Room 24 "Return"

270 20 0
                                    

ခင်နှင်းဆီ ပင်လယ်ပြင်ကိုမျက်နှာမူ၍ မတ်တပ်ရပ်နေသည်။ သူမ၏မျက်နှာကိုကျီစယ်တိုက်ခတ်နေသည့် လေနုအေးတို့ကို ကျေနပ်စွာ လက်ခံရင်းပြုံးနေသည်။ အပြာရောင် ဂါဝန်ရှည်စတို့ ဝဲပျံသလို သူမ၏ ရှည်လျားနက်မှောင်သော ဆံနွယ်တို့ပါလေထဲတွင်ပျံဝဲနေကြသည်။
အထုပ်အပိုးတွေအားလုံးသိမ်းဆည်းပြီး၍ ကားနောက်ဖုံးကိုအသာဆွဲချလိုက်သည်။ ထိုအခါကမ်းခြေတွင်လမ်းလျှောက်နေသော သူမကို ကျော်ကျော်ခိုင် တွေ့သွားသည်။ တည်ငြိမ်ရင့်ကျက်သော သူမ၏ခြေလှမ်းတို့မှာ ငြိမ်သက်နေသည့် ပင်လယ်ရေပြင်လိုဖြစ်သည်။ သို့ပေမယ့် ကျော်ကျော်ခိုင့်ရင်ဘတ်ကြီးတွင် ဒီရေလှိုင်းများအစပျိုးနေလေပြီ။ ခုန်နေသောရင်ဘတ်ထဲက ခင်နှင်းဆီကို အော်ခေါ်နေကြသည်။ သူမဆီ အပြေးလေးသွားလိုက်ချင်ပေမယ့် ကမ်းခြေတွင် လမ်းလျှောက်ရင်း ပျော်ရွှင်နေသည့် သူမကို သူနှောင့်ယှက်လိုက်သလိုဖြစ်မှာလည်းစိုးသည်။ မသွားဘဲ သူမလှုပ်ရှားမှုတွေကိုသာ မှတ်ယူနေရင်း ဘေးက ဂီတာကို ဆွဲယူကာ ကြိုးညှိလိုက်သည်။ ထို့နောက် သူမကိုရည်စူးပြီး သံစဥ်တစ်ခုကိုတီးခတ်လိုက်သည်။ သီချင်းရဲ့စာသားတွေကိုတော့ ရင်ဘတ်ထဲကလိုက်ဆိုနေသည်။
"ရင်ဆိုင်နိုင်အောင် အားပေးရင်းနဲ့ကွယ်...ချစ်တဲ့သူရယ်...အလေးထားသူမှာစိုးရွံ့လို့နေမြဲ...ဖွင့်ဟခက်ဆဲ...."
သော်တာခွန်း သီချင်းလေးညည်းရင်း ကျော်ကျော်ခိုင့်ဘေးတွင်ဝင်ထိုင်လိုက်သည်။ ကျော်ကျော်ခိုင်ကတော့ ဆက်တီးနေဆဲ။ သီချင်းတစ်ပုဒ်လုံး ကျွမ်းကျင်စွာ တီးခတ်ရင်းအဆုံးသတ်လိုက်သည်။
"ဒီသီချင်းက မင်းနဲ့အံကိုက်ဖြစ်နေပြီပေါ့ ဟုတ်လား ကျော်ကြီး"
သူက ခပ်ရေးရေးလေးပြုံးပြသည်။
"ဆိုပါတော့ကွာ...ဒါနဲ့ ကားပေါ်လူစုံပြီလား...ငါ့လာခေါ်တာလား"
