Room 15 Lockdown Part 4

310 23 0
                                    

Sandi's breakfast

အိမ်ထဲသို့ ပြန်ရောက်သော် စန္ဒီ ဘေးလွယ်အိတ်ကို စားပွဲပေါ်တင်ကာ ထိုင်ချလိုက်သည်။ သော်တာလည်း ထိုင်ခုံတွင်ထိုင်နေသည်။ နှစ်ယောက်စလုံး စကားမပြောဖြစ်ဘဲကိုယ့်အတွေးနဲ့ကိုယ် အလုပ်ရှုပ်နေကြသည်။ သော်တာခွန်း စန္ဒီနိုင့်ကိုကြည့်တော့ မျက်နှာလေးညှိုးနေ၏။
"စန္ဒီ...နေမကောင်းဘူးလား..မျက်နှာလည်းမကောင်းဘူး။"
စန္ဒီနိုင် သော်တာ့ကို ကြည့်လည်းမကြည့် ၊ ပြန်လည်းမဖြေပါ။ သို့ပေမယ့် သော်တာက သူ့ပုခုံးတစ်ဖက်ကို လာပုတ်ပြီးမေးပြန်၏။
"ဟဲ့ ငါမေးနေတာရော ကြားရဲ့လား..."
စန္ဒီ စိတ်ပျက်စွာဖြင့် သော်တာ့လက်ကိုပုတ်ချလိုက်သည်။
"ဖယ်စမ်းပါဟာ...အိမ်ပြန်မရတော့လို့ စိတ်ညစ်ရတဲ့ကြားထဲ..."
သော်တာ မျက်မှောင်ကျုံ့လိုက်သည်။
သူနှင့်နှစ်ယောက်ထဲ ရှိနေသည်ကို စန္ဒီ အဲ့ဒီလောက်တွေးပူတတ်မယ်မှန်း ထင်မထားခဲ့။ တကယ်ဆို စန္ဒီနဲ့ ခိုင်လေး တွင် စန္ဒီနှင့် အတွဲများခဲ့ဆုံးဖြစ်သည်။ အမြဲတမ်းသတ်နေတာကများပြီး မတည့်လိုက်တည့်လိုက်နှင့်မို့ စန္ဒီနိုင်ကို ခိုင်လေးထက်ပင် ပိုရင်းနှီးလွယ်နေမိသေးသည်။
မဟုတ်မှလွဲရော....စန္ဒီနိုင် ပေါက်ကရတွေတွေးနေတာလား။
"ဘာလဲ..နင့်ကိုငါ မဟုတ်တာလုပ်တော့မယ်ထင်ပြီး နင်စိတ်ညစ်နေတာလား"
"အမ်...ဘာရီး"
"အော် ငါနဲ့နင် တစ်ခုခုဖြစ်သွားမှာကို နင်ကြောက်နေတာမလားလို့မေးတာပါ။"
စန္ဒီနိုင် ဆက် ခနဲ သော်တာ့ကိုကြည့်လိုက်သည်။
ရယ်ကျဲကျဲလုပ်နေသော သော်တာခွန်း၏ ညာဘက်လက်မောင်းဆီသို့ စန္ဒီ လက်သီးဆုပ်၍ ခပ်ပြင်းပြင်း လှမ်းထိုးလိုက်သည်။
"အု.."
"သော် တာ ခွန်း မသာကောင်!"
အီစိမ့်သွားသော လက်မောင်းလေးကိုကိုင်၍ အသံတိတ်နေလေ၏။
"..........."
မီးဟုန်းဟုန်းတောက်နေသည့် မျက်လုံးကြီးများက သော်တာ့မျက်လုံးများကို ဖောက်ထွက်မတတ်စိုက်ကြည့်နေ၏။ သော်တာ့ အကျီကော်လံများကို အသာဆွဲကာ...
"နောက်တစ်ခါ ထပ်ပြောလို့ရှိရင်...နင့်ကို ငါကိုယ်တိုင် အခန်းထဲသော့ခတ်ပြီး တကယ် မဟုတ်တာလုပ်ပစ်လိုက်မှာနော်...ဘယ်လိုလဲ"
"ဂလု"
ဘာလုပ်မလဲမသိပေမယ့် တခုခုကို တကယ်လုပ်မည့်အနေအထားမှာရှိ၍ သော်တာ တံတွေးပင်မျိုချမိသည်။
"နိုး..."
