စန္ဒီနဲ့ကျွန်တော့်ကို Covid quarantine center ဆီခေါ်သွားကြတယ်။ ကျွန်တော်က ရိုးရိုးလူနာဆောင်မှာ နေရပြီး စန္ဒီက ပိုးတွေ့လူနာဆောင် ရောက်သွားတယ်။
ခိုင်အိတို့က လူကြီးတွေကို အသိပေးလိုက်ကြတယ်။ ကျွန်တော့်အမေနဲ့ စန္ဒီ့အမေတို့လည်း ကျွန်တော်တို့ကြောင့် အိပ်ရာထဲလဲကုန်တယ်။ အဖေတောင် အမေ့အကြောင်း ဖုန်းဆက်မေးသေးတယ်။ သူလည်း တချိန်က သူသိပ်ချစ်ရတဲ့အမျိုးသမီး သောကရောက်နေတာဆိုတော့ စိတ်ပူတာပေါ့။ တသက်လုံး အဖေ့ကို တစောင်းတွေးလာတဲ့ကောင်က ကိုယ်တိုင်ထိမှပဲ အဖေ့ခံစားချက်တချို့ကို နားလည်လာခဲ့တယ်။ ဒါတောင် ကျွန်တော့်လိုအဖေက နောက်ကျမှချစ်ခဲ့တာမဟုတ်ဘူး။
အဖေတူသား ကျွန်တော်ဟာလည်း ခံစားချက်နဲ့ပတ်သက်ရင် သိပ်ကိုမြုံစိစိနိုင်လွန်းတယ်။ သူများကိုနားလည်ပေးဖို့မပြောနဲ့ ကိုယ့်ဟာကိုယ်တောင် ဘာမှန်းမသိတဲ့ကောင်။ အထူးသဖြင့် သံယောဇဥ်နဲ့အချစ်ကို မသဲကွဲဘူး။ နားလည်မှု နွေးထွေးမှုဆိုတာ မရှိခဲ့တဲ့ မိသားစုက ဆင်းသက်လာတဲ့သူဆိုတော့ ကိုယ့်ဖြစ်တည်မှုကိုပါ အပြစ်မြင်တဲ့အထိ စိတ်နာလာခဲ့ရတယ်။ ဒီလိုနဲ့ ကျွန်တော်ဟာ ကိုယ့်ဘော်ဒါ သူငယ်ချင်း ဘယ်အမျိုးသမီးကိုမှ အဆင့်တက်လို့ မခံစား မဆက်ဆံခဲ့ဘူး။ ကျွန်တော် ငယ်စဥ်တုန်းက စန္ဒီနိုင့်ကိုရင်ခုန်ခဲ့တာတွေ ရှိကောင်းရှိလိမ့်မယ် ဒါပေမယ့် ကျွန်တော့်ဘက်က သူမအပေါ် ဒီ့ထက်ပိုပြီး မမြင်နိုင်ခဲ့ဘူး။
သူမ ကျွန်တော့်အပေါ်ထားရှိတဲ့ခံစားချက်တွေရောပေါ့။
နောင်တဆိုတာ ဘယ်တော့မှကြိုမရပါဘူး။ ကိုယ်တိုင် အချစ်ဆိုတာကို ပြန်လည်တွေ့ရှိတဲ့အခါမှာတော့....ကျွန်တော့်အချစ်တွေဟာ ပိုးတွေ့လူနာဆောင်မှာ...