"ထုံးစံအတိုင်း  ကားပေါ်မှ မင်းနဲ့ငါ့အထုပ်ပဲရှိတယ်...တခါတခါ အခန်းထဲကထွက်ဖို့အရေး ဘာတွေလုပ်နေမှန်းကိုမသိဘူး"
ကျော်ကျော်ခိုင်က သော်တာခွန်းကိုနားမလည်သလိုကြည့်သည်။
"နေပါဦး..မင်းဘယ်သူ့ကိုပြောနေတာလဲကွ"
"ဘယ်သူရှိရမှာလဲ...စန္ဒီနိုင်ပေါ့...တခါတခါအပြင်ထွက်တော့မယ်ဆို မပြီးတော့ဘူး ဟိုဟာရှာရ ဒီဟာရှာရနဲ့...အိမ်မှာလည်းအဲ့လိုပဲ"
"အော်....အဲ့လိုလား...မင်းတောင် စန္ဒီ့အကြောင်းတော်တော်သိနေပြီပဲကွ"
"သိဆို တစ်အိမ်ထဲနေနေတာလေကွာ...မင်းလည်းနေကြည့်ပါလား"
ထိုအခါကျော်ကြီးက ခေါင်းခါသည်။
"No, thanks my son! ငါ့မှာတစ်အိမ်ထဲအတူနေချင်တဲ့သူရှိပြီးသား"
"ဘယ်သူလဲ မင်းex လား"
"မင်းကြီးတော်နဲ့အတူနေမလို့ဟေ့"
"ဟားဟား....ငါ့ကြီးတော်ကသေပြီ"
သော်တာခွန်း အကျယ်ကြီးထရယ်နေ၍ကျော်ကြီး စိတ်တိုသွားသည်။
"တော်ပြီကွာ...မင်းလုပ်တာနဲ့ ငါ mood ပျောက်တော့မယ်...ဒိုးတော့"
သော်တာ့ကိုမောင်းထုတ်ပြီး ဂီတာပြန်တီးနေ၏။ သော်တာခွန်းကတော့ ပင်လယ်ကိုသာငေးနေသည်။  ဒီတစ်ခါကျော်ကျော်ခိုင်တီးနေသည့် သံစဉ်မှာ စောနကသီချင်းမဟုတ်တော့။
"ဒါ စောနကသီချင်းမဟုတ်ပါဘူး"
ကျော်ကျော်ခိုင်ဘာမှမပြောဘဲ ဆက်တီးနေသည်။ သော်တာသေချာနားထောင်မိသည်။ တဖြည်းဖြည်းရင်းနှီးလာသောသံစဥ်တို့နှင့်အတူ ကမ်းစပ်မှာ ဓာတ်ပုံအတူရိုက်နေကြသည့် ခင်နှင်းဆီနှင့် စန္ဒီနိုင် တို့ကိုကြည့်မိသွားသည်။ စန္ဒီနိုင် ဘယ်အချိန်ထဲက ရောက်နေလဲ မသိလိုက်။
ကျော်ကျော်ခိုင်က ဂီတာတီးရင်း သော်တာ့ကိုတချက်ကြည့်လိုက်သည်။ ထို့နောက်ကျော်ကြီးဆီက သီချင်းဆိုသံသဲ့သဲ့လေးထွက်လာတော့သည်။
"ရုန်းထွက်ရင်းနဲ့ထပ်ထပ်နစ်ခဲ့...ဖြတ်တောက်တိုင်းလည်းဖြတ်ဖို့ခက်တဲ့...
သံယောဇဉ်...သံယောဇဉ်...သံယောဇဉ်...သံယောဇဉ်...ငါလေ အပြတ်ပြတ်နဲ့သွေးထွက်ခဲ့တယ်...သံယောဇဉ် သံယောဇဉ်... လူကိုအရူးတပိုင်းဖြစ်စေတယ်..."
