Room 22 (Queen of the night 1)

343 24 0
                                    

"တီ တီ"
အိမ်ရှေ့ထွက်ကြည့်တော့ သူတို့အောက်မှာရောက်နေကြပြီ။ အခန်းထဲမှာ ပြန်နှပ်နေသော သော်တာခွန်းကို ခေါ်နှိုးဖို့သူမ အခန်းထဲဝင်လာခဲ့သည်။
"ဟောတော်...လုံးဝကိုအိပ်နေတာပဲ...ခရီးသွားပါမယ်ဆိုမှ ဒုက္ခပဲ"
တကယ်တော့ သူမအခန်းထဲဝင်လာကတည်းက သော်တာနိုးနေပြီဖြစ်သည်။ သူ့ကို ဘာတွေပွစိပွစိလုပ်ပြီး ဘာလုပ်မလဲသိချင်၍သာ အိပ်ချင်ယောင်ဆောင်နေတာဖြစ်သည်။
သူမက သူ့နံဘေးတွင်ထိုင်ချကာ နဖူးကိုအသာစမ်းနေ၏။ အေးမြပြီးရှင်းသန့်သော ရနံ့တမျိုးသည် သူမလက်ဖဝါးဆီတွင်ကပ်ပါလာသည်။
"အင်း...ဖျားတော့မဖျားဘူး...ရပြီ"
'စန္ဒီနိုင်က...ငါ့ကိုဖျားနေတယ်လို့ထင်နေတာလား'သူ့စိတ်ထဲက မေးနေစဥ်...
"သော်တာခွန်း...သော်တာခွန်း...ထတော့လေ..လာခေါ်နေပြီဟ"
သူ့လက်မောင်းကို အသာလှုပ်၍ တိုးတိုးလေးခေါ်နှိုးနေသည်မှာ သော်တာခွန်းတွေးထားသည်၏ဆန့်ကျင်ဘက်ဖြစ်နေသည်။ ထပ်သိချင်တာတွေရှိပေမယ့် အောက်ကအဖွဲ့တွေမှာ ဖုန်းပါဆက်နေသောကြောင့် ဒီတိုင်းထလာလိုက်တော့သည်။
ကားနောက်ထဲသို့ အထုပ်တွေတင်ပြီးနောက် ကျော်ကျော်ခိုင်က ကားမောင်းရန်ပြင်သည်။
"ဟဲ့ ကျော်ကြီး...နေဦး...တစ်ယောက်ကျန်သေးတယ်လေ"
စန္ဒီနိုင့်စကားကြောင့် ကျော်ကျော်ခိုင် ထိုတစ်ယောက်ကို ရိပ်မိသလိုလိုရှိလာသည်။ မဟုတ်မှလွဲရော.....
'ဟော....'
မဟုတ်မှသာလွဲချင်လွဲမည်။ ကျော်ကြီးထင်သလို မျှော်လင့်နေသလို သူမသည် အထုပ်လေးဆွဲ၍ သူ့ဆီပြေးလာနေသည်ကို စိတ်လှုပ်ရှားစွာ တွေ့လိုက်ရပေသည်။
"မ...."
ချက်ချင်းဆိုသလို သူမဆီရောက်သွားကာ လက်ထဲက luggage ကိုဆက်ခနဲ ဆွဲလိုက်သည်။
"အယ်" "နွားရီး..."
