"ဒါပေမယ့်...ဘာဖြစ်လဲ"
စန္ဒီက သော်တာ့ကိုကြည့်ရင်းမေးလိုက်သည်။
"ဘာမှမဖြစ်ပါဘူးဟာ...ညက ထွန်းရှည်နဲ့ခိုင်အိ နင့်ကိုမနည်း မရတာ နင်မသိဘူးမလား"
"ဘယ်လို"
စန္ဒီနိုင် မျက်နှာလေးနီသွားသည်။ ဒေါသတွေထွက်ပြီး သော်တာ့ကိုစိုက်ကြည့်နေ၏။ သော်တာ့အတွက် သူမကိုစိတ်တိုအောင် စနောက်ရသည့်အချိန်သည် ပျော်စရာတစ်ခုဖြစ်သည်။ အခုလည်း ဒေါသတွေအချောင်းလိုက်ထွက်နေသော စန္ဒီ့ကိုကြည့်ရင်း ရယ်ချင်နေတာကိုထိန်းထားရသည်။
"ဝိတ်လေးဘာလေး ချဟာ..."
အပေါ်စီးကနေ လေသံပျော့ပျော့လေးနှင့်ပြောပြီးအရှေ့ကဖြတ်လျှောက်သွားလိုက်သည်။ စန္ဒီနိုင်တစ်ယောက် ဘယ်လောက်တောင် ဆွေ့ဆွေ့ခုန်နေမလဲ လှည့်ကြည့်စရာမလိုအောင် သိနေသည်မို့ အခန်းထဲဝင်သွားလိုက်သည်။
ညနေ ၅ နာရီထိုးပြီ။ သော်တာ နေ့ခင်းစားသောက်ပြီး တရေးတမောဆိုပြီးအိပ်လိုက်တာ ညနေစောင်းသွားခဲ့သည်။ အခန်းထဲကထွက်လိုက်သော် ပစ္စည်းတွေသိမ်းပြီးအသင့်စောင့်နေသော စန္ဒီနိုင့်ကိုတွေ့သည်။ စန္ဒီနိုင် ကျော်ကျော်ခိုင့်ဆီ ဖုန်းခေါ်နေတာဖြစ်သည်။
"ဟဲ့ ကျော်ကြီး နင်မလာသေးဘူးလားဟ ငါးနာရီတောင်ထိုးပြီ။"
"အေး ငါ့ဘော့စ်က နောက်နေ့ရုံးခွဲတွေပိတ်မှာစိုးပြီး အကုန်သိမ်းခိုင်းနေလို့ဟ...ဟိုကောင့်လိုက်ပို့ခိုင်းချင်ခိုင်းလိုက်နော်...ငါ နောက်ကျမလားမသိဘူး။"
စန္ဒီ စိတ်ညစ်သွားသည်။ သော်တာ့ကိုလှမ်းကြည့်တော့ ဖုန်းပွတ်နေသည်။ လိုက်ပို့ဖို့ပြောသင့် မပြောသင့် ချိန်နေသည်။ ကိုယ့်ဘက်က စကားစမပြောချင်ပေမယ့် အခုအနေအထားအရ သူ့အကူအညီလိုအပ်နေသည်ဖြစ်၍ စန္ဒီ စကားစလိုက်သည်။
အကြောင်းအရာကို သိနှင့်ပြီးသားဖြစ်သည့် သော်တာခွန်းကတော့ အေးအေးလူလူ ဖုန်းပွတ်မပြတ်ဘဲ စန္ဒီနိုင့် အခေါ်ကိုစောင့်နေလေ၏။
"ဟဲ့...သော်တာခွန်း"
လေသံက ပျော့မလိုနဲ့မာဆတ်ဆတ်မို့ မကြားချင်ယောင်ဆောင်နေလိုက်သည်။
"သော်တာ"
"ပြော"
"ဟိုကောင် ကျော်ကြီးက နောက်ကျမယ်တဲ့။"
"အဲ့တော့..."