သော်တာခွန်း ကျော်ကျော်ခိုင့်ကိုမကြည့်ဘဲ ပြုံးလိုက်မိသည်။
X
အပြန်ခရီးကို ကျော်ကျော်ခိုင်မောင်းရသည်။ အပြန်ခရီးမှာ အသွားလို မချောမွေ့ခဲ့။ ကုန်းမြင့်တစ်နေရာတွင် ဆီကုန်သွား၍ ကုန်းဆင်းကြီးမှာ ကားထိုးရပ်သွားသည်။ ဘယ်ညာ သစ်ပင်ခြုံနွယ်တွေသာကြည့်ပြီး လူမနေသောကြောင့် ဆီရှာပုံတော်ထွက်ရပြန်သည်။ ခိုင်အိတို့မိန်းကလေးချည်းလည်းထားခဲ့လို့မဖြစ်သောကြောင့် ထွန်းရှိန်ဝါနှင့်​သော်တာခွန်းက ဆီရှာထွက်ရသည်။ နှစ်နာရီခန့် လူရိပ်ပင်မတွေ့သောကြောင့် အကုန်လုံး စိုးရိမ်စပြုလာကြသည်။ နောက်ဆုံးတော့ နယ်ခံလူငယ်နှစ်ယောက်အကူအညီဖြင့် ဆီဝယ်နိုင်ခဲ့သည်။
ကားကိုဆီအပြည့်မဖြည့်သောကြောင့် ကျော်ကျော်ခိုင်ကိုဝိုင်းဆဲကြသည်။ အားလုံးသေချာစစ်ဆေးပြီးမှ ခရီးဆက်ခဲ့ကြသည်။ ခြောက်ယောက်စလုံးလည်း ကိုယ်စီ ပင်ပန်းနေခဲ့သည်။ သော်တာခွန်းနှင့် ထွန်းရှိန်ဝါတို့နှစ်ယောက်မှာ ထမင်းစားနားကတည်းက ကားပေါ်တွင် အိပ်လိုက်လာကြသည်။
ရန်ကုန်ပြန်ရောက်တော့ ခင်နှင်းဆီကိုအရင်လိုက်ပို့ကြသည်။ နောက်ဆုံးတွင် သော်တာနှင့်စန္ဒီတို့ကိုလိုက်ပို့ရန်လမ်းကြောင်းပေါ်ဦးတည်လိုက်သည်။
"ကျော်ကြီး....ငါ့အိမ်ကိုပဲလိုက်ပို့ပေးပါလား"
"အေးလေ အခုနင့်အိမ်ကိုမောင်းနေတာလေ"
"အာ...မဟုတ်ဘူးလေ...ဟိုအိမ်ကိုပြောတာမဟုတ်ဘူးဟ...မြို့ထဲက အိမ်ကိုပြောတာ"
ကျော်ကြီး ကားမောင်းနေရင်း ကြောင်သွားသည်။
"ဘာသွားလုပ်မလို့လဲ"
"ငါ...အဲ့မှာပြန်နေတော့မလို့လေ"
သော်တာကလွဲ၍ ကျန်တဲ့သုံးယောက်လုံး အံ့သြကုန်၏။
"ဟဲ့ စန္ဒီ ငါ့ကိုလည်းဘာမှမပြောပါလား"
ခိုင်အိက စန္ဒီ့ကိုမေးတော့ ပြုံး၍ ဖြေသည်။
"အေးဟာ ငါလည်း အကြာကြီးနေမှ အပြင်ထွက်ရတော့ အပျော်လွန်ပြီးပြောဖို့မေ့နေတာ...အခု ပိုးလည်းနည်းတုန်း ငါ့အိမ်ငါပြန်တော့မလို့လေ..."
စန္ဒီမျက်နှာမကောင်းမှန်း ခိုင်အိရိပ်မိလိုက်သည်။ အခုလို မြန်မြန်ပြောင်းနေရသည့်အကြောင်းအရင်းတစ်ခုတော့ ရှိနေပြီဟုခိုင်အိယုံလိုက်သည်။
'မဟုတ်မှလွဲရော....စန္ဒီ....အရင်တုန်းကလိုမျိုး....'