အနောက်ကနေထွက်လာသည့် အသံပိစိများကို လစ်လျူရှုကာ သွားကိုဖြဲ၍ ခင်နှင်းဆီအထုပ်ကိုဆွဲကာ ကားထဲထည့်လိုက်သည်။
"နောက်တစ်ယောက်လိုက်မယ်ဆိုတာ မ ဖြစ်ရင်သိပ်ကောင်းမှာပဲလို့ ကျော်တွေးနေတာဗျ...တကယ်ကြီး မ ဖြစ်နေတယ်နော်...ဝမ်းသာလိုက်တာ မရာ ဟီးးး"
နှင်းဆီမလေးကတော့ ကျော်ကြီးတို့ကိုအားလည်းနာ မျက်နှာလည်းပူနေလေ၏။ စန္ဒီက အဖြီးလွန်နေသော ကျော်ကြီးနားသို့ ကပ်ကာ ခင်နှင်းဆီ မကြားအောင်ပြောလိုက်သည်။
"ဟဲ့ ဟိုက ငါတို့နဲ့ခရီးအတူထွက်ရအောင်လိုက်လာတာနော် ကျော်ကြီး...နင်နဲ့ခိုးရာလိုက်ဖို့လာတာမဟုတ်ဘူး...မျက်နှာပိုးသတ်စမ်း"
စန္ဒီ့စကားကြောင့် ကျော်ကြီး အိုဗာဖြစ်နေသည်ကိုသတိရကာ လည်ချောင်းရှင်း၍ ကားထဲဝင်ထိုင်နေလိုက်သည်။ ထို့နောက် သော်တာခွန်းဘက်ကိုလှည့်၍ ပြုံးပြုံးကြီး ပြောသည်။
"သားရီး...မင်းအရင်မောင်းလိုက်နော်"
ဟိုကလည်း ပြန်ပြောပါသည်။
"ငိုးမ"
x
ကားပေါ်တွင် ထွန်းရှိန်ဝါနှင့်ခိုင်အိတို့ကအလယ်တန်းတွင်ထိုင်ကြသည်။ အရှေ့တွင် စန္ဒီနှင့် ခင်နှင်းဆီက သော်တာနှင့်ကျော်ကျော်ခိုင်တို့ကိုစကားစမြည်ပြောနေကြသည်။ တကယ်တော့ စန္ဒီနိုင်က သိပ်မပြောဘဲ ကျော်ကျော်ခိုင်ကသာ ခင်နှင်းဆီနှင့် လေကြောင်းသင့်နေခြင်းဖြစ်သည်။
ခင်နှင်းဆီက စာဖတ်သည်ကို စန္ဒီနိုင့်ဆီက သိထားပြီးကတည်းက ကျော်ကျော်ခိုင်တစ်ယောက် ကဗျာတွေစာတွေ လိုက်စုဖတ်ဖြစ်နေသည်။ အရင်တုန်းက စာဖတ်တယ်ဆိုတာ ပေါ်ပင်လောက်ပေနဲ့ တကယ်စာဖတ်သူ ခင်နှင်းဆီနှင့်ယှဥ်ပြောသည့်အခါ ကျော်ကျော်ခိုင် အနည်းငယ် ဖြုံသွားရသည်။ သူမနှင့် လိုင်းပေါ်တွင် တခါတလေ စကားပြောခွင့်ရတဲ့အခါလည်း ခင်နှင်းဆီကို စာအုပ်အညွှန်းတောင်းပြီး စကားပြောရအောင် ဂွင်ဖန်တတ်ရသည်မဟုတ်ပါလား။
ခရီးတလျှောက်တွင် ကျော်ကျော်ခိုင်သည် ကားခေါင်းတွင်ထိုင်နေသော်လည်း အနောက်ကိုကိုယ်တခြမ်းလှည့်၍ ပေါက်ပေါက်ဖောက်တာပဲရှိသည်။ ထို့ကြောင့် သော်တာ့အနောက်က ထိုင်ခုံတွင်ထိုင်နေသော စန္ဒီကပဲ ကားကြည့်ပေးရ၏။
"ရှေ့မှာ ဆိုင်ကယ်ရှိတယ်နော်...မကျော်နဲ့ မကျော်နဲ့"
"..............."
တစ်ယောက်ထဲဗျာများနေသည့် သူမ၏ခေါင်းသည် သူ့မျက်နှာနားသို့တဖြည်းဖြည်းတိုးလာကာ ထိုင်ခုံကိုပါကိုင်ထားပြီး တတွတ်တွတ်နှင့်ပြောနေခြင်းဖြစ်သည်။
"သော်တာ ဒါပြီးရင် ရှင်းပြီနော် ကျော်လို့ရတယ် ကျော်တော့...."
ကားမောင်းနေတဲ့ဘေးနားကနေ မော်တော်ပီကယ်လုပ်နေသော သူမကို ကြာလာတော့နားတွေညီးလာသည်။
"စန္ဒီမ ငါ့မျက်လုံးတွေမကန်းသေးဘူးဟ...အရှေ့မှာ ဘာရှိလဲငါအကုန်မြင်ရတယ် နော်..."
