Room 42 (Way back into love)

384 16 2
                                    

(Dad's version)
Note before the story 📌
ဒီအပိုင်း၂ပိုင်းက ဒီstory လေးဖြစ်တည်ရခြင်းရဲ့ အပိုင်းအစ တွေလို့ပြောလို့ရပါတယ်။ ပထမအပိုင်းမှာ သော်တာခွန်းတို့မိသားစု ပြန်ပေါင်းထုတ်တဲ့အကြောင်းလေးပါ။ ဒါ့ကြောင့်မို့ Dad's version လို့ပေးလိုက်တာပါနော်။
✌️

"တီးတောင်...တီးတောင်"
အိမ်ရှေ့တွင် ဘဲလ်တီးသံကြားသော် နောက်ဖေးမီးဖိုချောင်မှထွက်ကာ ခပ်သွက်သွက်ကလေး တံခါးပြေးဖွင့်လိုက်သည်။
"သား"
ပါးလျတည်ငြိမ်သည့် အပြုံးနှင့် မတ်တပ်ရပ်နေသော သားဖြစ်သူကိုတွေ့လိုက်ရသော ဒေါ်သန္တာ၏ ၀မ်းသာ၀မ်းနည်း ခံစားချက်များမျိုးစုံတို့သည် တပြိုင်နက်ထဲရင်ကိုရိုက်ခတ်လေတော့သည်။ လပေါင်းများစွာ မတွေ့ရသည့် ကာလအတွင်း မျက်နှာလေးချောင်ကျကာ ​အနည်းငယ်ပိန်သွားသော သားဖြစ်သူကိုကြည့်ရင်း စိတ်မကောင်းဖြစ်ရသည်။ အိမ်ထောင်ရေးကံကလည်း သူမတို့ ကနဦးမိဘတွေရဲ့ ဖရိုဖရဲနိုင်မှုတွေကြောင့် တစ်ဦးထဲသောသား သော်တာမှာ မိဘမေတ္တာအပြည့်အ၀မရရှိခဲ့သည့်အပြင် မချစ်မနှစ်သက်သည့်သူနှင့် လက်ထပ်ပေါင်းသင်းနေရသည်။ သားအတွက် အမြဲစိတ်မကောင်းဖြစ်မိသည့်ကြားထဲမှာပင် Covid ရောဂါဆိုးကြီးကပါ ထပ်မံရောက်ရှိလာသောအခါ သူမသည် နေ့တိုင်းလိုလို မျက်ရည်မကျသည့်ရက်သည်မရှိ။ သို့ပေမယ့် နလန်ထူကာစ သားတော်မောင်မှာ အိမ်ရှေ့အထိပင်ရောက်လာပြီဖြစ်၍ ဒေါ်သန္တာ့စိုးရိမ်စိတ်တို့မှာ သားမျက်နှာကိုငေးနေရင်းပင် ကွယ်ပျောက်ကုန်တော့သည်။
"မေမေ့အတွက် သား နှင်းဆီတွေ၀ယ်လာတယ်"
အ၀ါရောင်နှင်းဆီတွေကိုပိုက်ပြီး ဒေါ်သန္တာစိတ်မှာ ကြည်လင်လာတော့သည်။ သားပေးသည့် နှင်းဆီများကို ပန်းအိုးတွင်ထိုးရန် စားပွဲပေါ်တွင်တင်ထားလိုက်သည်။
"သား နေကောင်းသွားပြီလားဟင်...မေမေ့မှာလေ ငါ့သားလေးကို Q center မှာဆေးရုံတက်နေရတယ်ဆိုတာတွေးတိုင်း မေမေစိတ်မချမ်းသာဘူး..."
ပြောနေရင်း စီးကျလာသော မျက်ရည်များကြောင့် ဒေါ်သန္တာခေါင်းငုံ့၍ မျက်ရည်တွေကိုအလျင်အမြန်သုတ်လိုက်သည်။ သော်တာခွန်းလည်း အမေ့မျက်ရည်စများကို အသာဖယ်ရှားပေးရင်း....