စင်တာကိုစရောက်တဲ့နေ့ကတည်းက သူမနဲ့အဆက်အသွယ်လုံး၀ပြတ်ခဲ့ရတယ်။ ကျွန်တော်က အဖျားနည်းနည်းရှိပြီး ကိုယ်လက်ကိုက်ခဲတာလောက်ပဲဆိုပေနဲ့ သူမ ဘယ်လိုနေနေရတယ်ဆိုတာ ကျွန်တော်မသိနိုင်ဘူး။
ကျော်ကြီးတို့က ကျွန်တော့်ကိုနေ့တိုင်းဖုန်းခေါ်အားပေးရှာပါတယ်။ စရောက်ကတည်းက ကျွန်တော့်ကိုဖုန်းဆက် အခြေအနေမေးကြပေါ့။ ကျွန်တော်သာ ဆေးရုံတစ်ခုထဲနေပြီး စန္ဒီ့အကြောင်းမသိတာ...ဟိုကောင်တွေသိကြတယ်။ စန္ဒီကျွန်တော့်ကို အဲ့လောက်တောင် စိတ်ကုန်သွားတာလားဆိုပြီး စိတ်မကောင်းဖြစ်မိတယ်။
အခု စန္ဒီက အခြေအနေကောင်းတယ်တဲ့။
အနံ့ပြန်မရသေးတာပဲရှိတာ ကျန်တဲ့နေရာအကုန်နေလို့ကောင်းလာပြီ။ အောက်ဆီဂျင်ရှူဖို့မလိုတော့ဘူးတဲ့။ ကျွန်တော့်မှာ အခုမှစိတ်အေးရတော့တယ်။သူ ကျွန်တော့်ကိုမပြောပြပေမယ့် သူနေကောင်းနေပြီဆိုတာ သိရတော့ ကျွန်တော်၀မ်းသာပါတယ်။
နောက်၂ ရက်လောက်နေရင် အိမ်ပြန်လို့ရပြီလို့ ဆရာ၀န်ကပြောတယ်။ ကျွန်တော့်ကိုယ်က anti-body ထွက်သွားပြီမို့လို့ နောက်တခါ Covid ဖြစ်ရင်တောင် ပြင်းပြင်းထန်ထန်မဖြစ်တော့ဘူးတဲ့။ နောက်ထပ်ဆိုတာလည်း မရှိစေချင်တော့ပါဘူးလေ။
ဆေးရုံကနေ ဆင်းတာနဲ့ ကျွန်တော်သိပ်တွေ့ချင်တဲ့လူနှစ်ယောက်ကို သူတို့မသိအောင် တနေရာထဲမှာ တိတ်တိတ်လေးချိန်းထားလိုက်တယ်။ အခုတော့ ဆေးရုံရှေ့မှာ သဲ့သဲ့လေးကြားနေရတဲ့သီချင်းကိုပဲ ညည်းနေမိတော့တယ်။
"ကိုယ်လွမ်းဆွတ်နေတယ်...အရင်တုန်းက ချစ်တဲ့အတိုင်း...မင်းလေး...ကြိုနေစေချင်တယ်"
X
အိမ်ပြန်ရတော့မယ်ဆိုတော့ အမေက သူ့ဆီလာနေဖို့ပြောတယ်။ နေချင်ပေမယ့် အဒေါ်က သူ့၀သီအကျင့်အတိုင်း ပွစိပွစိနဲ့ နားညီးဦးမှာတွေ ကြိုတွေးမိပြီး စိတ်လေသွားလို့ အားနာနာနဲ့ငြင်းလိုက်ရတယ်။ တစ်ယောက်ထဲနေနေတဲ့ အဖေ့ဆီသွားဖို့ကလည်း သားအဖတွေက မျက်နှာချင်းဆိုင်ပြီး ၅စက္ကန့်လောက်ဆို စကားများကြပြီဆိုတော့ အဆင်မပြေ။ နောက်ဆုံးတော့ ကိုယ့်အိမ်ပဲပြန်ဖို့ဖြစ်လာတယ်။
ဆေးရုံကဆင်းတော့ ငထွန်းနဲ့ ကျော်ကြီးက ခေါင်းစွပ်တွေစွပ်၊ လက်အိတ်တွေ၀တ်၊ နှာခေါင်းစည်း ၊ မျက်နှာဒိုင်းတွေကာလို့ မသိရင် ခွဲခန်းထဲကထွက်လာတဲ့ OG ဒေါက်တာတွေလိုလို...
