Room 17 (Make me.....)

351 21 0
                                    

မနက်ခင်နိုးလာသောအခါ သော်တာ့စိတ်တွေကြည်လင်လို့နေ၏။ အရင်အလုပ်များခဲ့စဥ်က အိပ်ချိန်၊စားချိန်မမှန်ခဲ့သလောက် အခုလိုအိမ်တွင်းအောင်းမှပဲ စားလိုက် ၊အိပ်လိုက် ထိုအလုပ်နှစ်ခုသာ လုပ်ဖို့ကျန်တော့သည်။ ညက အိပ်ရာဝင်စော၍မနက်စောစောနိုးနေ၏။ အခန်းပြင်ထွက်ရင်း ဟိုဖက်အခန်းကိုလှမ်းကြည့်လိုက်သေးသည်။ ထို့နောက် မနက်စာပြင်ရန် မီးဖိုခန်းထဲသို့လျှောက်သွားသည်။ ရေခဲသေတ္တာထဲမှ အသားချောင်းနှင့် ကြက်ဥနှစ်လုံးယူကာ ထမင်းကြော်ရန်ပြင်သည်။ တည်ထားသည့်ရေနွေးအိုးမှပွက်ပွက်ဆူလာသောအခါ ကော်ဖီမှုန့်နှင့် နို့ဆီ ထည့်ထားသောခွက်ထဲသို့လောင်းထည့်လိုက်သည်။
"အင်း...ဟိုကောင့်အတွက်ပါ ဖျော်ရမှာပဲ..."
အခန်းထဲ၌အိပ်ပျော်နေသည့် သူငယ်ချင်းကိုသတိရသွား၍ နောက်တစ်ခွက်ထပ်ဖျော်လိုက်သည်။
သော်တာတစ်ယောက် မနက်စာအတွက် ပြင်ဆင်ပြီးချိန်တွင် စန္ဒီအခန်းထဲမှထွက်လာသည်။ မျက်နှာသစ်သွားတိုက်ရန် သွားတိုက်ဆေးညှစ်ထားသောသွားပွတ်တံလေးကိုင်လာသည်။ အိပ်ချင်မူးတူးရုပ်နှင့်လျှောက်လာစဥ် အငွေ့တထောင်းထောင်းထနေသည့် ကော်ဖီနှင့်ထမင်းကြော်ကို မြင်သွားသော် မျက်စိရောက်သွားသည်။ ညကလည်း ညနေစာကောင်းကောင်းမစားရသောဗိုက်မှာ တဂွီဂွီထမြည်တော့သည်။ သို့ပေမယ့် ဟန်ကိုယ့်ဖို့ဆိုသလို ထမင်းကြော်ပန်းကန်ကိုအကြည်လွှဲပြီး မျက်နှာသစ်ရန်ဆက်လျှောက်လာခဲ့သည်။ သော်တာကတော့ အေးအေးလူလူ ထမင်းကြော်လေးစားလိုက် ကော်ဖီလေးငုံလိုက်နှင့် ဖုန်းပွတ်နေ၏။ ဆာနေသော စန္ဒီမှာ ချက်ချင်းပင် ထိုင်ခုံဆွဲ၍ စားပစ်ချင်ပေမယ့် သိက္ခာဆယ်ရန် အခန်းဆီသို့ကြိတ်မှိတ်ကာလျှောက်သွားသည်။ စန္ဒီနိုင် ကိုယ်လက်သန့်စင်ပြီးနောက် အခန်းထဲသို့ဝင်ခါနီးတွင် သော်တာခွန်း လှမ်းပြောလိုက်သည်။
"ဟျောင့်"
"........."
"ပြီးရင် လာစား....ထမင်းကြော်ထားတယ်"
"မစားဘူး"
"နင်တကယ်မစားဘူးလား"
စန္ဒီ ဘာမှမပြောဘဲကျောပေးရပ်နေ၏။
"ကောင်းပြီလေ...သွန်ပစ်တာပေါ့"
ထိုအခါ စန္ဒီနိုင်သည် သော်တာ့ဆီသို့ ချာ ခနဲလှည့်ကာ သူနှင့်မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။
ထို့နောက် ထမင်းကြော်တစ်ဇွန်း ပါးစပ်ထဲကောက်ထည့်လိုက်သည်။
"မစားဘူးဆို"
သော်တာက မေးငေါ့ပြောတော့ ခပ်တည်တည်ပဲ...