"နင်မြင်တာတော့ပြောမှာလား...ကားမောင်းရင် ဘယ်ညာအကုန်ကြည့်မောင်းမှ ဘေးကင်းမှာလေ။ နင်ကရှေ့ကိုပဲ မဲပြီးမောင်းနေတော့ သတိလွတ်သွားမှာစိုးလို့ကြည့်ပေးနေတာဟဲ့...စေတနာနဲ့လည်း ကြည့်ပေးရသေးတယ်...ပြောတဲ့စကားက...ဟွန်း"
"နင်စေတနာနဲ့ကြည့်ပေးတာ ငါသိပါတယ်...ဒါမယ့် နင့်ဟာက ပြောရင်းပြောရင်း တဖြည်းဖြည်းနဲ့ အရှေ့ရောက်တော့မယ်...ပြီးတော့လည်း အဖွားကြီးလို ပွစိပွစိနဲ့ ပွားနေတာ ကြာတော့ငါ့နားမခံနိုင်တော့ဘူးဟ...အဲ့တော့ နင်ငါ့ကိုမကြည့်ပေးနဲ့တော့..နော်...ငါ့ဟာငါအေးဆေးကားမောင်းနေပါရစေ။"
စန္ဒီ အနောက်ကနေ သူ့ကိုကျိန်ဆဲနေတော့သည်။ ထို့နောက် ကားနောက်ဆုံးတန်းသို့ ပြောင်းထိုင်ရန်ထသည်။ ခင်နှင်းဆီက စန္ဒီထသွားသည်ကိုမြင်တော့ လှမ်းခေါ်သေးသည်။
"အယ်.....စန္ဒီ ညီမ...ဘယ်ကိုသွားမလို့လဲ။ ဒီမှာ အစ်မနဲ့ လာထိုင်လေလို့"
"ညီမ ပြတင်းပေါက်ဘက်ပဲထိုင်တတ်လို့...နောက်ဆုံးတန်းသွားမလို့"
စန္ဒီ့အသံက စိတ်ဆိုးနေတာသိသာ၍ ခင်နှင်းဆီပြုံးကာ ချော့ခေါ်သည်။
"အော် ဒါများ ညီမရယ် အစ်မ ဖယ်ပေးမှာပေါ့လို့...နောက်ဆုံးတန်းမှာမထိုင်နဲ့ အရမ်းခုန်တယ် လာ အစ်မနဲ့အတူလာထိုင်နော်"
ခင်နှင်းဆီ ခေါ်သော်လည်း သူမ တစ်ယောက်ထဲအေးဆေးနေချင်သောကြောင့် ခေါင်းခါလိုက်သည်။
"ရတယ် အစ်မ ထိုင်ပါ ကိုယ့်ဟာကိုယ်...ညီမ သီချင်းနားထောင်ရင်းအိပ်ချင်အိပ်မှာမို့ပါ"
"အင်းအင်း"
ကားနောက်တန်းမရောက်ခင်မှာတင် ကားခုန်နေ၍ ဖြည်းဖြည်းချင်းသွားရသေးသည်။ ထွန်းရှိန်ဝါနှင့်ခိုင်အိတို့ကမူ နှစ်ယောက်သား တစ်ယောက်ခေါင်းကိုတစ်ယောက်ကမှီကာ အိပ်ပျော်နေကြသည်။ စန္ဒီလည်း ကားနောက်ဆုံးတန်း ထောင့်စွန်းလေးကိုမှီကာ နားကြပ်တပ်လိုက်ပြီး ရှုခင်းတွေကိုငေးမိတော့သည်။
နာရီအနည်းငယ်မောင်းနှင်ပြီးနောက် ခရီးတထောက်နားကြသည်။ သော်တာခွန်းက အားလုံးကိုကားပေါ်ကဆင်းဖို့ပြောလိုက်ပြီး အကုန်လုံးဆင်းကြသည်။ စန္ဒီနိုင့်ကိုမတွေ့သောကြောင့် ခိုင်အိကို မေးသည်။
"ခိုင်အိ...ဟိုတစ်ယောက်ရော"
"ဘယ်တစ်ယောက်လဲ"
"ဟာ စန္ဒီနိုင်လေ...ဆင်းမလာဘူးလား"
ခိုင်အိက ကားထဲကိုလက်ညှိုးထိုးပြကာ..