"ဟျောင့် အခြေအနေ?"
"အသက်ရှူကြပ်တယ်"
"ဟင်! ဟာ...အသက်ရှူကြပ်တယ်ဆိုတော့...မင်းဟာက မပျောက်သေးဘူးလား"
"မပျောက်သေးဘူးလားမသိဘူးဟ...ဒုက္ခပါပဲကွာ...ဆရာ၀န်တွေကလည်း မပျောက်သေးဘဲနဲ့ အိမ်ပြန်လွှတ်လိုက်ရသလား လူနာကို...ငါသွားပြောဦးမယ်..."
ဗျာများနေတဲ့နှစ်ကောင်ကိုကြည့်ပြီး ရယ်ချင်မိတယ်။
"နေစမ်းပါကွာ...ငါပြောတဲ့ အသက်ရှုကြပ်တယ်ဆိုတာက မင်းတို့ကိုပြောတာကွ"
"ငါတို့က ဘာဖြစ်နေလို့လဲ"
"မင်းတို့ ကွကိုယ်ပြန်ကြည့်ကြဦး...ပိုးကြောက်တာလည်းကြောက်ပေါ့ကွာ..ခုဟာက မသိရင် ခွဲခန်းထဲကပြေးထွက်လာတဲ့ OG တွေကျနေတာပဲ..ပူကပူနဲ့...မင်းတို့ကြည့်ပြီး အသက်ရှုပြန်ကြပ်လာပြီငါ.."
နဖူးမှာချွေးစီးတွေတန်းခိုနေတဲ့ ငထွန်းက
"အေးဟာ...ငါလည်း အဲ့ခေါင်းစွပ်ကြီးမ၀တ်ချင်ပါဘူးဆိုတာကို...မင့်သူငယ်ချင်း ခိုင်က အတင်း၀တ်ခိုင်းလို့...နားညီးတာနဲ့ ကောက်စွပ်လာတာဟေ့"
"မင်းကရော ငကျော်"
"ငါကတော့ အမေ ကရော မ ကရော ၀တ်ခိုင်းလို့"
"အေးပါကွာ...သာပါတယ်...ငါတော့ အခုထိ အဲ့လိုဆူမယ့် နားညီးမယ့်သူ မရှိသေးဘူး...ဟင်း....အိမ်ပြန်ရမှာတောင် ပျင်းသွားပြီ"
မျက်နှာငယ်သွားတဲ့ ကျွန်တော့်ကို ကျော်ကြီးက တံတောင်နဲ့အသာထိလိုက်ကာ
"ဒီလိုလုပ်...ငါတို့၃ကောင် မဆုံတာလည်းကြာပြီကွာ...မင်းလည်းနေပြန်ကောင်းတဲ့အထိမ်းအမှတ်အနေနဲ့ ၀ိုင်းကြမယ်လေ...မကောင်းဘူးလား"
ကျွန်တော့်မျက်နှာလေးမှာ ၀င်းခနဲဖြစ်သွားပေမယ့်...
"ငါကတော့ ပျော်တာပေါ့ကွာ...ဒါမယ့် မင်းတို့ကောင်တွေက...တကယ်ရော....ငါနဲ့အတူသောက်ချင်ရဲ့လား...ငါက Covid ဖြစ်ထားတာဆိုတော့....."
