"ခွန်း...."
ဆိုသည့် စကားလုံးဟာ သော်တာခွန်းသိပ်မကြိုက်တဲ့ နာမည်တစ်လုံးဖြစ်ခဲ့ဖူးသည်။
တိုင်းရင်းသား မဟုတ်ပါဘဲ ဤနာမည်လေးတစ်လုံးကြောင့် ရှမ်းလား ၊ မွန်လား ခဏခဏအမေးခံရဖူးသည်။ အသားဖြူဖြူ အရပ်ရှည်ရှည် မို့ မြန်မာစစ်စစ်လို သူ့ကိုသိပ်မမြင်ခဲ့ကြ။
တနေ့တော့ ထိုမြန်မာကောင်လေးတစ်ယောက်၏ အတန်းထဲသို့ ရှမ်းမလေးတစ်ယောက် ရောက်လာခဲ့သည်။ နှင်းပွင့်စံ ဆိုတဲ့ ရှမ်းမလေးက သော်တာ့ရင်ဘတ်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက်ဝင်ချလာသော ပထမဆုံးမိန်းကလေး ဖြစ်ခဲ့သည်။
အချစ်နဲ့ထိတွေ့ခွင့်ရတဲ့ နေ့တွေဟာ သူတို့နှစ်ဦးအတွက် သိပ်ကိုချိုမြိန်လွန်းသည်။ သော်တာမကြိုက်သော ထိုနာမည်တစ်လုံးထဲကို အဖျားဆွတ်ခေါ်တတ်သော ထိုမိန်းကလေး၏ ပါးမို့မို့လေးတဝိုက်မှာ သူကျက်စားခဲ့ဖူးသည်။ ချစ်နေရရင်ဖြစ်တယ် ဆိုတဲ့ သော်တာခွန်း၏အတွေးတွေမှာ ကာလတစ်ခုကြာသည့်အခါမှာတော့ တဖြည်းဖြည်း မှေးမှိန်လာခဲ့ရသည်။သူချစ်ရသည့် နှင်းပွင့်လေးမှာ သူ၏အရိပ်မည်းတို့ကို မြင်နိုင်စွမ်းမရှိခဲ့။
တဖြည်းဖြည်းအေးစက်လာသော သူမသည် အချစ်ထက် ပိုအရေးကြီးသောအရာများကိုရှာတွေ့သွားခဲ့သည်။ အိပ်မက်တွေကိုပုံဖော်ရင်း သူကွယ်ပျောက်ခဲ့ရသည်။ နူးညံ့နွေးထွေးသော သူမအပြုံးတို့သည် အေးစက်၍အသက်မဲ့လာသည်။ တဖြည်းဖြည်း အေးခဲလာရင်းနဲ့ သူတို့ရဲ့အချစ်ဦးပုံပြင်လေးသည် လေဆိပ်မှာပဲအဆုံးသတ်ခဲ့ရသည်။
အတိတ်ကပုံရိပ်တွေဟာ ဓာတ်ပုံတွေလိုတစ်ပုံချင်းပြန်ပေါ်လာတဲ့အခါ သော်တာခွန်း တခါပြန်နစ်မျောခဲ့ပြန်သည်။ သို့ပေမယ့်တချိန်က သူမနှင့် ထိပ်တိုက်မတွေ့ချင်သောကြောင့် သူမဘက်က ဆက်သွယ်လာသမျှအကုန်လုံးကို လှစ်လျူရှူထားခဲ့သည်။ တကယ်တော့ ဒါတွေအားလုံးက ပြီးခဲ့ပြီပဲမဟုတ်လား။ ကိုယ့်ဘဝနဲ့ကိုယ် နေသားကျလာပြီးမှ အချစ်ကြောင့် တဖန် နစ်မျောရမှာကိုတော့ သော်တာခွန်း မနှစ်သက်ပါ။ ပြီးတော့ စန္ဒီနိုင်.....။