ဆုပ်ထားသောအကျီစကိုလွှတ်ပေးပြီးနော် မယ်မင်းကြီးမ အခန်းထဲသို့ဝင်သွားသည်။ ပေတံတစ်ပြားစာလွတ်ရုံမျှ မျက်နှာချင်းနီးကပ်ခဲ့ချိန်က ရုတ်တရက် အသက်ရှူသံတွေမြန်လာခဲ့ရ၍ အခုမှပဲ ဖြောင့်ဖြောင့်ရှူနိုင်တော့သည်။ အခုလိုဖြစ်နေသည်က သော်တာ့အတွက် ထူးဆန်းနေပါက ဖိုက်တာ စန္ဒီ ဆိုတာကလွဲ တခြားမရှိနိုင်ချေ။ အခုချိန်တွင် အရေးကြီးဆုံးအရာကို နှစ်ယောက်သား ခေါင်းအေးအေးနဲ့ စဥ်းစားရမည်။ Home quarantine ဝင်ရမည့်ကာလတလျောက် အတူတူရှိရမည်ဖြစ်၍ အခုကတည်းက တချို့ကိစ္စတွေအတွက် သဘောတူညီမှု ယူထားသည်ကပိုအဆင်ပြေလိမ့်မည်ဖြစ်၍ စန္ဒီနိုင့်ကိုခေါ်လိုက်သည်။
"စန္ဒီ...ခဏ အိမ်ရှေ့ထွက်ခဲ့ဦး"
"ဘာတုန်း...ငါ နားတော့မလို့ဟ"
"ပြောစရာရှိတယ်ဟ...လာဆိုလာ"
အဝါနုရောင် ညအိပ်ဝတ်စုံလေးဝတ်ထားသည့် စန္ဒီနိုင် ထိုင်ခုံတွင်ထိုင်လိုက်သည်။
"ပြော...ဘာလဲ"
သော်တာက အရင်ချောင်းဟန့်လိုက်သည်။
"အခုချိန်ကစပြီး ငါတို့နှစ်ယောက် တအိမ်ထဲမှာ အတူတူနေရတော့မယ်ဆိုတော့ကား....."
"ဟိုးထား...."
ဘရိတ်အုပ်လိုက်သော သူမကြောင့် သော်တာ တန့်ခနဲ ရပ်သွားသည်။
"ငါ ဒီတစ်ညပဲ ဒီအိမ်မှာ နေမှာ"
သေချာနေသည့် စန္ဒီ့လေသံ​က သော်တာ့ကို အံ့သြစေသည်။
"အဲ့တော့...မနက်ဖြန် ဘယ်လိုလုပ်မှာလဲ။"
"ငါ့အိမ်ငါပြန်မှာပေါ့"
"ဘယ်လို"
သော်တာ စန္ဒီ့ကိုနားမလည်စွာကြည့်သည်။
"ဒီလောက် တစ်တိုက်လုံး အပြင်သွားခွင့်ပိတ်ပြီး Q ဝင်ရပါမယ်ဆိုတာကို နင်ကလစ်ထွက်ချင်သေးတယ်ဟုတ်လား..."
"ငါကဒီတိုက်မှာနေတဲ့သူမဟုတ်ဘူးလေ..အဲ့တော့ ငါပြန်လို့ရချင်ရမှာပေါ့...ခဏနေရင် ငါထွန်းရှည်ကိုဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြမယ်...ပြီးရင် သူ့ဆီက လမ်းလူကြီးဖုန်းနံပါတ်ဖြစ်ဖြစ်တောင်းပြီး သေချာတောင်းပန်ပြီးပြန်မယ်...အိုကေ"
"အိုကေလိမ့်မယ် အားကြီးကြီး...ဒီကလမ်းလူကြီးက ဘယ်သူလဲနင်သိလို့လား စန္ဒီနိုင်"
"အော် မသိလို့ ဟိုကောင့်ကိုမေးမှာလေ...သိမှတော့ အခုလိုနင်နဲ့အာလူးဖုတ်မနေဘူး...ရှင်းလား"
သော်တာ ဟက် ခနဲ ရယ်လိုက်သည်။ ထိုအခါ စန္ဒီက သူ့ကို ဘုရှိူးရှိုးသည်။
"အေး...မသိရင်မှတ်ထားလိုက် ဟျောင့်....နင်သိပ်တွေ့ချင်နေတဲ့ လမ်းလူကြီးဆိုတာလေ..