"ဘာမှစိတ်မပူနဲ့တော့နော် သားအခု နေပြန်ကောင်းနေပြီလေ မေမေရဲ့...သား မေမေ့ကို တနေရာသွားဖို့လာခေါ်တာ"
"ဟင် ဘယ်သွားမလို့လဲ သားရယ်...ခုနေခါ အပြင်သွားတာ အန္တရာယ်များကများနဲ့"
"စိတ်ချပါ မေမေ...မေမေနဲ့ စိမ်းနေတဲ့ နေရာမဟုတ်ပါဘူး...မေမေ အ၀တ်အစားလဲဦးမလား သားစောင့်နေမယ်နော်"
"အော် အေးအေး"
ဒေါ်သန္တာသည် သားဖြစ်သူစကားကို အလုံးစုံနားမလည်သော်လည်း အခန်းထဲကို၀င်ကာ အ၀တ်အစားလဲလာခဲ့သည်။  ထို့နောက် သားအမိနှစ်ယောက် အိမ်မှထွက်လာကြသည်။
X
"သားပြောတဲ့ နေရာက ဒီနေရာလား...ဒါဆို မေမေ ပြန်တော့မယ်"
ကားပေါ်ကဆင်းသည်နှင့် မနှစ်သက်သော အိမ်နေရာတစ်ခုကို တွေ့မြင်လိုက်ရသော ဒေါ်သန္တာသည် ထိိုအိမ်ထဲကို ၀င်စရာ ဘာအကြောင်းမှရှိမနေပါ။ သားဖြစ်သူ ဘယ်အကြံဖြင့်ခေါ်လာမှန်း ရိပ်မိလိုက်ပေမယ့် သူမကတော့ အိမ်အရိပ်ကိုပင် မနင်းချင်လောက်အောင် နာကျည်းလွန်းခဲ့ပြီ။
"နေပါဦး မေမေရယ်....သားပြောတာလေး နားထောင်ပေးပါနော်...မေမေ့ကို သားအတင်းအကြပ် မတောင်းဆိုချင်ပါဘူး ဒါပေမယ့်လေ...သားရဲ့ဆန္ဒမို့လို့ ကျေးဇူးပြုပြီး လက်ခံပေးပါလို့ သားတောင်းပန်ပါတယ် မေမေ"
"သားဆန္ဒ....ဟုတ်လား"
"ဟုတ်ပါတယ် သားကိုတကယ်ချစ်တယ်ဆို အိမ်ထဲအထိ လိုက်ခဲ့ပေးပါ မေမေရယ်...နော်"
ဒေါ်သန္တာသက်ပြင်းပူများ ချမိသည်။ သော်တာခွန်းသည် ငယ်စဥ်ကတည်းက မိခင်နှင့်အတူ အချိန်ကုန်ဆုံးခဲ့ရသည်က များပြီး အမေကိုလည်း အတော်ချစ်သူဖြစ်သည်။ အရွယ်ရောက်၍ အိမ်ထောင်ပြုပြီးသည့်အချိန်အထိ အမေကို အခုလို တောင်းပန်သည်က လက်ချိုးရေ၍ရသည်။ တစ်ဦးတည်းသော သား၏ ဆန္ဒပေမို့ မတတ်သာသည့်အဆုံး ခေါင်းငြိမ့်ခဲ့ရပေသည်။
အိမ်ရှေ့မှ တံခါးခေါက်သံကြား၍ သူထိုင်ရာမှ ထကာ ဖြည်းဖြည်းချင်း တံခါးဆီလျှောက်နေ၏။ တံခါးဖွင့်လိုက်တဲ့အခါ အံ့အားသင့်ခြင်းများစွာဖြင့် ပြည့်နှက်နေသည့် မျက်၀န်းတို့မှာ ဟန်ဆောင်မရ။
"သား..."
"နေကောင်းလား အဖေ"
ပီတိနှင့်၀မ်းနည်းခြင်း ၀မ်းသာခြင်းတို့သည် ရောယှက်နေသည့်ကြားက သားကိုသူပြုံးပြခဲ့သည်။ ဒီ့ထက်သူ့အပြုံးတို့ ပျောက်ကွယ်ကာ အံ့သြဘနန်းဖြစ်ရသည်ကား...