"အဲ့တော့...ငါ့ကို နင်ပဲလိုက်ပို့ပေးပါလားလို့..."
"ဟိုကောင်က ငါ့ကိုအိမ်ပြင်မထွက်နဲ့လို့ပြောသွားတာ နင်လည်းကြားတာပဲကို..."
တမင်လုပ်နေမှန်းသိသော်လည်း စန္ဒီနိုင် စိတ်ကိုလျှော့ထားလိုက်ပြီး...
"နင်ကလည်း....ညနေစောင်းနေပြီ အခုပြန်မှဖြစ်မှာပေါ့ဟ...လုပ်ပါဟာ...ငါ့လိုက်ပို့ပါနော်...နော်...လို့"
လေသံတွေပြောင်းပြီး ချွဲသလိုလိုပါလုပ်နေ၍ သည်းမခံတော့ကာ ခေါင်းငြိမ့်လိုက်တော့သည်။
"အေးဟာ.. လိုက်ပို့မယ်...လိုက်ပို့မယ်"
ထိုအခါ သူမ ပျော်သွားပြီး ပစ္စည်းတွေသယ်လိုက်သည်။ ထိုစဥ် လမ်းထဲသို့ လော်စပီကာအသံဟိန်းထွက်လာသည်။
"-----လမ်းထဲမှာ နေထိုင်ကြတဲ့ မိဘပြည်သူများခင်ဗျား...အခုဖြစ်ပေါ်နေသည့် Covid 19 ကူးစက်ရောဂါပိုးများ နေရာအနှံ့ ပြန့်နှံ့ကူးစက်လျက်ရှိသောကြောင့် ယနေ့ညနေမှစ၍ အပြင်သို့ လုံးဝမထွက်ဘဲ မိမိအိမ်မှာပဲနေထိုင်ကြပါရန် အသိပေးလိုက်ပါတယ်ခင်ဗျား...."
ကြေညာချက်ပြီးတဲ့နောက် နှစ်ယောက်သား အူတူတူနှင့် တစ်ယောက်ကိုတစ်ယောက်ကြည့်နေမိသည်။
"စန္ဒီမ နင်ပြန်လို့ရပါ့မလား"
စန္ဒီက ချက်ချင်းပြန်ဖြေသည်။
"ဘာလို့မရရမှာလဲ...ရအောင်ပြန်ရမှာပေါ့ဟ...လာ အောက်ဆင်းမယ်။"
စန္ဒီနိုင်က အရင် ပစ္စည်းတချို့သယ်၍ဆင်းသွားသည်။ သော်တာလည်း အဆင်ပြေလောက်မှာပါဟု တွေးကာ အိမ်သော့ခတ်ဆင်းလာခဲ့သည်။ အောက်သို့ရောက်သောအခါ တံခါးရှေ့တွင် ပိတ်ထားသည့် ဖြူနီစက္ကူတန်းလေးကိုတွေ့လိုက်ရသည်။
"သော်တာ...ဒါ..ဒါဘာကြီးလဲ"
သော်တာ အကြီးအကျယ် စိတ်ညစ်သွားသည်။ သေချာတာတော့ သူတို့ ဘယ်လိုမှ အပြင်ထွက်မရတော့ပြီ။
"နင်အိမ်ပြန်လို့ မရတော့ဘူး စန္ဒီနိုင်"
"ဘာ...ဘာဖြစ်လို့လဲ...ငါ့အိမ်ငါပြန်တာလေ..ဘာလို့ပြန်လို့မရရမှာလဲ.."
စန္ဒီ့အသံကျယ်သွား၍ တိုးတိုးပြောရန် ပါးစပ်ကိုလက်ညှိုးနှင့်လှမ်းပိတ်ရသည်။
"ရှူး တိုးတိုး...တစ်တိုက်လုံးကြားသွားလို့ နင့်ကိုငါ ခိုးပြေးတယ်ထင်နေကြမယ်...အဲ့ကျမှ အကုန်လုံး ရှင်းမရဘဲ ရပ်ကွက်ရုံးရောက်ကုန်မှာဟ ဟူး..."