နင်ဖုန်းဆက်မေးမယ့် ထွန်းရှိန်ဝါရဲ့ ဦးလေး ဦးစိုးဝေ ပဲ။"
"ဘာ......ဒ...ဒါဆို...စောနက....လာ..ခေါ်သွားတဲ့..သူက..."
စန္ဒီနိုင် ပါးစပ်အဟောင်းသားဖြစ်ကာ တုန်လှုပ်ဆွံ့အသွားတော့သည်။ ထင်သလိုဖြစ်မလာသည့်အတွက် မျှော်လင့်ချက်ရောင်ခြည်လေး အစိတ်စိတ်ကွဲကြေသွားရသည်။ သို့ပေမယ့် သော်တာခွန်းစကားကို ဒီတိုင်းမျက်စိမှိတ်မယုံနိုင်ပါ။ ချက်ချင်း စားပွဲပေါ်တင်ထားသည့်ဖုန်းကိုကောက်ယူကာထွန်းရှိန်ဝါကိုဖုန်းဆက်လိုက်သည်။
"ဟလို...ထွန်းရှည်လား"
"အေး...ပြော စန္ဒီ..."
"နင့်ဦးလေးက ဒီလမ်းရဲ့လမ်းလူကြီးဆို..အဲ့ဒါဟုတ်လား"
"ဟုတ်တယ်လေ...ဦးလေးက မြို့မှာ အခြေချကတည်းက ဒီလမ်းထဲမှာ နေတာ...ဘာဖြစ်လို့လဲဟ"
"ငါ....."
အ​ခြေအနေအမှန်ကို ပြောပြလိုက်ချင်ပေမယ့် ခိုင်အိသိမှာ စိုးရိမ်သောကြောင့် ဆက်မပြောဘဲ ရပ်လိုက်တော့သည်။ တဖက်ကထွန်းရှိန်ဝါမှာမူ နားထောင်နေသည်။
"အေး..ပြောလေ..သူငယ်ချင်း"
"ဘာမှမဟုတ်တော့ပါဘူးဟာ....နင်ဘယ်တော့ပြန်လာမှာလဲဟင်"
"ငါကြာဦးမယ်နဲ့တူတယ်ဟာ...အခု ရန်ကုန်ကတမြို့လုံး Lockdown ချလိုက်ပြီလေ...ကားဂိတ်တွေပါအကုန်ပိတ်ထားတော့ ဘယ်လိုမှပြန်ရမှာမဟုတ်ဘူး။"
စန္ဒီ စိတ်ဓာတ်အကြီးအကျယ်ကျသွားရသည်။ ဘာပဲပြောပြော ထွန်းရှည် သာရောက်လာခဲ့ရင် အခုလို အနေကျုံ့မည်မဟုတ်။ ဒီအတိုင်းဆို Qဝင်သည့်ကာလအတွင်း သော်တာနှင့်အတူ ဒီအိမ်မှာနေရဖို့ကျိန်းသေနေလေပြီ။
စိတ်ပျက်လက်ပျက်နှင့် ဖုန်းချလိုက်ပြီးချိန်မှာ
စန္ဒီနိုင်တစ်ယောက် သက်ပြင်းရှည်ကြီးချမိသည်။
သော်တာက စိတ်ညစ်နေသော စန္ဒီ့လက်မောင်းတစ်ဖက်ကိုညင်သာစွာ ပုတ်ကာ နှစ်သိမ့်သည်။
"မင်းစိတ်ညစ်လည်း ညစ်ချင်စရာပါပဲ...ငါနားလည်ပါတယ်။ဒါပေမယ့် ငါတို့တွေက မနေ့တနေ့ကမှ ပေါင်းတဲ့ကောင်တွေမဟုတ်ဘူးလေ။ နှစ်ပေါင်းများစွာ ပုခုံးဖက်ပေါင်းလာတဲ့ ငယ်သူငယ်ချင်းအရင်းကြီးတွေ..ဟုတ်တယ်မလား..."