"ဟင်...သန္တာ...သန္တာ ဒီကို လိုက်လာတယ်"
ဆယ်စုနှစ်ပေါင်းများစွာ ​ေ၀းကွာနေခဲ့သော ထိုပုံရိပ်လွှာလေးမှာ တနေ့တော့ သူ့ရှေ့ကိုရောက်လာခဲ့ဦးမည်ဟု အခါခါ အိပ်မက်ခဲ့ရဖူးသည်။ ချစ်စရာ သားလေးရယ် ချစ်သဖွယ် ဇနီးရယ်ကို သူတာ၀န်တွေလစ်ဟင်းခဲ့သည်။ လစ်ဟာမှုတို့ပေါင်းစည်းလာတဲ့အခါ နှလုံးသားတွင် လှိုဏ်ခေါင်းသဖွယ် လှိုက်စားလာတော့သည်။ သူမရဲ့ ဟောင်းလောင်းပေါက်သဖွယ် နှလုံးသားမှာတော့ သူ့အတွက် နေရာမရှိနိုင်တော့ပြီကို ၀မ်းနည်းစွာနဲ့လက်ခံလိုက်ရပေမည်။
တချိန်က ချစ်ရသူကို ပြန်တွေ့ရသည့်အခိုက်အတန့်လေးတွင် အတိတ်ကအမှတ်တရတို့သည် ဖလင်လိပ်တစ်ခုလို အစီအရီမြင်ယောင်လာခဲ့သည်။
ဇရာကိုမလွန်ဆန်နိုင်၍ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲလာသည်မှတပါး စိတ်ပိုင်းဆိုင်ရာ ခံစားချက်တို့သည် တက္ကသိုလ်ပုံပြင်တစ်ပုဒ်လို အရင်အတိုင်းရှိနေဆဲ။
"အဖေ...ကျွန်တော်တို့သားအမိကို အိမ်ထဲ​ပေးမ၀င်တော့ဘူးလား"
"ဟေ...အော် အေးအေး လာ"
အတွေးလွန်သွားသော သူမှာ ခပ်မြန်မြန်ပင် သူတို့ကို အိမ်ထဲ၀င်စေ၍ ထိုင်စေ၏။ အခုထိ သူမသည် သူ့ကို တချက်မှပင် ​မကြည့်သည့်အပြင် ကိုယ်ပျောက်လူသားတစ်ဦးလို သဘောထားကာ ထိုင်ခုံတွင်၀င်ထိုင်လိုက်သည်။
"ကျွန်တော် အဖေနဲ့အမေကို ပြောစရာရှိတယ်"
သော်တာခွန်းသည် ဒီစကားတွေပြောဖို့ အတော်ကိုအားယူနေရသည်။ အဓိကက သူ၏မိဘတွေရဲ့သဘောထားကို မမေးမြန်းဘဲ ကိုယ်တိုင်ဆုံးဖြတ်ခဲ့သည့် ဒုတိယမြောက်ကိစ္စဖြစ်၍ စိတ်လှုပ်ရှားနေ၏။ အမေနှင့်အဖေ မျက်နှာတွေကို တလှည့်စီကြည့်ကာ မ၀ံ့မရဲဖြစ်နေရပြန်သည်။
"ပြောလေ သား...."
"ဗျာ....ကျွန်တော်..."
ပြောချင်ပေမယ့် စကားများဟာ နှုတ်ခမ်း၀တွင် တစ်ကုန်ကြသည်။
"ဘာပြောချင်လို့လဲသားရဲ့...မေမေဘာလုပ်ပေးရမလဲ"
ကြင်နာတတ်သော မိခင်၏စကားသံသည် သော်တာ့စိတ်က်ို ညွှန့်တိမ်းစေပြီးနောက် သော်တာထိုင်ခုံမှဖယ်ကာ မိဘနှစ်ပါးရှေ့တွင် ဒူးထောက်လက်အုပ်ချီလိုက်သည်။
"သား...သားတောင်းပန်ပါတယ်ဗျာ...အဖေတို့...အမေတို့အပေါ်မှာ သား မိုက်ရူးရဲဆန်ပြီး ပြောခဲ့လုပ်ခဲ့တာတွေအကုန်လုံးအတွက် တောင်းပန်ပါတယ်..."
"အို...သားလေး"
"သားရယ်..."
တားဆီးမရသော ရေတံခွန်လေးတစ်ခုဟာ သော်တာ့မျက်လုံးအစုံတွင် စီးဆင်းနေဆဲ...တကယ်တော့ သော်တာခွန်းသည် မိဘတွေကို၀န်ချတောင်းပန်ဖို့ စဥ်းစားဆုံးဖြတ်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ အခြေအနေအမျိုးမျိုးကြောင့် ကြန့်ကြာနေခဲ့ပြီး ယခုမှပင် ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ကန်တော့ဖို့ဖြစ်လာခဲ့သည်။
"သား...အဖေနဲ့အမေကို ရှိခိုးတောင်းပန်ချင်တာ ကြာပါပြီ...ဒါပေမယ့် ကြားထဲမှာ ကိစ္စတွေအများကြီးဖြစ်သွားလို့ အခွင့်အရေးမရခဲ့ဘူး။ သား...သားရဲ့ လွဲမှားတဲ့ အယူအဆတွေကြောင့် သားသမီးတစ်ယောက်အနေနဲ့ မတွေးရဲတဲ့အလုပ်တစ်ခုကို သားလက်နဲ့ လုပ်ပစ်ခဲ့တာ...အဲ့ဒီ့တုန်းက သား သိပ်ကိုတကိုယ်ကောင်းဆန်ခဲ့မိတယ်...အဖေနဲ့အမေတို့ရဲ့ သဘောထားကို ထည့်မတွက်ခဲ့ဘူး..."
