Room 21 (Place to esape)

301 16 0
                                    

အကြင်လင်မယားအရာမြောက်သွားပြီဖြစ်သော ထွန်းရှိန်ဝါနှင့်ခိုင်အိ တို့လက်မှတ်ထိုးပွဲလေးမှာ အစအဆုံး အဆင်ပြေချောမွေ့သွားခဲ့သည်။ ပျော်ရွှင်နေသော သူငယ်ချင်းလင်မယားကိုကြည့်ရင်း သော်တာခွန်းလည်း ထပ်တူခံစားရသည်။ အခုတော့ သူတို့ဘဝလေးနှစ်ခုပေါင်းစည်းကာ ဘဝသစ်တစ်ခုထူထောင်နိုင်တော့မည်။ အမှန်တိုင်းပြောရင် ငယ်သူငယ်ချင်းအရင်းတွေအချင်းချင်း သံယောဇဉ်တွေတိုးပြီး ချစ်သူဖြစ်ကြလိမ့်မယ်လို့ သူတခါမှမတွေးထားခဲ့။ သူတို့သူငယ်ချင်းငါးယောက်ဆီသို့ အချစ်က မျက်စိလည်လမ်းမှားပြီးရောက်လာသလား။ သူတို့ကပဲ သံယောဇဉ် ကို အချစ်လို့ မှားယွင်းခေါင်းစဥ်တပ်လိုက်ကြတာလား။ သော်တာ့အတွက်တော့ ဒါဟာ သံယောဇဉ်သပ်သပ်သာဖြစ်လိမ့်မည်။
"မင်းတို့ ဘယ်ကိုဟန်းနီးမွန်းသွားကြမှာလဲ။"
ကျော်ကျော်ခိုင်မေးလိုက်သောကြောင့် အပြန်လမ်းတွင်ကားမောင်းနေသော သော်တာ့အတွေးတွေရပ်သွားသည်။
"အင်း....ရောဂါပိုး ပါးတုန်းလေး ချောင်းသာဖြစ်ဖြစ် သွားမလားလို့ကွ"
"ချောင်းသာ မဖွင့်လောက်ဘူးနော်...ပိတ်ထားတုန်းပဲထင်တယ်။"
သော်တာ့တည့်တည့်တွင်ထိုင်နေသည့်စန္ဒီကပြောသည်။
"အေးဟ...ဒါဆိုရင်တော့ ဘယ်သွားရမလဲ မသိတော့ဘူး"
အသစ်စက်စက် သတို့သားကြီးခေါင်းကုတ်လိုက်သည်။
ထိုစဉ် ဖုန်းဝင်လာ၍ ထွန်းရှိန်ဝါ ကိုင်လိုက်သည်။
"ဟဲလို..."
"အေး ဟဲလို ဒကာကြီး ထွန်းရှည်လား"
"တင်ပါ့ဘုရား....ဆရာတော် နေကောင်းသွားပြီလား "
"အေးကွဲ့...တော်တော်ပြန်ကောင်းနေပါပြီ။ မော်တင်စွန်းမှာရှိတဲ့ ငါ့အသိကျောင်းမှာ တည်းပြီး သေချာကုလိုက်မှပဲ ထူထူထောင်ထောင်ပြန်ဖြစ်လာတာဟေ့"
"ကြားရတာ ဝမ်းသာပါတယ် ဘုရား"
"ဒါနဲ့ မင်းတောင် မိန်းမ ရပြီဆိုကွ..."
ထွန်းရှိန်ဝါ မျက်နှာကြီးနွေးသွားပြီး
"ဟုတ်တယ် ဘုရာ့...အခုပဲ တရားရုံးမှာလက်မှတ်ထိုးပြီးလို့ ပြန်လာနေတာ ဟီး"
ထွန်းရှိန်ဝါ ပြုံးတော့ခိုင်အိပါလိုက်ပြုံးမိသည်။
"အေးကွာ ဒီလင်ဒီမယား အိုအောင်မင်းအောင်ပေါင်းရပါစေ။ ဒါနဲ့ ဘုန်းဘုန်း တစ်ခုပြောမလို့...အခု ငါတည်းနေတဲ့ကျောင်းလေးအတွက် လိုအပ်တာလေးတွေ လှူခဲ့ချင်လို့ အဲ့ဒါ မင်းရန်ကုန်ကနေ ပစ္စည်းဝယ်ပြီးပို့ပေးလို့ရမလား"
ထွန်းရှိန်ဝါ ခဏ တွေဝေသွားသည်။
"နယ်ဂိတ်တွေမပိတ်ထားရင်တော့ အဆင်ပြေပါတယ်ဘုရာ့...ဒါနဲ့ အဲ့မှာ ရောဂါပိုး ကင်းပါတယ်နော်"
"အမလေး...ဘာပိုးမှမရှိဘူး ဒီမှာ ပင်လယ်လေ တဝရှူ ဘုရားလည်းဖူးစမ်း...မင်းတို့မြို့ပေါ်လို မဟုတ်ဘူး..ဒီကလူတွေ ဘာဆိုဘာမှကိုမဖြစ်ကြတာ..."