"စားနေတာမဟုတ်ဘူး...သွန်နေတာ ပါးစပ်ထဲကို"
"အေးပါကွာ"
သော်တာ မျက်ခုံးကြီးပင့်၍ ကော်ဖီသောက်နေလိုက်တော့သည်။ မျက်နှာပြောင်နဲ့ ထမင်းကြော်ဝါးနေသော သူမသည် သော်တာဖျော်ပေးသော ကော်ဖီသောက်ပြီးနောက်မှာလည်း မျက်မှောင်ကျုံ့နေပြန်၏။
"သော်တာခွန်း"
"ပြော"
"နင် ကော်ဖီဖျော်ရင် ဒီလိုပဲဖျော်သောက်တာလား"
"အေးလေ ဘာဖြစ်လို့လဲ"
"ဟာ...ဒါ ကော်ဖီမှမဟုတ်တာ နို့ဆီအရည်ဖျော်ထားတာကြီးကို"
"ဟဲ့..."
သော်တာခွန်း စိတ်တိုသွားသည်။ အစထဲက ဆရာမကြီးစတိုင်နှင့် သူလုပ်ထားတာတွေထိုင်စားပြီး​ ပွစိပွစိလုပ်နေ၍ ကြည့်မရ။ အခု သူ့ကိုပါအပြစ်ပြောသလိုဖြစ်လာ၍ တင်းသွားသည်။
"နင့်ကိုနင် master chef က ဒိုင်မှတ်နေလား...ငါ့ကို ပြိုင်ပွဲဝင်လို ဝေဖန်ရအောင် နင်ဘယ်လောက်တောင် တော်နေလို့လဲ ဟမ်..."
"ငါနင့်ထက်တော်တယ်လို့လည်း မပြောမိပါဘူး သော်တာခွန်းရယ်...စေတနာနဲ့အကြံပေးတာပါ...နင်ဖျော်တာနင်သောက်ကြည့်ပြီးပြီလား...သောက်ကောင်းနေလားလို့"
"ကောင်းတယ် ငါကြိုက်သလိုဖျော်ထားတာ ငါကြိုက်တယ်..မင်းမကြိုက်ရင်မသောက်နဲ့..."
သူမ ဆီက ကော်ဖီခွက်ကို သူ့ဘက်ဆွဲ၍ တစ်ခွက်လုံးမော့ချလိုက်သည်။ သူ့ကိုကြည့်ရင်း မအီမသာဖြစ်နေသူက စန္ဒီနိုင်။ ခေါင်းတခါခါနှင့် ဆက်ကြည့်မနေတော့ဘဲ ထမင်းကြော်စားနေလိုက်တော့သည်။ ထို့နောက်ပြောလိုက်သေးသည်။
"မဖြစ်ဘူး...ငါနင့်ကို ကော်ဖီ သောက်နည်းသင်ပေးရမယ်"
"ဘယ်လို''
"ဘာမှမဟုတ်ဘူး...ထမင်းကြော်စားကောင်းတယ်သိလား...နောက်လည်းကြော်ကျွေး"
"မကျွေးတာ....အော် အေး ငါနင့်ကိုအရေးကြီး ပြောစရာရှိတယ်...စားပြီး ပန်းကန်ဆေးပြီးရင် အိမ်ရှေ့ထွက်ခဲ့..."
ထို့နောက် သော်တာ ထမင်းစားပွဲမှထထွက်သွားသည်။ စန္ဒီက သော်တာ့စားပြီးသားပန်းကန်ကိုတွေ့၍ လှမ်းပြောတော့
"ဟဲ့....ပန်းကန်မဆေးဘူးလား"
"အိုင် ကွက်ခ် ယူ ဆေး"
"အော်...အိုကေ...ရတယ်"
အပေါ်စီးကနေ ပြုံးပြုံးကြီးပြောပြီး ထွက်သွားသော သော်တာခွန်းကို ဘာမှ ကွန်ပလိန်းတက်မနေဘဲ ပန်းကန်တွေအကုန်ဆေး​ကြောသိမ်းဆည်းလိုက်သည်။ ထို့နောက် စန္ဒီ အိမ်ရှေ့ရှိ ဆိုဖာပေါ်တွင်ထိုင်လိုက်သည်။
"ဘာပြောမှာလဲ ငါ့ကို"
သော်တာခွန်း စန္ဒီနိုင်နှင့် တစ်ယောက်စာအကွာတွင်ထိုင်လိုက်သည်။ထို့နောက် ဆရာကြီးအထာဖြင့် ခြေချိတ်ကာ​ပြောသည်။
"အခုငါတို့က တအိမ်ထဲမှာ အတူတူနေရတော့မှာဆိုတော့ ငါတို့ချင်း သဘောတူညီမှုယူသင့်တာတွေယူရမယ်...အနီးစပ်ဆုံးပြောရင်...အိမ်သန့်ရှင်းရေးပေါ့..."