သူမကလည်း ဒီနေ့ကျမှ သူနဲ့အတူလိုက်ပါလာသည်မဟုတ်လား။ ဒါပေမယ့်...မနက်ခင်းရဲ့ ပထမဆုံး နှင်းစက်လေးလို ကြည်လင်တောက်ပနေဆဲ သူမ...ချစ်ရပါသော နှင်းပွင့်လေးဟာ သော်တာခွန်းကို ဒွိဟ အလွန်ဖြစ်စေသည်။
သူ့ကို မျှော်လင့်ခြင်းများစွာပါဝင်သော မျက်ဝန်းတွေနှင့်ကြည့်လာသူ ထိုမိန်းကလေးကို သူသေချာမပြုံးပြမိ။ သော်တာခွန်းအနောက်မှာ ကြောင်တောင်တောင်နှင့်ရပ်နေကြသည့် စန္ဒီနိုင်နဲ့ခိုင်အိတို့ကလည်း သူမ ကိုမြင်ဖူးသလိုလိုရှိ၏။
"နေကောင်းတယ်နော် ခွန်း"
သူမစကားစလာပေမယ့် သော်တာခွန်းက စိတ်လှုပ်ရှားမှုတွေကို အတတ်နိုင်ဆုံး ထိန်းကာ ခေါင်းငြိမ့်ပြလိုက်သည်။
"ဘယ်တုန်းက ပြန်ရောက်တာလဲ"
"အင်း....နှစ်ပတ်လောက်ရှိပြီ...Q ဝင်နေရလို့"
"အော်....."
ကော်ဖီဆိုင်၏တံခါးနားတွင် မတ်တပ်ရပ်၍စကားပြောနေကြသော သူတို့နှစ်ယောက်ကိုငေးရင်း သူမရင်ထဲမှာ မဖော်ပြတတ်သည့် ခံစားချက်တစ်ခုစတင်လာသည်။ Mask တွေကြောင့် ကွယ်နေပေမယ့် ထိုအခြေအနေမျိုးကို စန္ဒီနိုင် နားလည်လွယ်ပါသည်။ သော်တာနှင့်စကားရပ်ပြောနေသည့် ထိုအမျိုးသမီးမှာ တချိန်က မိုးရွာသော ညနေခင်းတစ်ခုက သော်တာအပြေးအလွှားအရောက်သွားနေသော ဦးတည်ရာဆိုတာကို စန္ဒီပြန်မှတ်မိခဲ့သည်။
'သူကိုး......'
မှတ်ဉာဏ်ဆိုးတစ်ခုကို အသိအမှတ်ပြုပေးနိုင်ရုံမှတပါး သူမဘာတတ်နိုင်မည်နည်း။ ဝေ့တက်လာသော မျက်ရည်စတချို့တို့ဟာ Mask ကျေးဇူးကြောင့် ဖုံးနေ၏။ ဘေးက ခိုင်လေးသည် သူငယ်ချင်းရဲ့ အခြေအနေကိုရိပ်မိသည်နှင့် စိတ်တိုမိကာ သူတို့ဆီခြေလှမ်းနေစဥ် စန္ဒီတားလိုက်သည်။
"ခိုင်....ဟင့်အင်း....မလုပ်နဲ့ မလုပ်နဲ့"
"ဘာဟင့်အင်းလဲ...မတွေ့ဘူးလားနင်"
"တွေ့တယ်...ငါဘာမှမဖြစ်ဘူး...လာပါ တို့အပြင်ထွက်စောင့်ကြမယ်"
စန္ဒီနိုင် သူမကိုအတင်းလက်မောင်းချိတ်ခေါ်နေလို့သာ ဒင်းတို့ကံကောင်းသွားတယ်မှတ်စမ်းပါ။
သူမစိတ်လျှော့ပြီး ဆိုင်အပြင်ထွက်လာလိုက်သည်။
"အနှင်း...ခွန်းကိုတွေ့ချင်နေတာ...ဒါ..ဒါနဲ့ ခွန်းတစ်ယောက်ထဲလာတာမဟုတ်ဘူးထင်တယ်နော်..."
'စန္ဒီ...'