"ဟုတ်လား"
ထွန်းရှိန်ဝါ အကြံရသွားသည်။
"ရန်ကုန်ကနေ အဲ့ကို လာလို့ဖြစ်ပါ့မလား"
တဖက်က ဘုန်းကြီးက အနည်းငယ်စိတ်မရှည်သောအသံဖြင့်ပြောသည်။
"အော်..ဘာမှမဖြစ်ပါဘူးဆိုနေ...မနေ့ကပဲ ငါ့ကပ္ပိယ ရန်ကုန်ကနေလာတာ အကုန်အဆင်ပြေတယ်။"
ထိုအခါ ထွန်းရှိန်ဝါတစ်ယောက် အကြံပိုင်သောမျက်နှာဖြင့်ပြုံးလိုက်သည်။
"ဒါဆိုလည်း တပည့်တော်တို့လင်မယား အဲ့ကိုလာခဲ့ပါ့မယ်ဘုရား..."
"အေးအေး....မင်းတို့နှစ်ယောက်ပဲလား"
တကယ်တော့ အသစ်ချက်ချွတ် ပျားရည်စမ်းခရီးလေးကိုနှစ်ယောက်ထဲပဲသွားချင်ပါသည်။ သို့ပေမယ့် အိမ်ထဲမှာပင် လပေါင်းများစွာနေလာသော သူငယ်ချင်းများကိုလည်း အခွင့်သာတုန်းလေး အပြင်ထွက်စေချင်သည်။ ထွန်းရှိန်ဝါ မေးလိုက်ဖို့ဆုံးဖြတ်လိုက်သည်။
"ဟျောင့်တွေ"
"အေး"
"ငါတို့ ဟန်းနီးမွန်းထွက်မလို့...မင်းတို့ရော လိုက်မလား"
ထွန်းရှိန်ဝါခေါ်သော်လည်း ဟန်းနီးမွန်းခရီးဖြစ်နေ၍ သုံးယောက်လုံး ဘာမှမပြောကြ။ တကယ်တော့ ဘယ်လမ်းဘယ်ခရီးမှမထွက်ရသည်မှာ အတော်ကြာနေပြီမို့ ရွပိုးထိုးအောင် လိုက်ချင်ပါသည်။ သို့ပေမယ့် လိုက်ရှုပ်သလိုဖြစ်မှာလည်းစိုးရသည်။
ငယ်စဉ်ကတည်းက သွားအတူ လာအတူများမို့ လိုက်ချင်မှာကို ထွန်းရှိန်ဝါ သိသည်။ မျက်နှာတွေကြည့်လိုက်တော့ ဟန်မဆောင်တတ်သည့် စန္ဒီ့နိုင်ဆီကအသံထွက်လာသည်။
"ဘယ်ကိုလဲ"
"မော်တင်စွန်း"
"နင်မရောက်ဖူးဘူးမလား စန္ဒီ"
ခိုင်အိမေးတော့မှ စန္ဒီနိုင်ပြန်စဥ်းစားမိသည်။
"အင်း....ရောက်တော့မရောက်ဖူးဘူး"
"ဟဲ့ သော်တာနဲ့ ကျော်ကြီး...နင်တို့ရော"
"ငါငယ်ငယ်က တခါလားပဲရောက်ဖူးတာ..ခိုင်အိတို့မိသားစုနဲ့"
သော်တာကတော့ ပြန်မပြောဘဲကားသာမောင်းနေသည်။
"ဟာ ဒါဆိုအတော်ပဲ...နင်တို့ပါလိုက်ခဲ့ကြလေ...ငါတို့အတူတူသွားကြတာပေါ့..."