"အိုကေလေ...ငါလည်း သူများအိမ်မှာ အလကားမနေချင်ပါဘူး...နင့်လိုပေါ့..."
"ကောင်းပြီ...ဒါဆို ငါပြောမယ်...အိမ်ရဲ့အရှေ့ပိုင်း သန့်ရှင်းရေးကို ငါတာဝန်ယူမယ်...နင်က အိမ်ရဲ့အနောက်ပိုင်းကိုတာဝန်ယူ"
"နေပါဦး....အိမ်အရှေ့က ဘယ်အထိလဲ။"
"ဟိုမှာလေ kitchen door အထိ"
စန္ဒီကြည့်လိုက်တော့ အိမ်ရှေ့တွင် ဘုရားစင်၊ လေးယောက်ထိုင်ဆိုဖာနှင့် စားပွဲတစ်လုံးသာတွေ့သည်။ အိမ်နောက်တွင်မူ ရေချိုးခန်း၊အိမ်သာနှင့် မီးဖိုချောင်အပြင် ထမင်းစားဝိုင်းရှိသည်။ စန္ဒီနိုင် ဒီလိုတော့ အနိုင်ကျင့်မခံနိုင်။
"အိမ်ရှေ့မှာ ဘာမှရှင်းစရာမလိုအောင် ရှင်းလင်းနေတာကို ယူတယ်...ငါ့ကျ ရေချိုးခန်း အိမ်သာတိုက် ထမင်းချက်ပေါ့ အဲ့လိုလား"
"အဲ့လိုဖြစ်သွားသလား"
"သောက်ခွက်လာပြောင်မနေနဲ့ သော်တာမ...ငါလက်မခံဘူး....မတရားဘူး..."
"ကဲ ဒါဆို ဘယ်လိုဖြစ်ချင်လဲ ပြောကြည့်စမ်း"
"အိမ်ရှေ့ကိုနင်ယူ kitchen နဲ့ပတ်သက်တာ ငါတာဝန်ယူမယ် ချက်တာပြုတ်တာရောပေါ့...ရေချိုးခန်း အိမ်သာက တစ်ပတ် တစ်ခါ တစ်ယောက်တစ်လှည့်....ဘယ်လိုလဲ"
"ရတယ်....ကိုယ့်အဝတ်ကိုယ်လျှော်....ပြီးရင် မီတာခ နဲ့ ဟင်းချက်စရာ တစ်ယောက်တစ်ဝက်"
"ဟဲ့ ငါတသက်လုံးနေမှာမဟုတ်ဘူးနော်...နှစ်ပတ်ထဲနေမှာကို ငါက မီတာခ ပေးရဦးမှာလား...ကိုယ့်သူငယ်ချင်းကို မီး နဲ့ wifi တောင် မသထာတော့လဘူးလား"
စန္ဒီက စိတ်မကောင်းဖြစ်သည့်အမူအရာနှင့်​ပြော၍ သော်တာ လက်ကာပြသည်။
"အေးပါ အေးပါ ငါယောင်သွားလို့ပါဟာ ဆောရီး...ထွန်းရှည်နဲ့က အကုန် တစ်ယောက်တစ်ဝက်ပေးနေကျမို့ ပြောမိတာ"
"သူကတောင်းတာလား"
"ငါကပေးတာ...အဲ့ကောင် ငါပေးတဲ့အိမ်လခမယူဘူးလေ...အဲ့ဒါနဲ့ ငါ တဝက်ဆိုက်တာ..."