သော်တာက အားတက်သရော ပြောရှာပေမယ့်
စန္ဒီ ဘာမှပြန်မဖြေလိုက်ပါ။
"ငါတို့ ဒီတိုင်းဆို ဒီအိမ်မှာ နှစ်ပတ်လောက်ကတော့ ကျိန်းသေပေါက် အတူတူနေကြရလိမ့်မယ်...ဒါလည်း...သိပ်ခက်ခဲတဲ့အရာမဟုတ်ပါဘူးဟာ..ခါတိုင်းလည်း ငါတို့ငါးယောက်လုံး တအိမ်ထဲမှာ ညအိပ်ဖြစ်သေးတာပဲနော့်..စန္ဒီ..."
"တာတာမ"
"အမ်"
"နင့်စိတ်ထဲမှာ....ငါက နင်နဲ့နှစ်ယောက်ထဲနေရမှာကိုတွေးပြီး စိတ်ပူနေတယ်လို့ ထင်နေတာလားဟင်"
သော်တာ ဘယ်လိုပြောရမလဲ မသိဖြစ်သွားသည်။ သို့ပေမယ့် စန္ဒီ့ကြည့်ရတာ ဒီကိစ္စကိုပဲ စိတ်ညစ်နေပုံရ၍....
"အော်...နင်က မိန်းကလေးဆိုတော့ အာ့တွေတွေးပြီး စိုးရိမ်မှာပဲလေ....မဟုတ်ဘူးလား..."
"ဘယ်ကသာ ဟာ....နင်နဲ့တအိမ်ထဲ အတူနေရမယ့်ကိစ္စကို ငါ့ခေါင်းထဲမှာတောင် မရှိသေးဘူး...အခု ငါစိတ်ဓာတ်ကျနေတာ စိတ်ညစ်နေတာက ငါ့အလုပ်တွေဘယ်လို လုပ်ရမလဲ...ပြီးတော့...."
စန္ဒီ မပြောဘဲငြိမ်နေသည်။
"ပြီးတော့ ဘာဖြစ်လဲ"
စန္ဒီ ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်လိုက်သည်။
"နောက်နေ့တွေ ငါ ဘာအကျီဝတ်ရမလဲ ဆိုတာရယ်..."
"ဟေ..."
သော်တာ မျက်ခုံးများတွန့်တက်သွားသည်။ အခုလို အခြေအနေမျိုးမှာ ဒင်းက အဝတ်အစားဆီ စိတ်ရောက်နေသေးသည်။ အလုပ်ကလည်းလုပ်ချင်တယ်တဲ့လား။
"ကောင်းရော....နင် အဝတ်အစားအပိုမပါဘူးလား"
"ဟဲ့ ငါက ဒီအိမ်ပြောင်းလာတာမှမဟုတ်တာ...တစ်ညပဲအိပ်မယ်ဆိုပြီး လာတာလေ...ဘယ်လိုလုပ်ပါမှာတုန်း"
ဟုတ်တော့လည်းဟုတ်သည်။ သို့ပေမယ့် စန္ဒီနိုင်၏ ကိုယ်ထည်မှာ သော်တာ့အကျီ ခပ်ပွပွများနှင့်ဆို အဆင်ပြေလောက်မည်ဟု သူတွေးမိသည်။
"ဒီလိုလုပ်လေ...ငါ့အကျီတီရှပ်အပွတွေ ယူဝတ်ပေါ့...နင်က ပိန်တဲ့ထဲမပါတော့...ငါပုံမှန်ဝတ်တဲ့ဆိုဒ်နဲ့ တော်မှာမဟုတ်ဘူးနော်။"
ထိုစဥ် သူမ၏ မျက်စောင်းများ ချက်ချင်းစိုက်ရောက်လာသည်။
"မဝတ်ဘူး ဟျောင့်"
နှုတ်ခမ်းလေးဆူ၍ စိတ်ဆိုးနေသော သူမကိုကြည့်ရင်း သော်တာ ရယ်ချင်သွားသည်။
"စတာပါဟယ်...နင်ကလည်း....စိတ်ကြီးပဲ....ငါဝတ်နေကျ တီရှပ်နဲ့ ဘောင်းဘီ ပွပွ နှစ်ထည်ရှိတယ်။ နင်ယူဝတ်ကြည့်ပေါ့။"
"ယူဝတ်လို့မတော်ရင် နင်ဘာဆက်လုပ်မှာလဲ။"
"ငါဆက်ဝတ်မှာပေါ့ဟ"
"နင်က....ငါဝတ်ပြီးသားကို ပြန်ဝတ်မှာလား"
စန္ဒီနိုင်က အံသြသောအကြည့်နှင့်ကြည့်နေသည်။
"ဒီမှာ စန္ဒီမ နင်ငါ့ကို ဘယ်လိုယောကျ်ားမျိုးမှတ်နေလဲဟင်...တစ်ခါလောက် ယူဝတ်တဲ့ဟာကို ဘာမှပဲ့ပါသွားတာမဟုတ်ဘူး။ မိန်းကလေးယူဝတ်လို့ဆိုပြီး ငါကလွှင့်ပစ်လိုက်ရမှာလား..."