စန္ဒီနိုင် အကြီးအကျယ် တုန်လှုပ်သွားသည်။
"ဟာ...သွားပြီ....ငါမပြန်လို့မရဘူး ငါ... ပြန်ရမှဖြစ်မှာ...ငါ့အမေ...ငါ့အမေ နောက်အပတ်ဆို ပြန်လာမှာ သော်တာရဲ့"
"ဟာ...ဒါ..ဒါဆို...အန်တီ အခုအိမ်မှာ မရှိဘူးပေါ့"
"မရှိဘူး"
"ဟာ အဲ့ဒါကောင်းတာပေါ့.."
ထိုအခါ စန္ဒီနိုင်မှာ မျက်လုံးကြီးပြူးပြီး သော်တာ့လက်မောင်းကို ဖြန်း ခနဲရိုက်ပစ်လိုက်သည်။
"ဖြန်း"
"အား..နာတယ်ဟ..ဘာလို့ရိုက်တာတုန်း"
"ငါ့အမေ ပြန်လာလို့မှ ငါအိမ်မှာမရှိရင် ငါ့ကိုသတ်မှာပေါ့...ပြီးတော့ အခုလိုဖြစ်နေတာကို မားသား သိကြည့်ပါလား...နင်နဲ့ငါ ဘာဖြစ်သွားမလဲ ဟမ်...ငါ့အမေဒေါသကိုနင်လည်းသိရက်သားနဲ့ ..."
စန္ဒီနိုင့်အမေ ဒေါသကိုတော့ သူတခါကြုံဖူး၍ ကျောချမ်းသွားသည်။
"အာ့တော့ ဟုတ်တယ်...နင့်အမေသိရင် ငါပါအမှုပတ်မယ်..ပြီးရင် ဟိုကောင်တွေပါသိရင် အကုန်လုံးရှုပ်ကုန်လိမ့်မယ်...မဖြစ်ဘူး"
သော်တာ ကျော်ကျော်ခိုင့်ဆီ ဖုန်းဆက်သည်။
အရေးထဲ ဒီကောင်က ဖုန်းမကိုင်။ ထို့နောက် ထွန်းရှိန်ဝါကိုဆက်ကြည့်တော့ဖုန်းဝင်သွားသည်။
"ဟာ ဟျောင့် ထွန်းရှည် မင်းအခုဘယ်မှာလဲကွ"
"ငါ အိမ်ပြန်မယ်လို့ မင်းတို့ကိုပြောလိုက်တယ်လေ။"
"ဘယ်အိမ်ကိုပြန်တာတုန်း မင်းက"
"ငါ့မိဘအိမ်ပေါ့ဟ....ငါ့ဦးလေးမိသားစုက အကုန်Qဝင်ရတော့ အိမ်ကိုလာပြောရင်းနဲ့ တစ်ပတ်လောက်နေပြီးမှပြန်မှာ.."
သော်တာ သေချင်သွားသည်။
"အခုမင်းဦးလေးကြောင့် ငါတို့နှစ်ကောင် တိုင်ပတ်နေပြီ ထွန်းရှည်ရေ့"
"အမ်...ဘာလို့တုန်း..."
"ဟာ ဘာလို့ကမှာလဲ...မင်းဦးလေးကိုဗစ်ဆိုတော့ တစ်တိုက်လုံး home quarantine ဝင်နေရပြီလေ..တိုက်ရှေ့မှာလည်း စာကပ်ထားတယ်။ အနည်းဆုံးတော့ ၂ပတ်ပဲ..."
"အေးကွာ...ဒါနဲ့ စန္ဒီက ပြန်သွားပြီမလား"
"ဘယ်လိုလုပ်..."