ခိုင်အိ သူမအတွေးတွေကိုဖျောက်ပစ်လိုက်သည်။
"အခုချက်ချင်းကြီးသွားနေတော့ နင်အဆင်ပြေပါ့မလားဟ...ဟိုအိမ်မှာ နင့်ပစ္စည်းတွေကျန်ခဲ့တယ်လေ...မနက်ကျမှ အကုန်သိမ်းပြီး ပြန်လို့ရတာပဲ"
ထွန်းရှိန်ဝါက သေချာရှင်းပြသည်။ သို့ပေမယ့် စန္ဒီ ထပ်ပြီးအချိန်မဆွဲချင်တော့၍ အခုထဲက ပြန်ဖို့ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ အိမ်ကလူတွေကလည်း နောက်နှစ်ရက်အတွင်းပြန်ရောက်မယ်လို့ ဖုန်းဆက်သောကြောင့် စန္ဒီအမြန်ပြန်ဖို့ဖြစ်လာတာလည်းပါသည်။
"ရပါတယ်ဟာ ငါနောက်မှအဲ့အိမ်ကပစ္စည်းတွေသွားယူတော့မယ်လေ...ငါ့အိမ်ကလူတွေက နောက်နှစ်ရက်နေရင်ပြန်ရောက်တော့မှာဟ သူတို့မရောက်ခင် ငါအရင်ရောက်နေမှဖြစ်မှာ...မဟုတ်ရင် အကုန်ပြဿနာတက်ကုန်မယ်"
"အန်တီက ဖုန်းဆက်လို့လား နင့်ကို"
"အင်း"
သော်တာခွန်းဘာမှမပြောဘဲ မျက်စိမှိတ်ရင်း မှေးနေ၏။
"အေးလေ နင်ပြန်လိုက်တာပိုကောင်းပါတယ်"
ကျော်ကျော်ခိုင်ပြောတော့ သူမကခေါင်းငြိမ့်ပြသည်။ စက္ကန့်ပိုင်းအတွင်း ကားလေးထဲမှစကားသံများတိတ်ဆိတ်သွားတော့သည်။
စန္ဒီနိုင့်အိမ်ရှေ့ကို ရောက်တော့ စန္ဒီကားပေါ်ကဆင်း၍ အထုပ်ချသည်။
"ဟယ်"
Luggage ကိုကြည့်လိုက်တော့ ဘီးတစ်ဖက်မရှိတော့။ တစ်ဖက်သာကျန်တော့သည်။
"ဒုက္ခပါပဲဟာ"
"ဘာဖြစ်လို့လဲဟ"
ကျော်ကျော်ခိုင်ကမေးသည်။ စန္ဒီနိုင် ငိုမဲ့မဲ့နှင့် ကျွတ်ထွက်သွားသည့်ဘီးတစ်ဖက်ကိုထောင်ပြလိုက်သည်။ ကျော်ကျော်ခိုင်က မျက်လုံးပြူးပြပြီး ရယ်သည်။
"ဟ ဖြစ်ရမယ် မိစန္ဒီရယ်"
"ဘာဖြစ်လို့လဲ"
သော်တာ ကျော်ကျော်ခိုင့်ကိုလှမ်းမေးလိုက်သည်။ ထွန်းရှိန်ဝါက နိုးတဝက်အိပ်တဝက်နဲ့ ဟိုဖက်လှည့်သွားသည်။
"စန္ဒီ့ luggage က ဘီးတစ်ဖက်ကျွတ်သွားတယ်လေ..."
"အမ်"
သော်တာခေါင်းပြူကြည့်လိုက်သည်။ ငိုမဲ့မဲ့မျက်နှာနှင့် သူမမှာ အကြီးအကျယ်စိတ်ပျက်နေ၏။
"စိတ်ညစ်လိုက်တာဟာ..ဒါကြီးကို လေးလွှာအထိငါဘယ်လိုသယ်ရမှာလဲလို့"
စန္ဒီနိုင် ပွစိပွစ်ိလုပ်နေစဥ် ခိုင်အိက ကားပေါ်ကဆင်းပြီး luggage ကိုတစ်ယောက်တစ်ဖက်မရန်ပြောသည်။
"လာ စန္ဒီ ငါတို့နှစ်ယောက် တစ်ယောက်တစ်ဖက်မပြီးသယ်ရအောင်"
ထိုအခါ စန္ဒီက လက်ကာသည်။