"ဟာ ဘာတွေပြောနေတာလဲ မင်းကလည်း....အခု မင်းက ဖြစ်မှမဖြစ်တော့တာကို"
"အေ့လေ...Covid က လူတိုင်းရှိနိုင်တာပဲ လေထဲကနေတော်ကူးပါတယ်ဆို"
"ဟျောင့်တွေ တော်တော့....ဒီကအပြန် သောက််မယ့်ဟာတွေ တခါထဲ၀င်၀ယ်ရဦးမှာ အချိန်မလောက်ဘဲနေမယ် လစ်မယ်"
"အေးအေး...လစ်မယ် လစ်ကြမယ်ဟေ့"
X
မူးမူးနဲ့ နာရီကိုမော့ကြည့်လိုက်တော့ ၂ နာရီခွဲနေပြီ။ မိုးအလင်းသောက်မယ်ဆိုပြီး ကြွေးကြော်ထားတဲ့ သူငယ်ချင်းယောက်ဖနှစ်ယောက်ကတော့ ခေါင်းချင်းဆိုင်လို့ အိပ်မက်တွေမက်နေကြတယ်။ အရင်မူးပြီး အိပ်ပျော်သွားတာ ကျွန်တော်ဆိုပေနဲ့ရင်တွေပူလာလို့ ညသန်းခေါင်ကြီးလန့်နိုးလာရတယ်။ ရေတစ်ပုလင်းမော့ချလိုက်ပြီး ၀ရန်တာထွက် ဆေးလိပ်တစ်လိပ်က်ို ပါးစပ်ထဲတေ့လိုက်တယ်။
" သောက်ပြန်ပြီလား ဆေးလိပ်တွေ....ငါလည်းလေ အရင်ဘ၀က ဆေးလိပ်ဖင်မိုးခိုးထွက်အောင်သောက်ပြီးရောဂါရ သေခဲ့လို့လားမသိဘူး...အဲ့ဆေးလိပ်နံ့ရလိုက်ရင် ဒေါသက အော်တိုထွက်လာတာသိလား"
တချိန်က သူမရှေ့မှာ ဆေးလိပ်မီးညှိနေတုန်း ကျွန်တော့်ကို ပြောခဲ့ဖူးတဲ့ စကားသံကိုပြန်ကြားယောင်ပြီး လက်ထဲက မီးခြစ်လေးဟာ တုံ့ဆိုင်းသွားခဲ့တယ်။ အဲ့လိုပြောတိုင်းလည်း ကျွန်တော်က အလိုက်သိစွာပင် မီးညှိပြီး ဆေးလိပ်ကိုအသာရှိုက်ကာ လေထုညစ်ညမ်းပြလိုက်သေးတယ်လေ။
ရွဲ့ပြနေတဲ့ ကျွန်တော့်ကို ထိုးတဲ့သူမ မျက်စောင်းလေးတွေ...
အမြင်ကတ်ကတ် ဒေါသထွက်ထွက်နဲ့ ဖိကိုက်ထားတဲ့ နှုတ်ခမ်းပါးလေးတွေ...
ဟင်း...
ကျွန်တော့်အတွက် အခုမှ အသစ်အဆန်းတွေဖြစ်ပြီး ထခုန်လာတဲ့ ကိုယ့်ရင်ဘတ်ကြီးကို ပြန်ထုချင်လောက်အောင် စိတ်တိုမိတယ်။ လက်ရှိအခြေအနေအရ ကိုယ့်ကိုယ်ကို စိတ်တိုတာကလွဲလို့ ဘာမှမတတ်နိုင်ဘူးလေ။ ကျွန်တော် အကြီးအကျယ် နောင်တရနေပါတယ်ဆိုတာကို သူမသိစေချင်တယ် မြင်စေချင်တယ်...ဒါပေမယ့် တခုခုဆို ကိုယ်ဘာဖြစ်နေလဲ သူများကိုသေချာပြောပြဖို့၀န်လေးလွန်းတဲ့ ကျွန်တော်ဟာ သူမနဲ့ပတ်သက်ရင် ပက်ခနဲ ပြန်ပြောနေကျ ကျွန်တော်ဟာ အခု အရာတိုင်းမှာ လေးလံတုံ့ဆိုင်းနေပြီ။ ရူးလောက်အောင် တွေ့ချင်နေတဲ့ မျက်နှာလေးကိုများ တွေ့ရင် ကျွန်တော် ဘာစကားတွေပြောရမလဲလို့ စင်တာမှာကတည်းက စဥ်းစားလာခဲ့တာ အခုတော့ ပြောခွင့်တောင်ရပါဦးမလား စန္ဒီနိုင်ရေ...။
လရောင်အောက် ခေါင်းငိုက်စိုက်ကျနေတဲ့ ငမူးကောင်ကို ကြယ်သေးသေးလေးတွေ လာကြည့်ကြတယ်။ ပြီးတော့ ပြောသွားသေးတယ်....