ဘယ်သူကိုမှ မခိုမကပ်တတ်သည့် သူ့စိတ်ဓာတ်ကိုတော့ သူမသဘောကျမိသည်။
"ကောင်းပြီလေ...ဟင်းချက်စရာဖိုးကို ငါတဝက်ထုတ်မယ်..ကိုယ်စားချင်တဲ့မုန့်ကတော့ကွကိုယ်ဝယ်စားပေါ့...အိုကေ"
"အိုကေ"
သော်တာခွန်းနှင့်စန္ဒီနိုင်တို့ အချင်းချင်း လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
x
ပန်းလိမ္မော်ရောင်စုတ်ချက်တချို့က ညနေခင်းကောင်းကင်ပေါ်တွင် ပြန့်ကျဲနေ၏။ ခပ်ဝေးဝေးတစ်နေရာတွင် လခြမ်းကွေးလေးကိုလည်းမြင်ရသည်။ တိမ်သားရှင်း၍ပန်းချီကားတစ်ချပ်လိုလှပနေမှူကြီးကို အရင်က ဘာလို့များသတိမထားမိတာပါလိမ့်ဟု သော်တာခွန်းတွေးနေမိသည်။ ၂၄ နာရီ ၏ သုံးပုံ နှစ်ပုံလောက်က အကြောင်းအမျိုးမျိုးကြောင့် အပြင်ရောက် အလုပ်လုပ်နေရ၍ ကောင်းကင်ကြီးကို တကူးတကမော့မကြည့်ဖြစ်ခဲ့။ မျက်နှာပေါ် မိုးပေါက်စင်မှသာ ကျိန်ဆဲရင်းထီးထုတ်ခဲ့ရသာရှိသည်။ အခုလို အလုပ်မရှိ အကိုင်မရှိ အိမ်ထဲအောင်းနေမှပဲ သဘာဝတရားကြီး၏အလှအပတွေကိုခံစားရကောင်းမှန်းသိလာရတော့သည်။
ဒီလိုညနေဆည်းဆာမျိုး၏အောက်တွင် မြို့ပြ၏အသက်ဝိဉာဥ်မှာပျောက်ဆုံးလို့နေသည်။
လမ်းမပေါ်တွင် တိုးမပေါက်သော ကားတန်းကြီးများပျောက်ဆုံးနေသည်။ စားသောက်ဆိုင် ၊ဘားဆိုင်ထဲက ညနေခင်းအလုပ်ကအပြန် ရင်ဖွင့်သံများ မကြားရတော့။ သော်တာခွန်း IT Service Group ရုံးခန်းလေးမဖွင့်ခင်က လေးနှစ်လောက် IT company တစ်ခုတွင် ဝင်လုပ်ခဲ့ဖူးသည်။ အဲ့ဒီတုန်းက ဝန်ထမ်းဖြစ်ရသည်ကို မကျေနပ်ဒေါသထွက်ခဲ့၍ ကိုယ်ပိုင်လုပ်ငန်းကို ကိုယ်တိုင်ဦးစီးဖို့ဖြစ်လာခဲ့လေသည်။ ကိုယ်ပိုင်အလုပ်လုပ်နေရပေမယ့် တခါတခါတော့ ရုံးကစိတ်တူကိုယ်တူ သူငယ်ချင်းများနှင့် ပျော်ခဲ့ပေါက်ကွဲခဲ့သည်ကိုသတိရမိသည်။ သော်တာခွန်း အတိတ်တချို့ကိုလွမ်းဆွေးရင်း သက်ပြင်းချမိသွားသည်။ မျက်စိကမြင်ကွင်းလေးဟာလည်း တဖြည်းဖြည်း အလင်းကနေ အမှောင်ကိုချဥ်းကပ်လာလေပြီ။
"သော်တာ...နင့်မှာ dryer ရှိလား"
အိမ်ထဲက ခေါ်သံကြား၍ ဝင်လာသောအခါ သော်တာခွန်း အနည်းငယ် တုံ့ဆိုင်းသွားသည်။ သူ့ရှေ့တွင် မြင်နေရသည်ကား အပြာနုရောင် သူ့အကျီတီရှပ်ပွပွကြီးနှင့် ဘောင်းဘီတိုကိုဝတ်၍
ဆံပင်ရေစိုများကို တဘက်ဖြင့်သုတ်ကာ မေးနေသော စန္ဒီနိုင်။