သော်တာ့ကြည့်ရတာ အနည်းငယ် စိတ်တိုသွားပုံရသည်။
"အဲ့လိုလဲမဟုတ်ပါဘူး....နင်မကြိုက်မှာစိုးလို့ပါ...ကဲ ငါ့ကိုပေးမယ့်အကျီဆိုတာ ဘယ်မှာတုန်း ပေးတော့...ငါရေချိုးပြီးဝတ်မလို့..."
"ခဏစောင့်"
သော်တာအခန်းထဲဝင်သွားပြီး တအောင့်နေတော့ပြန်ထွက်လာသည်။
"နင် ဒီဘက်အခန်းမှာ နေလို့ရတယ်။ ဒါ ငါ့အခန်း.."
"သိတယ်လေ...ငါလည်း နင်နဲ့တခန်းထဲမနေပါဘူး...thanks for your clothes!"
စန္ဒီ သူပေးသော အကျီများကိုယူကာ ကော့ကော့ကော့ကော့နှင့် တခြားအခန်းထဲဝင်သွားတော့သည်။
သော်တာ စိတ်ကိုလျှော့၍ အခန်းထဲပြန်ဝင်သွားတော့သည်။
x
ညက အစောကြီးအိပ်ပစ်လိုက်၍ မနက်ကျစောစောနိုးနေ၏။ ငုတ်တုတ်ထထိုင်ကာ ကိုယ်ရောက်နေသည့်အခန်းကိုဝေ့ဝိုက်ကြည့်လိုက်သည်။ ကိုယ်နေသည့် အခန်းထက် ကျယ်​သော်လည်း ကိုယ့်အိမ် မဟုတ်သည့်အတွက် သက်တောင့်သက်သာ မရှိလှ။ သို့ပေမယ့်လည်း ရက်သတ္တပတ်အနည်းငယ်လောက်သာနေရမည်ဖြစ်၍ သည်းခံလိုက်ရင် အဆင်ပြေသွားမည်ဟုသာတွေးလိုက်သည်။
ကိုယ်လက်သန့်စင်ပြီး၍ အခန်းပြင်ရောက်သောအခါ သော်တာခွန်းကိုမတွေ့ရပေ။ မနက် ၇ နာရီ ဝန်းကျင်လောက်သာရှိသေး၍ အိပ်နေဦးမယ်ထင်၏။ Breakfast စားဖို့ ရေခဲသေတ္တာကိုဖွင့်ကြည့်သော် ကြက်ဥ နှင့် ဝက်အူချောင်း တချို့တွေ့သည်။ မရောနိစ်ပါရှိနေ၏။
"အင်း....ပေါင်မုန့်လေးရှိရင် ကောင်းမယ်...."