စန္ဒီနိုင် ဖုန်းကိုဆွဲယူ၍ ချပစ်လိုက်တော့ သော်တာ စိတ်တိုသွားသည်။
"ဘာလုပ်တာလဲ"
"ငါမပြန်သေးတာ သူသိလို့မဖြစ်ဘူး။"
"ဘာဖြစ်လို့"
"သူသိရင် ခိုင်အိသိမယ်။ ခိုင်အိသိရင် ငါ့အမေသိမှာ..မဖြစ်ဘူး မဖြစ်ဘူး။"
သော်တာ ခေါင်းကို တဗျင်းဗျင်းနဲ့ ကုတ်ချပစ်လိုက်သည်။ စန္ဒီကတော့ ငိုမဲ့မဲ့နှင့် လှေကားထစ်တွင်ထိုင်ချလိုက်သည်။
ဖုန်းက အချိန်ကိုကြည့်လိုက်တော့ ညနေ ၆ နာရီ ခွဲသွားခဲ့ပြီ။ ပတ်ဝန်းကျင်ကလည်း မှောင်စပြုလာပြီဖြစ်၍ လမ်းမီးတိုင်တို့ပင် လင်းလက်နေ၏။ စန္ဒီ စိတ်ပျက်လက်ပျက်နှင့် အိတ်ကိုပိုက်ကာ ခေါင်းငုံ့ထားမိသည်။
သူငယ်ချင်းစိတ်ညစ်နေသည်ကိုသိပေမယ့် ဘယ်လိုမှ လုပ်မရ၍ သော်တာပါစိတ်ညစ်ရပါသည်။ ဒီအတိုင်းဆိုရင် နှစ်ပတ်လောက်တော့ သောင်တင်နေလိမ့်မည်ဆိုတာ သိလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူငယ်ချင်းကိုစောင့်ရှောက်ရမည့်တာဝန် သူ့မှာရှိသည်။
"ကဲ ထ သွားမယ်"
သူမ ခေါင်းကလေးမော့လာ၏။
"အပေါ်ပြန်တက်ရမှာပေါ့။ ဒီမှာ ညအိပ်မလို့လား။"
ဘုတောတောလိုက်၍ စန္ဒီနှုတ်ခမ်းဆူသွား၏။
"ဒီညအဖို့တော့ ဘာမှတွေးမနေနဲ့ စန္ဒီ...ဘာမှလည်းလုပ်မရဘူး။ ခေါင်းအေးအေးထားပြီး စဥ်းစားကြတာပေါ့ဟာ..လာပါ..."
မတတ်နိုင်သည့်အဆုံးမှာတော့ သော်တာဆွဲခေါ်သည့်အတိုင်း လိုက်ခဲ့ရတော့သည်။Hello!
ဇာတ်ရှိန်ကတော့ တဖြည်းဖြည်း မြင့်လာဖို့ပဲရှိတော့တယ်နော်။
ဖတ်ပေးတဲ့စာဖတ်သူတိုင်းကို တစ်ယောက်ပဲရှိနေပါစေ ကျေးဇူးတင်နေမှာပါ။
ကိုယ့်ကိုလည်း ဝေဖန်အကြံပြုပေးကြပါဦး။ ကြိုက်တယ်ဆို vote ပေးကြပါဦးနော်။MJ11🍀
CZYTASZ
မတော်တဆ 🤍💋❤
Romans"လည်ပင်းဖက်ပြီးပေါင်းလာတဲ့ bff အဖွဲ့လေးထဲကို တနေ့တော့ အချစ်ဆိုတဲ့ အုန်းသီးတစ်လုံး ပြုတ်ကျလာခဲ့တယ်။ အုန်းသီးတစ်လုံးဟာ မျောက်တွေအတွက်တော့..... တကယ့် 'ငစား' ပဲ။ အထူးသဖြင့် ကျွန်တော်နဲ့ သူမ အတွက် ဆိုပါတော့။" Pandemic ကာလအတွင်းကိုအခြေခံရေးထားတဲ့ Quaran...