နေ့စဥ် နာရီတိုင်း အချိန်တိုင်း မြင်ဖူးနေသော်လည်း အခုလိုပုံစံကိုမူ တခါမှ မတွေ့ဖူးခဲ့။ ပိန်သွယ်ပြီး ပြည့်စုံသည့် ပေါင်တံမျိုး မဟုတ်ဘဲ ကျစ်လျစ်၍ အနေတော်ကြည့်ကောင်းသည့် တောင့်တင်းသော ပေါင်တံရှည်မှာ ဘောင်းဘီတိုလေးကြောင့် ထင်းလင်းနေ၏။ ဘောင်းဘီအပေါ်ကိုတဝက်လောက်ဖုံးသလိုဖြစ်နေသော သူပေးထားသည့် တီရှပ်မှာ ဆိုက်ဇ်အကြီးဆုံးဖြစ်သည်။ စန္ဒီက ခန္ဓာကိုယ် ပိန်သည့်အထဲတွင်မပါသောကြောင့် သိပ်ပွမည်မထင်၍သာ ပေးလိုက်ခြင်းဖြစ်ပေမယ့် အခုလိုကျ အကျီမှာအတော်ကြီးနေပြန်၏။ လည်ပင်းပေါက်ကျယ်သောကြောင့် ပုခုံးသားပင်ပေါ်နေ၏။ ရေစိုဆံနွယ်ရှည်တို့ကို တဘက်ဖြင့်အုပ်ထားသည်မှာ သော်တာ့အတွက် အထူးအဆန်းတစ်ခုမြင်လိုက်ရသလို စိတ်လှုပ်ရှားစေသွားသည်။
"ဟဲ့ ဘာဖြစ်သွားတာလဲ မတ်တပ်ကြီး"
စန္ဒီ ဟောက်လိုက်မှ စက္ကန့်ပိုင်းလောက် မတ်တပ်သေရာမှ သတိဝင်လာသည်။ ထို့နောက် ရိပ်မိမှာစိုး၍ ချောင်းဟန့်ကာ မျက်မှောင်ကြုံ့လိုက်သည်။
"စောနက ဘာလိုချင်လို့"
"Dryer...hair dryer"
"ငါ့ဆံပင်ငုတ်စိလေးက dryer မှုတ်စရာမှမလိုတာ..ဘယ်ရှိမလဲ"
"ဟင်း....အိမ်က ဟာသာ ပြေးယူလိုက်ချင်တယ်...ဟိုဟာမရှိ ဒီဟာမရှိနဲ့....ဆံပင်ကလည်း မညှပ်ရသေး...ခြောက်အောင်သုတ်ရဦးမယ် ဟူး..."
ပွစိပွစိပြော၍ လှည့်ထွက်သွားသော စန္ဒီနိုင်ကို လှမ်းခေါ်လိုက်သည်။
"နင့်ဆံပင်က ဘယ်လောက်တောင်ရှည်နေလို့တုန်း...ခဏလေး သုတ်လိုက်ရင် ခြောက်တာကို"
စန္ဒီ ​သော်တာ့ဆီတည့်တည့်လျှောက်လာကာ ခေါင်းထိုးပေးလိုက်သည်။
"အဲ့မယ် ကြည့်...ငါသုတ်နေတာ တစ်နာရီ ရှိတော့မယ် အခုထိ မခြောက်နိုင်ဘူး။ ခဏနေ အလုပ်ကိစ္စပြောဖို့ zoom meeting ရှိပါတယ်ဆိုမှ...စိတ်ညစ်တယ်"
ထပ်မံ ပွစိပြန်သည်။ စန္ဒီနိုင် နာရီကိုလှမ်းကြည့်ပြီးနောက် နှုတ်ခမ်းဆူသွားပြန်သည်။ ထို့နောက် air cooler ရှေ့တွင် ဆံပင်တွေအကုန်ကျုံးသိမ်းပြီး ကိုယ်ကို ညွှန့်ချလိုက်သည်။
"အိုကေ"
အမြင့်ဆုံးထား၍ ကုန်းကုန်းကြီး လေအခြောက်ခံနေလေ၏။ သော်တာခွန်း ဆိုဖာတွင် ဖုန်းပွတ်နေရင်း သူမကိုလှမ်းကြည့်လိုက်သည်။
'ကုန်းကုန်းကွကွနဲ့....ဘယ်တော့ ဆံပင်ညှပ်မလဲမသိ...ဟင်း....'