သော်တာ့စိတ်ထဲမှာ သူမကိုချက်ချင်းပြေးမြင်မိသည့်နောက် လှည့်ကြည့်လိုက်တဲ့အခါ သူတို့က ဆိုင်ထဲမှာမရှိတော့။ တကယ်ဆို သူမသိသင့်သည်မဟုတ်လား...သူမနှင့် မိတ်ဆက်ပေးရမယ်မဟုတ်လား။
'မဟုတ်ဘူး...မိတ်ဆက်ပေးဖို့မှမလိုတာ...ငါတို့က တကယ်လက်ထပ်ထားတာမှမဟုတ်ပဲ...'
'ဒါပေမယ့် ငါစန္ဒီ့ကို ပြောပြသင့်တယ်...မဟုတ်ဘူး....ငါအရင်လို မဟုတ်တော့ဘူးဆိုတာကို အနှင်းကိုပေးသိရမယ်မဟုတ်ဘူးလား....မဟုတ်ဘူး စန္ဒီ့ကိုတော့ အရင်ပြောပြရမယ်မဟုတ်လား'
စိတ်ထဲမှာ မေးခွန်းများစွာနှင့် လွန်ဆွဲနေတုန်း...
"သော်တာခွန်း"
"ဟင်"
အသံကြောင့်သတိပြန်ကပ်ပြီး အသံလားရာကိုကြည့်လိုက်တော့ ခိုင်ဖြစ်နေသည်။
"အင်း...ခိုင်လေး..."
"ငါတို့အပြင်မှာစောင့်နေတာ...နင်ထွက်မလာသေးလို့"
"..........."
နှင်းပွင့်စံဆိုသည့် အမျိုးသမီးကို ခိုင်အိတချက်ကြည့်လိုက်မိသည်။ ငယ်ရွယ်ထက်မြက်တဲ့ မိန်းမဆိုတာ အမြင်နဲ့တင် ရိပ်မိနိုင်အောင် ဆွဲဆောင်မှုရှိသည်။ နှင်းပွင့်လေးလို ဖြူဥပြီး အေးချမ်းသောအလှတို့မှာ ပေါ်လွင်သိသာနေ၏။ သူငယ်ချင်း
စန္ဒီနိုင်နှင့်တော့ နေနဲ့လ လိုပင်။
"စန္ဒီလည်း အပြင်မှာ စောင့်နေတယ်...ငါသွားပြီ"
စန္ဒီ ဆိုသည့်နာမည်ကို သူမ ကြားဖူးနေသည်။
"အေးပါ...ငါလိုက်လာခဲ့မယ်နော်"
"ပြီးရော မြန်မြန်လုပ်"
ခိုင်အိက နှင်းပွင့်စံကို နှုတ်မဆက်ဘဲ ထွက်သွားသည်။
"ခွန်း သူငယ်ချင်းနဲ့တူတယ်...အလုပ်ကနေလာတာလား ခွန်းတို့က"
"အလုပ်ထဲက မဟုတ်ဘူး...ကိုယ့်ငယ်သူငယ်ချင်းတွေပါ"
ဆိုင်ထဲကနေ ဘောက်ဆတ်ဆတ် လျှောက်ပြီးထွက်လာသော ခိုင်အိကိုတွေ့တော့ သူမအနည်းငယ်စိတ်ပူသွားခဲ့သည်။ အနားရောက်တော့မှ အထဲက အခြေအနေကိုသေချာမေးကြည့်ရသည်။
"ခိုင်...နင်ဘာသွားပြောတာလဲ..သူကရော ဘာပြောသေးလဲဟင်"
စန္ဒီ ပြာပြာသလဲ မေးတော့ ခိုင်အိက ပိုစိတ်တိုကာ
"ဘာဖြစ်နေတာလဲ...နင့်အကောင်က ဟိုမိန်းမနဲ့အကြည်စိုက်နေတာနော်...နည်းပါး ကြည့်ဦး"
"ဘာကြည့်ဖို့လို့လဲဟ...ငါနဲ့သူက.....အဲ့လိုအနေအထားမှမဟုတ်တာကို"