"ခံရတာတောင် နည်းသေးတယ်" တဲ့။
X
နေရောင်ခြည်တချို့က မျက်စိထဲကို၀င်ရောက်ဖို့ကြိုးစားနေတုန်း ကျွန်တော်နိုးလာတယ်။ ကျွန်တော်နိုးလို့ ဟိုကောင်တွေကိုထကြည့်တော့ ညကအတိုင်း ပုံမပျက်အိပ်ပျော်နေကြတုန်း။ ဖင်ထဲဗြောက်အိုးထည့်တာတောင် နိုးမယ့်ကောင်တွေမဟုတ်လို့ သူတို့ကို ခွကျော်ဖြတ်ပြီး ရေချိုးခန်းထဲ၀င်လိုက်တယ်။
ကိုယ်လက် သန့်စင်ပြီးတဲ့အခါ ကျွန်တော့်စိတ်ကလေး လန်းဆန်းကြည်လင်လာတယ်။ မီးဖိုထဲ၀င်ပြီး ရေနွေးအိုးတည်ထား နောက် လက်ကျန် ကြက်ဥ ၄ လုံးကို ပန်းကန်လွတ်ထဲဖောက်ထည့်လိုက်တယ်။ ညက မကုန်တဲ့ အကင်ကြော်တချို့ကို ကတ်ကြေးနဲ့ပါးပါးလေးညှပ်ကာ ကြက်ဥမွှေပန်းကန်ထဲထည့်လိုက်တယ်။ မိယောနိစ် ဆား ငရုတ်ကောင်း
မှုန့် လေးထည့် နာနာလေးခလောက်လို့ပြီးတော့ မီးပူနေတဲ့ pan အိုးထဲ အသာလောင်းချလိုက်တယ်။ ကြော်ပြီးသား ကြက်ဥမွှေကြော်တွေကို ပန်းကန်ပြားတချပ်ထဲထည့်ပြီး ပေါင်မုန့်ကို မိယောနိစ် သုတ်နေတုန်းမှာ...
"ဟင်...သော်တာကြီး နိုးနေပြီလားကွ...ဘယ်နှနာရီတွေထိုးကုန်ပြီလဲ"
အိပ်ချင်မူးတူးရုပ်နဲ့ တိုင်မှာ သူ့ဟာသူနေတဲ့ နာရီကို လိုက်ရှာနေတဲ့ ကျော်ကြီးကိုကြည့်ပြီး ကျွန်တော် ရယ်ချင်သွားတယ်။
"၁၀ နာရီကျော်ပြီ ငလူးရေ....ထတော့...breakast စားမယ်"
မျက်လုံးတွေပွတ်လိုက် ဖင်ကုတ်လိုက်နဲ့ နှစ်ကောင့်သားမျက်နှာသွားသစ်ပြီး ကျွန်တော့်ရှေ့မှာထိုင်ကြတယ်။ ပေါင််မုန့်ကြက်ဥကြော်ပန်းကန်ကိုမြင်တော့ ထွန်းရှည်က ယူပြီး တစ်ကိုက် ကိုက်လိုက်ပြီး မျက်ခုံးပင့်ကာ...
"Wow! ဂွတ်လှရီလားကွ...မင်းအတော်တိုးတက်လာတာပဲ သားရီး"
"ဖြစ်ရမယ်..."