"နေပါစေ ခိုင်ရယ်...ငါ့ဟာငါ ဖြည်းဖြည်းချင်းသယ်ပြီးတက်သွားလိုက်တော့မယ်...နင် ခရီးပန်းနေပြီလေ"
"ဟာ နင်တစ်ယောက်ထဲဘယ်လိုလုပ်မ မလဲ မိစန္ဒီရဲ့....ပြီးတော့ luggage ကအလေးကြီး"
"ရပါတယ်ဟာ နင်တို့လည်းပင်ပန်းနေကြပြီမလား သွားကြတော့ ဒီ့ထက်မိုးချုပ်ရင်မကောင်းတော့ဘူး...နောက်နေ့မှ တွေ့မယ်နော်...ကဲ မိခိုင် နင်ကားထဲဝင်တော့...ငါ့ဟာငါ ဖြည်းဖြည်းချင်းမ မယ်"
ခိုင်အိကိုကားထဲအတင်းဝင်ခိုင်းပြီး ကျော်ကျော်ခိုင့်ကိုကားမောင်းခိုင်းသည်။ ခိုင်အိကမဝင်ချင်ဝင်ချင်နဲ့ဝင်ပြီး နှုတ်ဆက်လိုက်သည်။ ဘေးမှာအိပ်ပျော်နေသော ထွန်းရှိန်ဝါကို သူ့ဘက်ဆွဲလိုက်သည်။
သော်တာခွန်းတစ်ယောက် စိတ်ထဲမှာ မတင်မကျတွေဖြစ်ကာ အတွေးထဲတွင် မေးခွန်းထုတ်နေ၏။
ကားမောင်းထွက်သွားသော်လည်း စန္ဒီ့ကိုစိတ်မချသလိုဖြစ်ကာ နောက်ဆံတင်းသလိုခံစားရသည်။
ဒီluggage အလေးကြီးကို သူမတစ်ယောက်ထဲဘယ်လိုသယ်ပြီး လေးလွှာကိုရောက်မည်နည်း။ရှေ့တွင်အိပ်ပျော်နေသော ထွန်းရှိန်ဝါကို ကြည့်လိုက်တော့ ပါးစပ်ကြီးဟ၍ အမှန်အကန် အိပ်မောကျနေ၏။ ကျော်ကျော်ခိုင်လည်း တစ်လမ်းလုံးကားမောင်းလာရ၍ လှုပ်နိုင်တော့မည်မဟုတ်။
"ကျော်ကြီး....ငါဆင်းတော့မယ်"
ကားမောင်းနေသည့်ကျော်ကြီးက သူ့ကို နောက်ကြည့်မှန်ကနေ အူကြောင်ကြောင်နဲ့ကြည့်သည်။
"မင်းအိမ်က လိုသေးတယ်လေကွာ"
"သိတယ်...ငါ ကိစ္စတစ်ခုလုပ်ဖို့မေ့နေတာ အခုမှသတိရလို့...ငါ့ကိုဒီမှာပဲချခဲ့လိုက် ခိုင်အိတို့လင်မယားကိုလိုက်ပို့ပြီး မင်းလည်းပြန်လိုက်တော့နော်..."
"အေးအေး...ဒါဆိုလည်း ဘယ်မှဝင်မနေနဲ့ အိမ်တန်းပြန်ဦး...သော်တာ"
ခိုင်အိ့စကားကိုပြုံး၍ ခေါင်းငြိမ့်ပြသည်။ ထို့နောက်ကားပေါ်ကဆင်းကာ နောက်ကိုလျှောက်ခဲ့သည်။
စန္ဒီနိုင်တစ်ယောက် တိုက်ရှေ့မှာ ငူငူကြီးရပ်နေ၏။ ခရီးသွားတိုင်း သယ်နေကျပစ္စည်းများအပြင် ဝယ်ပြီးမဝတ်ရသေးတဲ့ဂါဝန်လေးတွေရှိုးထုတ်မယ်အတွေးနဲ့ထည့်လာခဲ့တာ တစ်ထည်နှစ်ထည်မက...ခေါင်းတွေကုတ်ရင်းဘီးတစ်ဖက်ထဲနဲ့ လေးလွှာအထိရောက်အောင် ဘယ်လိုသယ်ရမလဲသာတွေးနေမိသည်။ သို့ပေမယ့် ဘယ်လိုတွေးတွေး ကိုယ်ပဲရှိတာမို့ စိတ်အားတင်းကာ အသက်ရှုလိုက်သည်။
"ကဲ မပြီဟေ့ အင့်..."