ခိုင်အိက အားတက်သရော ခေါ်နေသော်လည်း စန္ဒီ့မှာ ဖြေရခက်ပြန်၏။ သူငယ်ချင်းဘဝထဲက ကိုယ်တွေသုံးယောက်မှာ အမြဲ ကန့်လန့်ကန့်လန့် ပါနေကြ၍ သမီးရည်းစားသာဆိုတယ် နှစ်ယောက်ထဲ date ရတယ်ဆိုတာ လက်ချိုးရေ၍ရသည်။ အခု ညားကြပြန်တော့လည်း နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ် ကြည်နူးရမယ့် ဟန်းနီးမွန်း တော့မလိုက်သင့်တော့ဘူးမလား။
"မင်းတို့ဘာသာ မင်းတို့သွားကြစမ်းပါကွာ...ငါတော့မလိုက်ဘူး"
သော်တာခွန်းက ကားမောင်းရင်းပြောသည်။ သော်တာ့ကြောင့် မငြင်းချင်သော စန္ဒီနိုင် ကိစ္စပြတ်သွားတော့သည်။
"စန္ဒီကရော...လိုက်မယ်မလားဟင်..."
သူမလက်မောင်းလေးကိုခိုရင်းပြောလာသော ခိုင်အိကိုကြည့်ပြီး ဘာပြောရမှန်းမသိတာဖြစ်သွားသည်။ တကယ်တော့ အပြင်မထွက်ရတာကြာပြီမို့ လိုက်ချင်ပါသည်။ သို့ပေမယ့်....
"ငါလည်း....သူတို့မပါရင်တော့ မလိုက်တော့ဘူးလေ"
"ဟာ...စန္ဒီကလည်း....ငါတို့ခရီးအတူမသွားရတာကြာပြီလေဟာ...အခု အခွင့်အရေးရတုန်းလေးသွားမှာကို...မရဘူး လိုက်ခဲ့"
ခိုင်ကအတင်းခေါ်၍ အားနာရသည်။ တကယ်တော့ သိပ်အားနာဖို့မလိုပေမယ့် အရိပ်အကဲတော့သိရမယ်မဟုတ်လား။
"ငါလိုက်တော့ ငါတစ်ယောက်ထဲအိပ်ရမှာပေါ့ဟ...နင်ကနင့်ယောကျာ်းနဲ့ တစ်ခန်းအတူနေမှာ...ငါတစ်ယောက်ထဲ ဘက်ပဲ့နေမယ် တော် တော်...ကွကိုယ်သွားတော့"
"နင်ကလည်း....နင်တစ်ယောက်ထဲမအိပ်ချင်ရင် သော်တာ့ကိုပါခေါ်လိုက်မယ်လေ..နော်"
"ဘာ!"
နှစ်ယောက်လုံးထအော်ကြ၍ ကျန်တဲ့သူတွေလန့်ကုန်သည်။ စန္ဒီက မျက်နှာလေးရဲသွားကာ
"ဟဲ့...နင် ဘာတွေလျှောက်ပြောနေတာလဲ။ ငါကဘာကိစ္စ အဲ့ကောင်နဲ့တစ်ခန်းထဲနေရမှာလဲလို့"
သော်တာက ချောင်းဟန့်လိုက်ပြီး....
"ခိုင်အိရာ နင်ကလေးလိုဂျီကျမနေနဲ့...အခုက နင်တို့က ဟန်းနီးမွန်းသွားကြမှာနော်...ဘေးလူမခေါ်တာအကောင်းဆုံးပဲ"
ထိုအခါ ထွန်းရှည်ကဝင်ပြောသည်။
"ဟျောင့် မင်းတို့က ဘေးလူလား ပြော...ငါတို့ ငယ်ငယ်ထဲက ဘယ်သွားသွား အုပ်လိုက်ကြီး သွားနေတာ အခုက ဟန်းနီးမွန်းဆိုပေမယ့် ငါတို့နှစ်ယောက်ထဲဆို ဘယ်လိုလုပ်ပျော်မလဲကွ...မင်းက ငါတို့ဒီလောက်ခေါ်တာတောင် မလိုက်ဘူးလား...ဘာလဲ...မင်းကောင်မလေးရနေပြီလား"
ထွန်းရှည်စကားကြောင့် သော်တာမျက်မှောင်ကြုံ့သွားသည်။ စန္ဒီကတော့ ပြတင်းပေါက်ကိုသာငေးနေ၏။
"မဟုတ်ပါဘူးကွာ...ကဲ ငါမပြောတော့ဘူးဟေ့...ကြိုက်သလိုသာလုပ်"
နောက်ဆုံးတော့ သော်တာလက်မြှောက်သွားသည်။ခိုင်အိက စန္ဒီဘက်လှည့်ကာမေးပြန်သည်။
"စန္ဒီ....နင်လိုက်မယ်မလားဟင်...ကိုကျော်ရော...လိုက်မယ်မလား"
ကျော်ကြီးကပြန်ဖြေသည်။
"ငါက လိုက်လို့ရပါတယ်။ စန္ဒီကရော..."