"ဒါ သားအပြစ်မဟုတ်ပါဘူးကွာ...မိသားစုအပေါ် တာ၀န်လစ်ဟင်းခဲ့တဲ့ အဖေ့အပြစ်ပါ...အဖေ့အပြစ်တွေပါကွာ..."
ခေါင်းငုံ့ကာ တိုးတိုးလေးငိုနေသည့် သား၏ ပုခုံးတွေကိုဆုပ်ကိုင်ရင်း ​ဖြည်မဆည်နိုင်ဖြစ်ရသည်။ မိဘမေတ္တာကို အပြည့်အ၀မရခဲ့တဲ့ ကလေးတစ်ယောက်ဟာ ဘယ်နေ့ဘယ်ချိန် ပြတ်တောက်မယ်မှန်းမသိနိုင်သည့် ချည်ကြိုးလေးတစ်ချောင်းပေါ်တွင် ထိတ်လန့်စွာ ကြီးပြင်းခဲ့ရသည်။ တဖက်စီက ဆွဲထားသော တင်းမာမှုတွေကို ဖြေလျော့စေရန် သူအစွမ်းကုန်ကြိုးစားခဲ့သော်လည်း အချည်းနှီးဖြစ်ခဲ့ရသည်။ ချစ်လျက်နှင့် မုန်းသွားရသည့် မိဘနှစ်ပါးသည် သား ဆိုသည့် ချည်ကြိုးလေးတစ်ချောင်းကြောင့် ကိုယ်စီခံစားချက်တို့ သည်းခံပိတ်လှောင်ထားရသည်ကို မကြည့်ရက်၍ ရင်နာနာနဲ့ပင် သူကိုယ်တိုင် ဖြတ်တောက်ပေးခဲ့လေသည်။
ဒါဟာ သူလုပ်ပေးနိုင်တဲ့ အကောင်းဆုံး၊  နာကျင်ရဆုံးနဲ့ ...အမိုက်မဲဆုံး လုပ်ရပ်တစ်ခုသာ....
ကိုယ်တိုင် ချစ်တတ်လာသည့်အခါ တချိန်က ကိုယ့်အမှားတွေဟာ တိမ်စိုင်တွေလို ခေါင်းထဲမှာ ပြေးလွှားအုပ်မိုးထားသည်။ မချစ်ဘူးလို့ဆိုပေမယ့်...မတော်တဆ ချစ်မိသွားရခြင်းဟာ သူ့ကို ပြောင်းလဲသွားစေ၏။
လူဆိုတာ ကိုယ့်အသားမနာမချင်း ကိုယ်ချင်းစာတတ်သည်မရှိ။ ခံစားချက်၊ အယူအဆတွေအပေါ် ကိုယ့်တကိုယ်စာနှင့်တိုင်းထွာရင်း ကောက်ချက်အမှားတွေသာ ချမိလေ့ရှိသည်။ တချိန်က သူ့လုပ်ရပ်သည် သူ့အတွက် မိုက်မဲပေမယ့် ထိုက်တန်သည်ဟုသာ တွေးထင်ထားခဲ့သော သော်တာခွန်းသည် အခုလို မေတ္တာ၏ လေးနက်ခြင်းတွေကို ကိုယ်တိုင်သိလိုက်ရသည့်အခါ... ပြန်ဖျက်မရသည့် အမှားတစ်ခုကို ကျူးလွန်မိလေပြီ။
"သားကို ခွင့်လွှတ်ပါလို့ မပြောရဲပါဘူး...ဒါပေမယ့်...သား ကာယကံ ၊ ၀စီကံ ၊ မနောကံတွေနဲ့ ပြစ်မှားကျူးလွန်ခဲ့တာတွေကို လက်ခံပေးပါ"
လက်အုပ်လေးချီ၍ သုံးကြိမ်တိုင်တိုင် ဦးချကန်တော့လိုက်သည်။ မျက်ရည်များနှင့် ပြုံးနေသူ ဒေါ်သန္တာသည် သားလေးကို ကြည့်ကာ ရင်ထဲတွင် မချိ။ သားဖြစ်သူ၏ လက်အစုံကို ဖမ်းဆုပ်ကိုင်လိုက်ပြီးနောက် မျက်ရည်များကို အသာသုတ်ပေးနေသည်။
"မေမေ သားကို အပြစ်မမြင်ပါဘူးကွယ်...အဲ့ဒီတုန်းက အမေ့ရဲ့ရင်ထဲက ခံစားချက်တွေကို မြင်နိုင်ခဲ့လို့ သားလေးက အမေ့ကိုယ်စား သတ္တိရှိရှိနဲ့ ဆုံးဖြတ်ပေးလိုက်တာပါ...မိဘတွေရဲ့ မပြတ်သားတဲ့စိတ်တွေကြောင့် မြေစာပင်ဖြစ်ခဲ့ရတဲ့ ငါ့သားလေး..."