"မဆင်းတော့ဘူးတဲ့...ခေါင်းမူးလို့ဆိုပြီးအိပ်နေတယ်"
သော်တာသက်ပြင်းချသည်။ တကယ်ခေါင်းမူးတာမဟုတ်မှန်းသိ၍ဖြစ်သည်။ စန္ဒီ့တွင် အကျင့်တစ်ခုရှိသည်။ သူ့ကိုဆူလိုက်တာ သို့ သူ့ကိုမလိုအပ်သည့်အခါမျိုးတွင် မျက်စိရှေ့ကနေ အရှင်းပျောက်အောင်ရှောင်ပြေးတတ်သည်။ အခုလည်း အပြစ်ပြောသလိုဖြစ်သွားသောကြောင့် သော်တာခွန်းကိုမမြင်ချင်၍တမင် ရှောင်တာဖြစ်သည်။
ကျော်ကျော်ခိုင် သော်တာ့ဆီကိုလျှောက်လာလိုက်သည်။
"ကဲ ဟျောင့်...မင်းလုပ်တာ မင်းသွားခေါ်"
"ငါဘာလုပ်လို့လဲ။ ငါနားညီးတာမကြိုက်တာမင်းတို့လည်းသိတာကို"
သော်တာ မျက်မှောင်ကြီးကြုံ့၍ပြောသည်။
"မင်းတို့နှစ်ကောင်ကလေ....ဟိုးအရင်ထဲက အဲ့အတိုင်းပဲ...ထားပါတော့..အခုတော့ မင်းပဲသွားချော့လိုက်ပါကွာ...မင်းချော့ခေါ်ရင်လိုက်လာမှာ"
သော်တာ စိတ်ကိုလျှော့လိုက်သည်။ မနက်အစောကြီး ထလာရ၍ သူရောစန္ဒီရော ဘာမှမစားရသေးပါ။ အမြဲတမ်း ပါးစပ်ထဲ တစ်ခုခုဝါးနေတတ်သည့်သူမ အခုလောက်ဆို ဗိုက်ထဲမှာ စစ်ဖြစ်နေလောက်ပြီဖြစ်သည်။ သော်တာခွန်း ကားတံခါးဖွင့်ကာသူမဆီကိုလျှောက်လာလိုက်သည်။
သူမက နားကြပ်တပ်ပြီး မျက်လုံးတွေကိုမှိတ်ထားသည်။
"နင်အောက်မဆင်းတော့ဘူးလား"
".............."
"ဒီဆိုင်က လက်ဖက်ရည်ကောင်းတယ်နော်။"
".............."
သော်တာ အကျယ်ကြီးထအော်လိုက်ချင်သည်။ အိပ်ချင်ယောင်ဆောင်သောသူနှိုးရခက်တယ်ဆိုတာ တကယ်မှန်၏။
"စန္ဒီမ ....အိပ်တာလည်းမဟုတ်ဘူး...ထဟာ...အောက်ဆင်း အစာလေးဘာလေးစား"
"နားညီးတယ်...နင့်ဟာနင် သွားစား"
သူ့ကိုရွဲ့ပြောလိုက်၍ အတည်ပေါက် ထထွက်သွားချင်တော့သည်။ သို့ပေမယ့် အဲ့ဒီလိုလုပ်လို့ကမဖြစ်ပြန်။
"နင်မနက်က ဘာမှစားထားတာမဟုတ်ဘူးလေ။ အခုကားနားတုန်း စားထားမှရမှာပေါ့။ဆိုင်တွေကအရင်လိုဖွင့်တာမဟုတ်ဘူး။ တလမ်းလုံး ဖွင့်တဲ့ဆိုင် မနည်းလိုက်ရှာရတာ...နောက်မှ ဗိုက်ဆာတယ်မအော်နဲ့နော်။"
သူမ မျက်လုံးတွေပွင့်လာပြီး နားကြပ်ကိုဆွဲဖြုတ်လိုက်ကာ သူ့ကို စိုက်ကြည့်လိုက်သည်။
"ဟ မစားပါဘူးဆိုတာကို...ဘာတွေလာပွမ်နေတာလဲ။ နင်ပဲငါ့ကို နားညီးတယ်ဆို အခုနားညီးဖို့ကောင်းတာ ငါမဟုတ်ဘူး..နင်...ငါ့ဟာငါ မစားချင်လို့မစားတာကို ဘာလို့နင်က လာနားညီးနေရတာလဲ"