စန္ဒီ ပေါင်မုန့်ရှိ၍ရှိငြား လိုက်ရှာကြည့်သောအခါ ထမင်းစားပွဲပေါ်၌ တွေ့လိုက်၍ ဝမ်းသာသွားသည်။ ဝက်အူချောင်း တစ်ချောင်းကိုဓားဖြင့် နုတ်နုတ်စင်းပြီး ပန်းကန်လုံးအလွတ်ထဲထည့်လိုက်သည်။ ထို့နောက် ကြက်ဥနှစ်လုံးဖောက်၍ မရောနိစ် တစ်ဇွန်းထည့်သည်။ ဆားနှင့်ငရုတ်ကောင်း အနည်းငယ်ထည့်ပြီးနောက် အကုန်လုံး သမအောင်မွှေတော့သည်။ အားလုံးအဆင်သင့်ဖြစ်သည့်အခါ pan ပူပူပေါ်သို့ ဆီအနည်းငယ်ထည့်၍ မွှေထားသည်ကိုကြော်လိုက်သည်။ ခဏကြာသော် pan မှပြန်ဆယ်ပြီး ပေါင်မုန့်တွေကို မရောနိစ်သုတ်သည်။ ကြော်ထားသည့်ကြက်ဥမွှေကြော်ပါထည့်လိုက်ပြီးနောက် လက်ဖဝါးဖြင့်အသာဖိကာ ဓားနှင့် သေချာလှီးချလိုက်သည်။ ဤမနက်စာသည် စန္ဒီအမြဲလိုလို လုပ်စားဖြစ်သည့် စန္ဒီ့အကြိုက်ဆုံး breakfast ဖြစ်သည်။
ထို့နောက် စားပွဲပေါ်တွင် မနက်စာပန်းကန်ကိုတင်၍ black coffee တစ်ခွက်ပါထပ်ဖျော်လိုက်သည်။ အားလုံးပြင်ဆင်ပြီးသည့်အခါ ထိုင်ခုံပေါ်တွင် ကျကျနနထိုင်၍ မနက်စာစားတော့သည်။
ကိုယ်တိုင် လုပ်ထားသော မနက်စာလေးမှာ အရသာရှိ၍ စန္ဒီ ကျေနပ်နေမိသည်။ တနေ့တာတွင် မနက်စာသည် အရေးကြီးဆုံးဖြစ်၍ ဒီတနေ့တာအတွက်တော့ စန္ဒီနိုင်၏ မနက်ခင်းလေးမှာ ကျေနပ်စရာအတိဖြစ်ခဲ့လေပြီ။
"ဘာတွေသဘော​ကျပြီး...ပြုံး​နေတာလဲဟ"
သော်တာ အခန်းရှေ့တွင်ရပ်၍ သူမကိုကြောင်ကြည့်နေ၏။ တစ်ယောက်ထဲပြုံးပျော်နေ၍ ရူးသွားပြီထင်နေ၏။ သို့ပေမယ့် သူမက အေးအေးဆေးဆေးပင်။ သူ့ကိုတောင် ပြုံး၍ လက်ယက်ခေါ်နေသေးသည်။
"Morning my friend! မျက်နှာသစ်ပြီးပြီလား...လာ ငါ breakfast ပြင်ထားတယ်။"
"အမ်...အမ်း..."
သော်တာ ဘာကိုသဘောကျမှန်းမသိ တစ်ချက်ပြုံးမိသွားသည်။ ထို့နောက် စန္ဒီနှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည်။
"ကော်ဖီ..."
"အင်း...နို့ဆီထည့်လား"
"အခုထိ ကော်ဖီကိုနို့ဆီထည့်သောက်နေသေးတာလား။"
"အေးလေ...ဘာဖြစ်လို့လဲ"
စန္ဒီက ခေါင်းခါလိုက်သည်။
"အချိုတွေအရမ်းစားရင် ဆီးချိုဖြစ်မယ်ဟ...ငါ black coffee ဖျော်ထားတယ် သောက်ကြည့်...."
သော်တာ သူမ ကမ်းပေးသည့်ကော်ဖီခွက်ကိုယူ၍ တစ်ငုံသောက်လိုက်သည်။ သို့ပေမယ့် မျက်နှာကြီးရှုံ့မဲ့သွားပြီး ခွက်ကိုပြန်ချလိုက်သည်။
"နင့်ဟာကြီးကလည်း ခါးအန်နေတာ ဘယ်လိုလုပ်သောက်မလဲ...နေတော့ ငါ့ဟာငါ နို့ဆီသွားထည့်မယ်..."