သော်တာ မသိချင်ယောင်ဆောင်နေလိုက်သည်။သို့ပေမယ့် မရ။ အခန့်မသင့်လို့ ဆံပင် အထဲညှပ်သွားပါက အန္တရာယ်များပေမည်။ ဆံပင်ခြောက်ပြီး အအေးပတ်မည်ကိုပါ မြင်ယောင်နေ၏။
"စန္ဒီမ"
"ဟေ"
လေထန်ကုန်းကနေ လှမ်းထူးသလိုအသံဖြင့်...
"အဲ့ဒါကြီးပိတ်လိုက်တော့....ဆံပင် အထဲညှပ်သွားရင် ပိုဆိုးမယ်"
"အေးပါ ငါသိပါတယ်....ခဏနေ meeting ရှိတယ်...ငါ့ဆံပင်ရေစိုကြီးနဲ့ မတက်ချင်လို့ လုပ်နေတာ"
စန္ဒီမှာဖြေလည်းဖြေ လက်ကလည်းဆံပင်တွေကိုဖွာသည်။ သော်တာကြည့်မနေနိုင်တော့၍ သူမကိုခေါ်လိုက်သည်။
"နင့်ဆံပင်ငါသုတ်ပေးမယ်...လာ ဒီကို"
"အမ်"
စန္ဒီ ဆံပင်တွေကြားထဲက သူ့ကိုလှမ်းကြည့်နေသည်။ သူမ မျက်နှာကိုတော့မမြင်ရ။
သော်တာ သူမဆီလျှောက်လာနေတာတော့သိသည်။ သူမ လက်ထဲက တဘက်ပဝါကို ယူကာ air cooler အရှိန်ကိုလျှော့သည်။ထို့နောက် ဆိုဖာနားသို့ခေါ်လာပြီး ထိုင်ချခိုင်းသည်။
"ထိုင် အောက်မှာ"
"နင် ငါ့ကိုဘာလုပ်မလို့လဲ"
"မှုတ်ပေးမလို့"
"ဘာ"
အလန့်တကြား ဖြစ်သွားသော သူမကြောင့် သူပါ လန့်သွားသည်။
"ဆံပင်မှုတ်စက်မရှိလို့ ငါသုတ်ပေးမယ်ပြောတာ"
"အာ...ရတယ် နေနေ ငါမြန်မြန်သုတ်လိုက်မယ်"
"meeting ရှိတယ်ဆို ဆံပင်ရေစိုကြီးနဲ့ တက်မလို့လား"
"ရပါတယ်ဆိုနေ"
"လာစမ်းပါဟာ နှစ်ယောက်သုတ်လိုက်ရင် ခဏလေးခြောက်တယ် မြန်မြန်လာ ငါစိတ်ကောင်းဝင်နေတုန်း"
သော်တာခွန်းခေါ်နေသော်လည်း စန္ဒီနိုင် အူကြောင်ကြောင် လုပ်နေသေးသည်။ တကယ်တော့ သော်တာစိတ်ကောင်းဝင်တာထက် သူမစိတ်တွေထဖောက်မှာပိုကြောက်သည်။ သို့ပေမယ့် မလွှဲသာ၍ သော်တာ့နားတွင်ထိုင်ချလိုက်ရသည်။
"ပေး တဘက်"
သော်တာ့လက်ထဲ တဘက်ပဝါထည့်ပေးပြီးနောက် သူမဆံပင်ရေစိုတွေကိုသေချာပွတ်သုတ်လေတော့သည်။ စန္ဒီ့ဆံပင်မှာ ပုခုံးကျော်ကျော်ရှိ၍ အလယ်အလတ်ရှည်သည့်ထဲပါသည်။ စန္ဒီနာ မည်စိုး၍ဖွဖွလေးသာသုတ်ပေးသည်။ ရုတ်တရက် မြန်လာသော ရင်ခုန်သံတို့ကြောင့် စန္ဒီ တဘက်ကိုကိုင်ကာ သော်တာသုတ်ပေးတာကိုငြိမ်ခံနေ၏။
"ဘာလုပ်နေတာလဲ နင်ပါသုတ်လေ အဲ့ဒါမှ မြန်မြန်ခြောက်မှာပေါ့ဟ"
သော်တာပြောမှသတိဝင်၍ ရှက်ကိုးရှက်ကန်းနှင့် ဆံပင်သုတ်နေလိုက်ရသည်။