"အွန်း...မဆိုးဘူးကွ စားကောင်းသားပဲ...ငါ သော်တာခွန်းကို မချက်တတ်မပြုတ်တတ်ဘူးထင်လာတာ...ဘယ်ဆိုးလို့လဲကွ..မင်း ငါ့လက်ရာမီလာပြီ"
"မှတ်တောင်ထားရဦးမယ်...ကန်စွန်းပလိန်းလေး တစ်ခွက် ကြော်တတ်တာကိုများ"
ကျော်ကြီးဆိုသည်မှာ အဲ့လိုကောင်မျိုး။
"နေပါဦး...ငါနဲ့နေတုန်းက breakfast ဆို ထမော်ကျင်းပဲ ကြော်ကျွေးဖူးတာ...ဒါကို မင်းဘယ်လိုလုပ် လုပ်တတ်သွားတာလဲကွ"
"ဒါ ငါ့အိုင်ဒီယာမဟုတ်ဘူးကွ...စန္ဒီငါ့ကို မနက်တိုင်း လုပ်ကျွေးနေကျ...."
ပြောနေရင်း ဆို့နင့်မှုတချို့က လည်၀ကို လာဆို့ပိတ်တော့ ကျွန်တော် ပြောနေရင်း တန့်သွားရတယ်။ ချက်ချင်း မည်းကျသွားတဲ့ ကျွန်တော့်မျက်နှာကြောင့် ဟိုကောင်တွေလည်း ငြိမ်သွားတယ်။ ဒါပေမယ့်လည်း သတိကပ် ချောင်းတစ်ချက်ဟန့်ပြီး စကားပြီးအောင်ပြောလိုက်ပါတယ်။
"စန္ဒီက မနက်စာကို ဒါလေးလုပ်ကျွေးလို့....ငါ...မှတ်မိနေတာ.."
"အော်...ဒါနဲ့ ကော်ဖီကြီးက ခါးတာကွာ...ဘာရီးလဲဟ"
ကျော်ကြီးက ကော်ဖီတစ်ငုံသောက်ထားတာနဲ့မတူဘဲ ဆေးခါးကြီးမျိုချထားသလိုမျက်နှာမျိုးနဲ့ ရှုံ့တွနေတယ်။
"နေပါအုံး...ကော်ဖီဆို နို့ဆီ၂ဇွန်းလောက်ထည့်သောက်တဲ့ကောင်က ဘလက်ကော်ဖီသောက်ဖို့ ဘယ်လိုစိတ်ကူးရသွားတာတုန်း"
"အေးလေ...တို့အဖွဲ့ထဲ ဘလက်သောက်တာ
စန္ဒီ...."
ကျော်ကြီးမှာ ပြောနေရင်း အသံလေးတိုးသွားတယ်။ ကျွန်တော့်ကိုကြည့်တော့ ကျွန်တော်လည်း အေးအေးလူလူပဲ....
"အဟင်း...ငါလည်း...စန္ဒီနဲ့ တအိမ်ထဲနေတာ ၁နှစ်နီးပါးရှိသွားလို့လားမသိဘူး...သူလုပ်လ်ို့ ငါဘလက် သောက်တတ်လာတာလေ...မနက်တိုင်း သူအရင်နိုးနေတာဆိုတော့ မနက်စာလည်း သူပြင်ပေးတာပဲ စားတာများတယ်...အဲ့တော့ ငါလည်း ဒါတွေပဲ လုပ်တတ်တော့တာ ဖြစ်မယ်"
"အင်း...."
ကျော်ကျော်ခိုင် ကျွန်တော်ဖျော်ပေးထားတဲ့ ဘလက်ကော်ဖီကို တစ်ငုံသောက်လိုက်ပြီး ရေးရေးလေးပြုံးတယ်။ သူပြုံးတာက သူတခုခုကို လက်ခံသွားတဲ့ပုံစံမျိုး။
"သော်ကြီး"
"အင်း"
"မင်းကိုငါ အမြဲတမ်း ကောက်ချက်ချထားတဲ့ အချက်တစ်ချက်ရှိတယ် အာ့မင်းသိလား"
"....."