"နင်လိုက်ရင်ငါလည်းလိုက်မယ်လေ"
ခိုင်အိပျော်သွားသည်။
"ရက်စ်! ဒါဆို သော်တာ့ခေါ်စရာမလိုတော့ဘူး..လေးယောက်ထဲသွားလို့ရတယ်"
ခိုင်အိပျော်နေတာကိုကြည့်ပြီး ထွန်းရှည်နဲ့စန္ဒီတို့ သဘောကျနေကြသည်။
"ဒါနဲ့ ဟိုတယ်မှာ အခန်းယူရင် ဘယ်လိုယူမှာလဲ။ ငါနဲ့ စန္ဒီက တစ်ခန်းယူရမှာလား..ငါကတော့ မနေဘူးနော် တစ်ယောက်တစ်ခန်းနေမယ်"
ကျော်ကြီးကပြတ်သားစွာပြောသည်။
"နေဦးဟ...ဟိုမှာ တစ်ယောက်တစ်ခန်းဖြစ်မလား နှစ်ယောက်တစ်ခန်းဖြစ်မလားမသိသေးဘူး။ အဲ့ဒါတွေဖုန်းဆက်သေချာမေးရမယ်။ တကယ်လို့ နှစ်ယောက်အိပ်ပဲရမယ်ဆို ငါနဲ့ကျော်ကြီးနဲ့ နေပါ့မယ်"
"ဟာ အဲ့လိုကတော့ ဘယ်ဖြစ်မလဲကွ...ယောက်ဖက ငါ့ညီမနဲ့တစ်ခန်းနေရမှာပေါ့"
"ဟုတ်သားပဲ နင်ကလည်း...ငါတို့ကိုမပူနဲ့...ငါနဲ့​​ ကျော်ကြီးနဲ့ အဆင်ပြေတယ် နေတတ်တယ် ဘာမှမဖြစ်ဘူး...တစ်ခန်းထဲနေလည်း..."
သော်တာ စန္ဒီ့စကားကို လန့်သွားမိသည်။
'ဒီကောင်မလေး စကားကို ဘယ်လိုတွေတောင်ပြောလိုက်တာလဲ။ ငါနဲ့တစ်ခန်းထဲနေမယ်ဆိုတော့ ဖြစ်ပျက်နေလိုက်တာ ကျော်ကြီးနဲ့ကျ ကိစ္စမရှိဘူးတဲ့။ နေပါဦး တကယ်ဆို ငါနဲ့က လက်ရှိ တစ်အိမ်ထဲအတူနေနေတာလေ...ငါနဲ့ကပိုအဆင်ပြေရမှာကို ဘာလို့ကျော်ကြီးနဲ့ကအဆင်ပြေတာလဲ'
စန္ဒီ့ကိုကားနောက်မှန်ထဲကနေ သော်တာတချက်လှမ်းကြည့်လိုက်သည်။ စန္ဒီနိုင်ကတော့ ခရီးသွားရမည်ဆို၍ ပြုံးပျော်နေသော်လည်း သော်တာခွန်းကတော့ စိတ်ထဲ ဘဝင်မကျနိုင်ဖြစ်ရသည်။ ကျော်ကြီးကိုကြည့်တော့လည်း စန္ဒီ့အပေါ် သူငယ်ချင်း လို ညီမရင်းလို ဆက်ဆံတာကလွဲရင် ပိုသာလေးကဲတာမျိုးတခါမှမတွေ့ဖူးပေ။ သို့ပေမယ့် ဘယ်လိုပဲရိုးသားနေပါစေ။ တစ်ခန်းထဲအတူတည်းဖို့ကတော့ အဆင်မပြေနိုင်တာသေချာသည်။ ပြီးတော့ စန္ဒီ့ အကြောင်းကိုသူကပိုသိသည်မဟုတ်ပါလား။ ဒီိတိုင်းဆို ဒီလိုငြိမ်နေလို့မဖြစ်ဘူး။
"ငါနဲ့ကျော်ကြီး တစ်ခန်းနေမယ်လေ...သူ့ကို တစ်ယောက်ထဲနေပစေပေါ့...ရတယ်မလား အဲ့လို"
သူဝင်ပြောတော့ ခိုင်အိတို့ ကြောင်တောင်တောင်ဖြစ်သွားသည်။
"ဟဲ့ ပြောတော့မလိုက်ဘူးဆို"
ခိုင်အိမေးတော့ သူက ခပ်တည်တည်ပဲကားမောင်းရင်းဖြေပြန်သည်။
"တဖွဲ့လုံးခရီးသွားမှာကို..ငါမပါလို့ မဖြစ်ဘူးလေ..မဟုတ်ဘူးလား"
"မဟုတ်ပါဘူး"
"ဘာ"
"အရင်ကလည်း နင်က နင်လိုက်လိုက် မလိုက်လိုက်နဲ့ စိတ်က မျောက်လို ခဏခဏပြောင်းနေတာလေ"
သော်တာ စန္ဒီ့ကို ဒေါသထွက်သွားကာ အနောက်ကိုတခြမ်းစောင်း၍ ပြန်ပြောလိုက်သည်။
"နောက်ဆုံး ငါမလိုက်ဘဲနေလို့လား ပြော"
"နင်လိုက်တာ မလိုက်တာ မပြောဘူး။ နင်ကဘယ်တော့မှ အသာတကြည်ခေါ်မရ ညှိမရဘူး...နောက်မှ အကုန်လုံးသွားမယ်ဆိုတော့မှ ကပ်ပြီးပြောတာလေ...ဘာလဲ ငါပြောတာမှားလို့လား"
"မင်း.."