"အေး နားညီးတာမဟုတ်ဘူး...ခဏနေရင်နင်ငါ့ကို အရွဲ့တိုက်တော့မယ်မဟုတ်လား...ငါ့ကို ဆက်တိုက် ရွဲ့နေတော့မှာကြိုသိလို့ အာရုံနောက်လို့ လာပြောနေတာ ရှင်းပြီလား"
ရေခဲပြင်လို အေးစက်မာကျောသည့် စကားများကို ကြားလိုက်ရသောအခါ သူမ သူ့ကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေမိသည်။ သို့ပေမယ့် တဖြည်းဖြည်း အားဖျော့လာသော စန္ဒီနိုင်၏ မျက်ဝန်းတို့သည် သော်တာခွန်းကိုဆက်မကြည့်နိုင်တော့ဘဲ မျက်လွှာချလိုက်ရသည်။
ကြားဖူးနေကျ စကားတွေဆိုပေမယ့်လည်း...ဒီတစ်ကြိမ်မှာတော့ စန္ဒီနိုင် အရင်လို တုံ့ပြန်မှုမျိုးကို ထပ်ပေးပြီး မနာကျင်ချင်တော့။ အရင်စိတ်နဲ့ဆို ပက်ခနဲ ပြန်ပြောပြီး လက်သီးတစ်လုံး ပါးပေါ်ရောက်ချင်ရောက်နေလောက်ပြီ။ ဒါပေမယ့် ထိုသို့ တုံ့ပြန်လိုက်ရသည်ကို မုန်းလာသည်။ တကယ့်ခံစားချက်တွေကို ဖုံးကာချင်သည့်အတွက် ကလေးဆန်စွာ တုံ့ပြန်နေခဲ့ခြင်းသာ။ အခုချိန်ထိ ပတ်ပြေးနေမိသည့်ကိုယ့်ကိုယ်ကိုယ် ရယ်ချင်လာသောကြောင့် စန္ဒီ့ နှုတ်ခမ်းစွန်းတစ်ဖက်မှာ တွန့်ကွေးသွားသည်။
"အိုကေ အိုကေ...ငါကားပေါ်က ဆင်းရင် ရပြီမလား...ဖယ် ငါဆင်းမယ်နော်"
'ဟင်'
ဒီတစ်ခါ အံ့သြမိသည်မှာ သော်တာခွန်းဖြစ်သည်။
အရင်ကလို သူ့ဘက်က ရန်စလိုက်တာနှင့် ချက်ချင်းတုံ့ပြန်တတ်သည့် သူမအကြောင်းကို နောကျေနေ၍ သူမဆီက လာတတ်သည့် တုံ့ပြန်မှုကိုပဲ သူစောင့်နေခဲ့သည်။ ဒါပေမယ့် ထင်ထားသည့် အရာမဟုတ်ခဲ့၍ သူအံ့သြ သွားရသည်။
စန္ဒီနိုင်က သူ့ကို ကျော်၍ ကားပေါ်က သက်တောင့်သက်သာပင် ဆင်းသွားသည်။ ကြောင်ပြီးထိုင်နေသည့် သူကတော့ စန္ဒီထားသွားသော အတွေးများနှင့်ကားထဲတွင် ကျန်ခဲ့သည်။

Hello readers!
ဒီအပိုဒ်လေးက ရှည်လို့ ခွဲထားပေးတယ်နော်။ ဖတ်ပြီးရင်လည်း အကြံပေးဝေဖန်ပေးပါဦးလို့ 😊
အခုချိန်ထိ ဒီstory လေးကိုစောင့်ပြီးဖတ်ရှုအားပေးသူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်နော်။

MJ11🍀

မတော်တဆ 🤍💋❤Tempat cerita menjadi hidup. Temukan sekarang