Dryer မဟုတ်သည့်အတွက် တော်ရုံနှင့်မ​ခြောက်နိုင်။ သော်တာခွန်းလည်း မြန်မြန်​ခြောက်ဖို့အရေး သေချာသုတ်ပေးရှာသည်။တခါတခါ ခေါင်းသုတ်နေရင်း ချော်ထွက်သွားသောကြောင့် စန္ဒီနိုင့်ကို ခြေထောက်နှစ်ချောင်းနှင့်ညှပ်၍ သုတ်၏။
သော်တာ့အပြုအမူတွေကြောင့် စိတ်လှုပ်ရှားရသည်မှာ အောက်တွင်ငြိမ်နေသည့်စန္ဒီနိုင်ဖြစ်သည်။ သူမကိုအုပ်မိုး၍ သေချာ ဆံပင်တွေကိုဖွကာ ဂရုတစိုက် ပြုမူပုံတွေက သူမရင်ခုန်သံတွေကို ပြန်တူးဆွနေသလိုပင်။ ခေါင်းသုတ်နေရင်း ရှေ့ကိုချော်ထွက်သွားသောအခါ လွတ်ထွက်သွားမည်စိုး၍ သူမတကိုယ်လုံးကိုပါလှုပ်မရအောင်ချုပ်ထား၍ ပိုအနေရခက်လှသည်။
"အိုကေ ရပြီ"
စိတ်ပူနေသည့်အချိန် ပြီးသွားပြီဆို၍ စန္ဒီ ပျော်သွားသည်။
"အော် အေး...ကျေးဇူးပဲ...ထပြီ"
"ဘယ်ကိုထမှာလဲ...မပြီးသေးဘူး အရှေ့ပိုင်းကျန်သေးတယ်လေ..."
"အမ်...အာ ရတယ် ရတယ် ငါ့ဟာငါပဲ သုတ်လိုက်..."
"နေစမ်းပါဟာ...လုပ်လက်စနဲ့ ငါပဲလုပ်မယ် ပြန်ထိုင်"
"အဲ့"
သော်တာ့လက်ကလွတ်ရန် ထဖို့ပြင်နေသော သူမကို ဆောင့်ဆွဲလိုက်၍ပြန်ထိုင်ပြီးသားဖြစ်သွားသည်။ထို့နောက် သော်တာက စန္ဒီ့ပုခုံးတွေကိုကိုင်ကာ မျက်နှာချင်းဆိုင်လိုက်သည်။ ဆိုဖာပေါ်တွင် ထိုင်နေသူ သော်တာ၏ ရင်ဘက်ကို စန္ဒီမျက်နှာမူထားရသည်။ သော်တာ့ကိုယ်သင်းနံံ့လေးက စန္ဒီ့ကို ချော့မြူနေသလို....။ ဒီ့ထက်ပိုပြီး မနစ်မွန်းချင်တော့၍ စန္ဒီ မတ်တပ်ထရပ်လိုက်သည်။
စန္ဒီမတ်တပ်ထရပ်တော့ သော်တာက ကြောင်တောင်တောင်လေးကြည့်နေ၏။
"မခြောက်သေးဘူးလေ"
"ရတယ်....ငါ့ဟာငါ အခန်းထဲရောက်မှ ဆက်သုတ်လိုက်တော့မယ်"
စန္ဒီ အလောတကြီး အခန်းထဲပြန်ဝင်သွားသည်။ ထိုမှသာ သော်တာတစ်ယောက် အသက်ရှုချောင်သွားသလိုခံစားမိနေတာကိုတော့ သူမ ဘယ်လိုမှ သိနိုင်မည်မဟုတ်။ မသိနိုင်အောင်လည်း သူဟန်ဆောင်ကောင်းခဲ့သည်။ သူငယ်ချင်းအပေါ် မှာထားသည့် သံယောဇဉ်ကို ခံစားချက်အဖြစ်
ပြောင်းလဲဖို့စိတ်ကူးမရှိသောကြောင့် သော်တာခွန်း အာရုံပြောင်းပစ်လိုက်သည်။
သို့ပေမယ့် သူမရဲ့ဆံနွယ်ဆီမှ ကျန်ရစ်ခဲ့သော မွှေးရနံ့များကိုတော့ အာရုံမလွှဲပစ်နိုင်ခဲ့။

Sorry for being late!
MJ11 🍀

မတော်တဆ 🤍💋❤Tempat cerita menjadi hidup. Temukan sekarang