"မင်းလူတစ်ယောက်ကြောင့် ပြောင်းလဲဖြစ်မယ့်လူမျိုးမဟုတ်ဘူးလို့"
"အော်"
"မင်းမိဘတွေပေးတဲ့ Trauma ကြောင့်ရော အချစ်ဦးကပေးတဲ့ ဒဏ်ရာကြောင့်ရော မင်း လူတစ်ယောက်ကို နှစ်နှစ်ကာကာချစ်ဖို့ ၀န်လေးနေခဲ့ရတယ်။ မိန်းကလေးသူငယ်ချင်းတွေရှေ့ဆို မင်းအမြဲ အကန်တွေချည်းပြောတယ်။ မင်းနဲ့သိတဲ့ မိန်းကလေးသူငယ်ချင်းတွေ မင်းကို အမြင်ကတ်ပြီး မုန်းကြပေမယ့် မင်းဒဏ်ကို ခံနိုင်တာ စန္ဒီနိုင်နဲ့ခိုင်အိတို့နှစ်ယောက်ပဲရှိတာ...ကုန်ကုန်ပြောရရင် ခိုင်အိတောင် မင်းကို စန္ဒီလောက် သည်းမခံနိုင်ဘူး။ မင်းအကြောင်းအသိဆုံးနဲ့ မင်းဒဏ်ခံနိုင်ဆုံးက စန္ဒီပဲရှိတယ်။"
ကျွန်တော်ခေါင်း တဖြည်းဖြည်းငုံ့လိုက်တယ်။
"စန္ဒီကတော့ အဟက် တကယ့်ဖိုက်တာပါပဲ...မင်းကို အလျှော့ပေးသင့်ပေး ဖြဲသင့်ဖြဲ ပေါင်းရှာတာ...တခါတလေ မင်းက စော်လေးတွေနဲ့သူ့ကို မိတ်ဆက်ပေးရင် ငါတို့ကို ဖုန်းခေါ်ပြီး တညလုံးငိုတာကွ"
"ဟားဟား ဟုတ်ပကွာ...အဲ့တုန်းက ငါက ခိုင်အိဆီက အဖြေရကာစ...ကိုယ့်ရည်းစားလေး ဖုန်းနဲ့အလွမ်းသယ်ရတယ်မရှိဘူး...သူကချည်း ဖုန်းခေါ်ပြီးကိုထိုင်ငိုတာ...ငါတို့မှာ အိပ်ချင်တာလည်းမအိပ်ရ...သူ့ပြန်ချော့နေရတယ်"
"ဘာ! ဒါ ဒါဆို...စန္ဒီငါ့ကို ကြိုက်နေတယ်ဆိုတာ မင်းတို့အားလုံး...သိနေတာပေါ့ ဟုတ်လား"
"First year ထဲက သိတာ"
"ဘာ!"
ကျွန်တော့်မှာ ထိုင်ရမလို ထရမလိုတွေဖြစ်ကာ အံ့သြဆွံ့အနေတော့တယ်။ ဒီလောက် နှစ်ရှည်လများ ကိုယ့်ကို မိန်းကလေးတစ်ယောက်က ကြိတ်ချစ်နေတဲ့ကိစ္စကို ရည်းစားကို လက်ဆယ်ချောင်းပြည့်အောင် ထားခဲ့ဖူးတဲ့ ကောင်က ၁၀ နှစ်ကျော်လုံးလုံး မသိခဲ့ မရိပ်မိခဲ့ဘူးသတဲ့လား။ ကျွန်တော့် ကော်ဖီခွက်ကြီးကိုသာ စားပွဲပေါ် ကိုဆောင့်ချလိုက်ရင်း ဆွံ့အနေမိတယ်။။ အခုချိန်မှာ ကျွန်တော့်ကိုယ်ပွားသာ ဖန်ဆင်းလို့ရရင် နားရင်းတွေချည်း ပိတ်တီးချင်တာ။
"ငါ ဒါတွေ ဘာလို့ မသိခဲ့ရတာလဲကွာ..."