စန္ဒီနဲ့သော်တာ အခြေအနေမဟန်တော့သဖြင့် ကျော်ကြီးကြားကဝင်ပါရပြန်သည်။
"ကဲပါ တော်ကြတော့ နှစ်ကောင်လုံး...သော်တာ ရော စန္ဒီရော...အကုန်လိုက်ရမယ် ဒါပဲ ဟျောင့်တွေ"
"......." "ဟွန့်..."
တခုခုဆို နောက်ဆုံးဆုံးဖြတ်ချက်သည် အကြီးဆုံးဖြစ်သည့် ကျော်ကျော်ခိုင်ကပဲ ချပေးတတ်သည်။ လေးယောက်လုံးကို အစ်ကိုကြီးလိုရော ရွယ်တူလိုပါ ပေါင်းပေး ပေါပေးသော်လည်း သူငယ်ချင်းအချင်းချင်း စကားများရန်ဖြစ်တာကို ကျော်ကျော်ခိုင် မကြိုက်ပါ။ နောက်တော့ သူတို့အားလုံး ကျော်ကျော်ခိုင့်စကားကို နားထောင်ဖြစ်ကြတာများသည်။
ထို့နောက် ကားပေါ်မှာ ခရီးစဉ်အတွက် plan ဆွဲရင်းသူတို့အိမ်ပြန်ရောက်ခဲ့ကြသည်။
x
"ဟဲလို ယောက်ဖ မလာသေးဘူးလားဟ"
"........"
"အော် အေးပါကွာ...ဟိုနှစ်ကောင်လည်း မလာကြသေးဘူး...ဒီမှာငါတို့လင်မယားက ရယ်ဒီဖြစ်နေပြီကွ"
ထွန်းရှိန်ဝါ ယောက်ဖဖြစ်သူကျော်ကျော်ခိုင့်ကိုဖုန်းဆက်ပြီး ပွားနေသည်။ မနက်စောစောသွားရမည်ဖြစ်၍ မနက်၅ နာရီကတည်းက တက်ကြွနေသည့် ခိုင်အိကြောင့် အစောကြီးထကာပြင်ဆင်ခဲ့ရသည်။ ၆ နာရီ ဆုံရန်ချိန်းထားပေမယ့် ယခုပင် ထိုးရန် ၁၀မိနစ်သာ လိုတော့သည်။ ဘယ်သူမှ ဖုန်းတချက်မဆက်ကြသေး၍ ထွန်းရှိန်ဝါ ဒေါပွလာတော့သည်။
တအောင့်ကြာတော့ ယောက်ဖ ကျော်ကျော်ခိုင်ရောက်လာသည်။
"ငါ့ကားနဲ့မဆန့်ဘူးနော် ယောက်ဖ"
"သိတယ်လေ...ငါ့ကားနဲ့သွားမှဖြစ်မှာ..၆ယောက်ဖြစ်သွားလို့"
"ဟင်!...နောက်တစ်ယောက်က ဘယ်သူတုန်းဟ"
ထိုအခါ ထွန်းရှိန်ဝါ သဘောကျ၍ ပြုံးလိုက်သည်။
"ယောက်ဖ သဘောကျမှာပါကွာ"
ကျော်ကျော်ခိုင် မျက်ခုံးတစ်ဖက်တွန့်၍ ပြုံးလိုက်မိသည်။
xxx

မတော်တဆ 🤍💋❤Where stories live. Discover now