စန္ဒီနိုင့်မျက်နှာလေးမှာ အနည်းငယ်ညှိုးသွားပြီး တဖက်ကိုလှည့်လိုက်သည်။ သူငယ်ချင်းတွေမသိသေးတဲ့ နှစ်ဦးကြားက သဘောတူညီမှုတွေကိုတော့ အသိပေးလို့မဖြစ်သေးပါ။ ရင်ထဲက စိုးရိမ်လေးပင်မှုတွေကို ဘယ်သူ့မှ မြင်နိုင်လိမ့်မည်မဟုတ်။
X
အိမ်ပြန်ရောက်ကတည်းက အခုချိန်ထိ သူတို့ အခန်းထဲကမထွက်ကြ။ သော်တာခွန်းတစ်ယောက် အချစ်ဦးကို ပြန်လည်တွေ့လိုက်ရတဲ့အတွက် အိပ်ပျော်နေတုန်း လန့်နိုးခဲ့ရသလို တုန်လှုပ်ခဲ့ရသည်။ အတိတ်က သူမနှင့် ပတ်သက်သမျှ အမှတ်တရအထိအတွေ့တို့မှာ သူမခေါ်ပါဘဲ တဖန်အလည်ရောက်လာကြသည်။ အသိစိတ်က တားဆီးချင်နေလည်း ချစ်ခဲ့ဖူးသည့် ထိုတနေရာကတော့ ကောင်းကောင်းကြီးသိနေ၏။
စန္ဒီနိုင် အခန်းတံခါးလေးကိုအသာဟ၍ ချောင်းမိသည်။ တဖက်အခန်းတံခါးလေးကိုငေးရင်း သူထွက်လာမလားမျှော်မိနေ၏။ ထမင်းစားချိန်ရောက်နေပြီမို့ ထမင်းစားမစားလည်း မေးရဦးမည်။ သို့ပေမယ့် သွားမမေးချင်။
"ထမင်းက စားမှာလား မစားဘူးလား ဟိုကောင်က..ငါက သူ့အတွက်ချက်ရမှာလား မချက်ရဘူးလား...ဟာ...စိတ်ရှုပ်လာပြီ...ကွကိုယ် ကိုယ်စားဖို့ပဲသွားချက်တော့မယ်"
တစ်ယောက်ထဲအမေးအဖြေ လုပ်ပြီးတဲ့နောက် အခန်းပြင်ထွက်ကာ မီးဖိုချောင််ထဲဝင်လိုက်သည်။ ညစာ ပြင်ဆင်နေတုန်း အသံကြားပြီးထွက်လာမလား ဟု သူမလှမ်းကြည့်သေးသည်။
"ရည်းစားဦးကြီးနဲ့ ပြန်တွေ့လိုက်ရတော့ ဘယ်ဆာတော့မလဲ...ပြည့်နေမှာပေါ့...စောက်မြင်ကတ်လိုက်တာ ဟွန့်"
စန္ဒီတစ်ယောက် ကြက်သွန်လှီးနေရင်း အခန်းထဲက ကိုယ်တော်ကိုလှမ်းမေတ္တာပို့ကာ ထမင်းကြော်ရန်ပြင်သည်။ ထမင်းကြော်ပြီးသွားတဲ့အခါ ပန်းကန်ထဲ သေချာထည့်ပြင်ဆင်ပြီး ထိုင်စားနေလိုက်သည်။
"ကောင်းလိုက်တာ စားလို့...ငါကြော်တာမှဟုတ်ရဲ့လား...ဟီဟီး.."
ကိုယ်ကြော်ကိုယ်သဘောကျနေပြီး ထမင်းကြော်ကိုအေးဆေး အရသာခံဝါးနေစဥ် ဒင်းရောက်လာသည်။
"ဟဲ့ ဘာတွေစားနေတာလဲ"
"............."
သော်တာခွန်း ပန်းကန်ကိုကြည့်လိုက်တော့ ထမင်းကြော်မှန်းသိရသောအခါ...