"မင်းမှ မကြည့်တာကိုး"
"ဟင်"
"ဟုတ်တယ်...မင်းက စန္ဒီနဲ့ပတ်သက်လာရင် အရာအားလုံးကို ကန့်သတ်နယ်မြေထဲကို ထည့်မှတ်ထားတော့ မင်းဘယ်ခံစားမိမလဲ။ မင်းခေါင်းထဲမှာက သူငယ်ချင်းလဲဖြစ် မိန်းကလေးလဲဖြစ်တဲ့သူတွေအားလုံး အော်တို blacklist ထဲထည့်လိုက်တာလေ...မိန်းကလေးလို့မှ မမြင်ခဲ့တာ"
ကျော်ကြီးပြောလည်း ပြောချင်စရာ...ကျွန်တော့်အဖြစ်က အုန်းသီးပြုတ်ကျလို့ ခေါင်းထိဖူးတဲ့ မျောက်တစ်ကောင်လို အုန်းသီးမြင်တာနဲ့ စားစရာလို့မသတ်မှတ်တော့တာ။ အဲ့ဒီလိုပဲ အဲ့ဒီဧရိယာ၀န်းကျင်မှာ တွေ့ရတတ်တာလေးတွေကို အချစ်ဆိုတဲ့ခေါင်းစဥ်အောက်မှာ မပါမခံတော့တာ။ တကယ်တမ်းတွေးကြည့်ရင် ကျွန်တော့်ကြောင့် အသက် ၃၀ အရွယ်မိန်းမ တစ်ဦးဟာ အချစ်ကို စိတ်ထဲမှာမှတ်ရင်း လက်တွေဖွက်ထားခဲ့ရပြီမဟုတ်လား။
"ယောက်ဖ ဖုန်းလာနေတယ်မလား"
"အမ် ဟုတ်လား"
ကျော်ကြီးပြောလို့ ဖုန်းကိုယူကြည့်လိုက်တော့ ခိုင်အိဆက်တာ ဖြစ်နေတယ်။ ကျွန်တော် ချက်ချင်းပဲ အဲ့ဖုန်းကိုလက်နဲ့အုပ်လိုက်ကာ...
"သားရီးတို့...ငါ့ကို တစ်ခုထပ်ကူညီပါဦးကွာ"
Xပေါ်လိုက် ပျောက်လိုက်ဖြစ်သော
သာသာ ပြန်ရောက်လာပြန်ပါပြီ 😁
စောင့်ရကျိုးနပ်စေမယ့်အပိုင်းတွေ လာတော့မယ်နော့ ☺️အဆင်ပြေရင် ကြယ်လေးတွေပေးခဲ့ပါဦးနော် 🌟
MJ11🍀
KAMU SEDANG MEMBACA
မတော်တဆ 🤍💋❤
Romansa"လည်ပင်းဖက်ပြီးပေါင်းလာတဲ့ bff အဖွဲ့လေးထဲကို တနေ့တော့ အချစ်ဆိုတဲ့ အုန်းသီးတစ်လုံး ပြုတ်ကျလာခဲ့တယ်။ အုန်းသီးတစ်လုံးဟာ မျောက်တွေအတွက်တော့..... တကယ့် 'ငစား' ပဲ။ အထူးသဖြင့် ကျွန်တော်နဲ့ သူမ အတွက် ဆိုပါတော့။" Pandemic ကာလအတွင်းကိုအခြေခံရေးထားတဲ့ Quaran...