒီ့ကို မွေ့ရာပေါ် အသာလေးချလိုက်တယ်။ ဖြစ်ချင်တော့ မထိန်းနိုင်ဖြစ်ပြီး နှစ်​ယောက်လုံး အိပ်ရာပေါ် ကျသွားတယ်။ ကျွန်တော်က စန္ဒီ့ကို အုပ်မိုးထားသလိုဖြစ်နေလို့ ​ခန္ဓာကိုယ်ကိုပြန်မတ်ဖို့ကြိုးစားပေမယ့်....
"ခစ်ခစ်...."
အိပ်မက်ထဲမှာ အဆင်လေးတွေနဲ့သာယာနေလားမသိ...စန္ဒီနိုင် ယောင်ပြီးကျွန်တော့် အကျီစတွေကိုလှမ်းဆွဲလိုက်တယ်။ ကျွန်တော် သူမလက်တွေကိုဖြည်နေတုန်းမှာပဲ ဆောင့်ဆွဲလိုက်တော့ အရှိန်လွန်ပြီး သူမပေါ် ထပ်မှောက်ကျသွားပြန်တယ်။ မတော်တဆ ပြုတ်ကျသွားတဲ့အရှိန်ကြောင့် ကျွန်တော့်နှုတ်ခမ်းသားတွေ နွေးခနဲ ဖြစ်သွားရတယ်။
".........."
မထင်မှတ်ထားတဲ့ အရာကြောင့် ကျွန်တော် စိတ်တွေလှုပ်ရှားသွားရတယ်။ သူမကတော့ ဘာမှမသိတဲ့ ကလေးငယ်တစ်ယောက်လို အိပ်မောကျနေဆဲ။ ကျွန်တော့်ရင်တွေ တဒိန်းဒိန်းနဲ့ ဆောင့်ခုန်လာတယ်။ ကျစ်ကျစ်ပါအောင်ဆုပ်ထားဆဲ သူမလက်သီးဆုပ်တွေကို အမြန်ဖြည်ချပြီး ခွာလိုက်တယ်။
"ဟူး...."
အဲ့ဒီ့တော့မှ ကျွန်တော် အသက်ဝအောင်ရှုရဲတော့တယ်။ ခိုင်အိကိုကြည့်တော့ ဟိုဖက်ပဲလှည့်အိပ်နေလို့သာ တော်သေးတယ်။ မတော်လို့များ သိသွားရင် ပြဿနာအကြီးကြီးတက်ပြီပဲ။ ကျွန်တော်ဒီအခန်းထဲကနေ အမြန်ဆုံး ထွက်သွားမှဖြစ်မယ်ဆိုပြီး စန္ဒီ့ကို စောင်သေချာခြုံပေးပြီး အသာလေး ထွက်လာခဲ့တယ်။
အခန်းအပြင်ရောက်တော့မှပဲ အလုံးကြီးကျတော့တယ်။ တညလုံးသောက်ထားတာတွေတောင် ဘယ်ရောက်ကုန်လဲမသိတော့အောင်ပဲ။ မျက်စိတွေပြူးကျယ်ပြီး ရေတွေငတ်လာလို့ ရေပုလင်းအဖုံးဖွင့်ပြီးမော့ချလိုက်တယ်။ နောက်တော့ ပုံမှန်ပြန်ဖြစ်သွားပါတယ်။ ဒီလိုပါပဲ...ဒါလူတိုင်း ဖြစ်တတ်ပါတယ်။ ရုတ်တရက်ကြီး ဆန့်ကျင်ဘက်လိင်တစ်ယောက်ကို နမ်းမိတဲ့အချိန် သဘာဝအရ တုံ့ပြန်တော့ နည်းနည်း ခလောက်ဆန်သွားတာပေါ့ဗျာ။ ကျွန်တော်မှမဟုတ်ဘူး။ ထွန်းရှည်တို့ ကျော်ကြီးတို့လည်း အတူတူပဲခံစားရမှာ မဟုတ်ဘူးလား။
ကျွန်တော် ခြေသံဖွဖွလေးနင်းပြီး ကျော်ကြီးရှေ့ကဖြတ်လျှောက်လာတယ်။ လူနဲ့စောင် တခြားစီဖြစ်နေတဲ့ ထွန်းရှည်ခမျာ ချမ်းလို့ပုစွန်ထုပ်လိုကွေးကွေးလေး အိပ်နေတယ်။ ကျွန်တော် စောင်ပြန်ရုံပေးပြီး ကိုယ့်နေရာပေါ် လှဲချလိုက်တယ်။ မျက်လုံးမှိတ်ပြီး ပြန်အိပ်ဖို့ပြင်တယ်။ လတ်တလော ဖြစ်သွားတဲ့ မတော်တဆရဲ့ကွင်းဆက်ဟာ ကျွန်တော့်နှုတ်ခမ်းသားတွေမှာ စွဲကပ်ပါလာသလိုပဲ။ ကိုယ်တိုင်မသိလိုက်ဘဲ ဘာလို့ဒီတိုင်း လွှတ်ပေးလိုက်မိလဲ ကိုယ့်ဟာကိုယ်နားမလည်နိုင်ဖြစ်ရတယ်။ ဒီအတိုင်း လူတိုင်း ကြုံဖူးနိုင်တဲ့ ကိစ္စတစ်ခုလို့သာ ကောက်ချက်ချပြီး ကျွန်တော့်မျက်လုံးတွေကိုအတင်းပိတ်ပစ်လိုက်တယ်။

MJ11 🍀

မတော်တဆ 🤍💋❤Donde viven las historias. Descúbrelo ahora