"ဝါး..ထမင်းကြော်ပဲ...အတော်ပဲ ငါလည်းဗိုက်ဆာနေတာ...ငါ့အတွက်ကောဟင်"
"မရှိဘူး"
"အမ်...နင်ကြော်တာ ငါ့ဖို့မပါဘူးလား"
"မပါဘူး"
"နင်ကလဲဟာ...တအိမ်ထဲနေတာ အတူစားရအောင် ထည့်ကြော်လိုက်ပါလား...ခုငါဘာသွားရမှာလဲပြော"
"မသိဘူး"
"စန္ဒီနိုင်!"
မေးသမျှ 'ဘူး' တစ်လုံးနဲ့ စိတ်တိုအောင်ဆွနေသော သူမကြောင့် ကျွဲမြီးတိုရသည်။ ပြန်လာကတည်းက သူစကားပြောလည်းမကြားသလိုကြားသလိုလိုနဲ့ အခန်းထဲတန်းဝင်သွားသည်။ အခုလည်း ခါတိုင်းအတူတူထမင်းစားနေတာသိသိရက်နဲ့ အကျင့်ယုတ်ပြီး လူကိုထမင်းမကျွေးတော့။ ထမင်းအိုးထဲသွားကြည့်တော့ ထမင်းတစိမှမကျန်တော့သောအခါ သော်တာအကြီးအကျယ်ပေါက်ကွဲတော့သည်။
"ဟ ထမင်းတောင်ချန်မထားဘဲ အကုန် စားပစ်လိုက်တာပဲ နင်က...တော်တော်အကျင့်ယုတ်တာပဲ နင်"
သူ့စကားကြောင့် စန္ဒီစိတ်တိုသွားသည်။ သို့ပေမယ့် စွာတဲ့လေသံနဲ့ပြန်မဖြေဘဲ အေးဆေးလူလူပြန်ပြောလိုက်သည်။
"ဟုတ်တယ်...ငါက နင့်ငယ်ရည်းစားလို ခြောက်ပြစ်ကင်းသဲလဲစင် မဟုတ်ဘူးလေ အကျင့်ယုတ်သင့်တဲ့အခါ ယုတ်လိုက်တာပဲ ok?"
"ဘာဖြစ်လို့ သူက ပါလာရတာလဲ..မဆိုင်တာတွေ ထည့်မပြောနဲ့ ငါမကြိုက်ဘူး"
လေသံမာလာ၍ စန္ဒီ သူ့ကိုမော့ကြည့်လိုက်သည်။ ထမင်းကြော် ဝါးရင်းတန်းလန်းနှင့် သူ့ကို လူမိုက်အကြည့်နဲ့ သေချာစိုက်ကြည့်ကာ...
"မကြိုက်ရင် လဲသေလိုက် ok? အဟက်"
"ဘာ!"
ထို့နောက် စားလက်စပန်းကန်ကို ကိုင်ကာ အခန်းတံခါးကို ခပ်မာမာပိတ်၍ဝင်သွားသော
သူမကြောင့် သော်တာခွန်း ဒေါသတွေ အချောင်းလိုက်ထွက်ကာ ကျန်နေခဲ့တော့သည်။
X3 will come soon! 🤗
Don't forget to ⭐
KAMU SEDANG MEMBACA
မတော်တဆ 🤍💋❤
Romansa"လည်ပင်းဖက်ပြီးပေါင်းလာတဲ့ bff အဖွဲ့လေးထဲကို တနေ့တော့ အချစ်ဆိုတဲ့ အုန်းသီးတစ်လုံး ပြုတ်ကျလာခဲ့တယ်။ အုန်းသီးတစ်လုံးဟာ မျောက်တွေအတွက်တော့..... တကယ့် 'ငစား' ပဲ။ အထူးသဖြင့် ကျွန်တော်နဲ့ သူမ အတွက် ဆိုပါတော့။" Pandemic ကာလအတွင်းကိုအခြေခံရေးထားတဲ့ Quaran...