နို့ဆီထည့်မည်အလုပ်တွင်သူ့ပုခုံးကို ဆွဲဖိလိုက်၍ထိုင်လျက်ကျသွားသည်။
"နေဦး မထည့်နဲ့ဦး...ငါ ပြင်ပေးမယ်...အဲ့ဒါပါသောက်လို့မရရင်တော့ နို့ဆီဘူးချပေးမယ်။"
ဆရာမကြီးစတိုင်လုပ်နေ၍ သော်တာ စိတ်တိုလာသည်။
"ဘာလား...."
စန္ဒီက ကော်ဖီခွက်ထဲသို့ သကြားနှစ်ဇွန်းထည့်၍ သေချာမွှေပြီး ပေးလိုက်သည်။ ထို့နောက် သော်တာ့အားသောက်ကြည့်ရန် မျက်ခုံးပင့်ပြသည်။
သော်တာလည်း မပြောချင်၍ တစ်ငုံသောက်ပြလိုက်သည်။ ဒီတခါ​တော့အရမ်းမချို မခါးဘဲ သောက်လို့အဆင်ပြေသည်။ နို့ဆီမထည့်တော့ဘဲ ဆက်သောက်နေလိုက်သည်။
"ဘယ်လိုလဲ...အိုကေလား"
"မဆိုးပါဘူး..."
ကျေနပ်၍ပြုံးသွားသည်မှာ စန္ဒီနိုင်ဖြစ်သည်။
"ရော့ ဒါလေးစားကြည့်လိုက်..."
သော်တာ egg sandwich တစ်ခြမ်းကို ယူ၍ တစ်ကိုက်ကိုက်လိုက်သည်။ အရသာဆိမ့်ဆိမ့်လေးနှင့်အတော်စားကောင်းသည်။ Black coffee နဲ့လည်းလိုက်ဖက်လွန်းသည်။
"အင်း.....ကောင်းသားပဲ။ နင်ကိုယ်တိုင်ကြော်ထားတာလား"
"ငါမကြော်လို့ အိမ်စောင့်နတ်က ကြော်ပေးမှာလား"
"မင်းကလည်း...အကောင်းမေးတာကို...ဒီအတိုင်းဆို စန္ဒီမ နင် ဟင်းလည်းချက်တတ်မှာပေါ့နော်။"
"နည်းနည်းပါးပါးပေါ့...ဘာလဲ...ငါချက်တတ်တယ်ဆိုပြီး ငါ့ပဲချက်ခိုင်းတော့မလို့မလား...ငါသိတယ်နော် နင့်အကွက်တွေ"
သော်တာ မျက်မှောင်ကြီးကြုံ့၍....
"ဖြစ်ရဦးမယ်....ဒီမှာ ကျောင်းသားဘဝထဲက တစ်ယောက်ထဲနေလာတဲ့ကောင်ပါ...နော်...နင်ဘာစားချင်လဲ နာမည်လေးပဲရွတ်ပြလိုက်"
"ဘာလဲ နင်ချက်ကျွေးမလို့လား"
စန္ဒီ အနည်းငယ် အထင်ကြီးစိတ်ဖြင့်ကြည့်လိုက်သည်။
"နိုး...food panda က မှာမေးမလို့"
"နင့်ကြီးတော်ပဲ! အကောင်းမှတ်လို့ဟာ...."
စိတ်တိုသွားသော သူမကိုကြည့်ရင်း သော်တာရယ်နေ၏။ ထို့နောက် ပြောလိုက်ဆိုလိုက်နှင့် မနက်စာဝိုင်းလေး အသက်ပိုဝင်လာခဲ့လေသည်။

Hello 😊
ဒီတခေါက်တော့ ကိုယ် အကြိုက်ဆုံးထဲက
recipe လေးတစ်မျိုး ထည့်ပေးထားပါတယ်။ အကြိုက်ဆုံး breakfast တစ်ခုပေါ့။ အခုလောလောဆယ်တော့ diet နေလို့ မစားရသေးဘူး 😭

အခုထိ တစိုက်မတ်မတ် ဖတ်ရှုပေးတဲ့စာချစ်သူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရင်း......

🍀MJ11🍀

မတော်တဆ 🤍💋❤Tempat cerita menjadi hidup. Temukan sekarang