သော်တာခွန်းအပေါ်မှ အုပ်မိုးပြီးဖက်ထားလိုက်မိသည်။ မျက်လုံးများမှိတ်ထားလည်း မျက်ရည်များ ပါးပေါ်တွင် စီးဆင်းနေဆဲ။ သူမကို ကြည့်ရင်း မျက်ရည်ကျနေသော သော်တာ့အဖေ....။
အိမ်လေးလည်း တိတ်ဆိတ်စွာ ငိုမြည်းလျက်။
X
"အဖေ...သား ကိစ္စပေါ်လာလို့ အရင်သွားနှင့်တော့မယ်...မေမေ့ကို အဖေပဲလိုက်ပို့လိုက်တော့နော်"
ထမင်းစားခန်းထဲတွင် ကော်ဖီသောက်နေသော အမေမသိအောင် အဖေ့ကိုတိတ်တိတ်လေး အိမ်ရှေ့ကိုဆွဲခေါ်ကာ ပြောပြီး လစ်သွားသောသားကို ကြောင်ငေးရင်း သူကျန်ခဲ့ရလေသည်။
"လုပ်ချလိုက်ပြန်ပြီကွာ..."
သူ့မှာ  ရယ်ချင်ပေမယ့် စိတ်အနည်းငယ် ရှုပ်သွားရတာတော့အမှန်ပင်။ ခေါင်းကိုသာ စုံကုတ်ရင်း အိမ်ရှေ့က ကားကိုလှမ်းကြည့်နေ၏။
"သားရော...."
"ဟင်"
လှည့်ကြည့်လိုက်တော့ သားကိိုလိုက်ရှာနေသော မျက်လုံးများဖြင့် သူမ....
"ကိစ္စရှိလို့တဲ့...ပြန်သွားပြီ"
"ဟင်...ဟုတ်လား"
သူမ အနည်းငယ် စိတ်ညစ်သွားပုံပေါ်သည်။
"အင်း...ဒါဆိုလည်း...ကိုယ့်ဘာသာကိုယ်ပြန်လိုက်တော့မယ်..."
လက်ကိုင်အိတ်ကလေး ယူကာ သူ့ရှေ့က ဖြတ်လျှောက်သွားသော ဒေါ်သန္တာကို သူငေးနေရင်းက....
"ခင်..."
လမ်းလျှောက်နေရင်း ရုတ်တရက် တုံ့ဆိုင်းသွားသော သူမ
"အကိုနဲ့အတူ...ကော်ဖီတစ်ခွက်လောက် သောက်ပေးပါလား..."
"........"
"ပြီးရင်...အကို ကိုယ်တိုင် ခင့်ကို ပြန်လိုက်ပို့ပါ့မယ်...နော်..."
သူမ သူ့ကိုကျောခိုင်းလျက်သာ ရပ်နေ၏။
"နော်....ခင်..."
တံခါးဘုလုံးနားက လက်ချောင်းများဟာ တဖြည်းဖြည်း ဆုတ်ခွာသွားပြီးတဲ့နောက် သူနှင့် မျက်နှာချင်းဆိုင်လိုက်တော့သည်။ လွန်ခဲ့သည့် နှစ်သုံးဆယ်ကျော်တုန်းက စွဲလမ်းမြတ်နိုးရသော သူ့အပြုံးတို့ဟာ အချိန်တိုက်စားမှုတွေကြောင့် တည်ငြိမ်ရင့်ကျက်နေ၏။
X

After reading this
ဒါဒါတို့ - ဟာ ကော်ဖီပဲလား?
သာသာ - ကော်ဖီပဲကောင်းပါတယ်ကွာ...နောက်ပိုင်းကျမှ ခေါက်ဆွဲစား 😆

Please show your love with 🌟
MJ11🍀

မတော်တဆ 🤍💋❤Onde histórias criam vida. Descubra agora