Luggage လက်ကိုင်ကိုဆွဲ၍ ပထမလှေကားခွင်အထိရောက်အောင်သယ်လိုက်သည်။ ဘီးတစ်ဖက်မရှိတော့၍ အဆင်မပြေ။ ဘက်မညီသောကြောင့် မရတာ ပိုလေးသလိုပင်။ စန္ဒီသက်ပြင်းရှည်ကြီးချလိုက်တော့သည်။
"ဟင်း.....ငါဒီည လေးလွှာရောက်ပါ့မလား....အိပ်လည်းအိပ်ချင်နေပြီ"
စိတ်ပျက်လက်ပျက်နဲ့ တံခါးပိတ်ဖို့အလုပ်တွင် သူမလက်ကို တစ်စုံတစ်ယော​က်ကဖမ်းဆွဲလိုက်၍ လန့်သွားသည်။
"အမလေး"
"ထင်တဲ့အတိုင်းပဲ စန္ဒီနိုင်"
"ဟင်"
သူမရှေ့တွင် ကျောပိုးအိတ်လေးလွယ်၍ သူမကိုကြည့်နေသော သော်တာခွန်း...စန္ဒီ နားမလည်သလိုနဲ့ ကြောင်ကြည့်နေ၏။
"နင်....နင်ကဘာလာလုပ်တာလဲ"
သော်တာက ကျောပိုးအိတ်ကိုနစ်ဖက်လုံးသေချာလွယ်လိုက်ပြီးစန္ဒီ့ luggage ကို လက်ကိုင်ကနေမလိုက်သည်။
"နင်ဒီအထုပ်နဲ့ အပေါ်မရောက်တော့မှာကိုသိလို့ နင်နဲ့နင့်အထုပ်ကိုအိမ်ရှေ့ချပေးမလို့"
"အမ်"
"မအန်နဲ့...အန်ချင် အိမ်ထဲရောက်မှအန် တံခါးပိတ်ပြီးလိုက်လာခဲ့"
အတည်ပေါက်ကြီးနဲ့ရောက်လာပြီး ထူးထူးဆန်းဆန်း စကားတွေပြောကာ အထုပ်မပြီးတက်သွားသော သော်တာခွန်းကိုကြည့်ပြီး စန္ဒီနိုင် အူတူတူနဲ့ကျန်နေခဲ့သည်။
"ထူးခြားဆန်းကြယ် ကိစ္စတွေတော့ ဖြစ်လာတော့မယ်...အရှေ့အရပ်က လထွက်တော့မယ်ထင်တယ်..."
"စန္ဒီမ သော့လာဖွင့်လေဟာ!"
"ဟေ...အေးအေး...လာပြီလာပြီ"
စန္ဒီ ပွစိပွစိရွတ်နေတုန်း သော်တာတံခါးဖွင့်ခိုင်း၍ မြန်မြန်ဆန်ဆန် လှေကားပေါ်တက်ရသေးသည်။ အိမ်ရှေ့ရောက်တော့ သော့မဖွင့်နိုင်သေးဘဲ အမောဖြေရသည်။
"ဘာလုပ်နေတာလဲ တံခါးဖွင့်တော့လေ"
"နေပါဦးဟာ...လှေကားတက်ရတာမောလို့ ...ခဏနေပါအုံး"
"အော်...luggage သယ်ရတာငါ မောတော့သူ..."
"ဟဲ့ အထုပ်ပါပါ မပါပါ လှေကားတက်ရတာမောကိုမောတာဟဲ့"
"အခုလို ပြန်စွာဖို့ကျ နင်မမောဘူးလား"
"မမောဘူး"
စန္ဒီက သော်တာ့ကို အမြင်ကတ်ကတ်နဲ့မျက်စောင်းထိုးပြသည်။ နှုတ်ခမ်းဆူပြီး အိတ်ထဲလက်နှိုက်ကာတစ်စုံတစ်ရာကိုလိုက်ရှာနေ၏။
"ဟင်...မဟုတ်သေးပါဘူး"
စန္ဒီ အိတ်ထဲကို သေချာစမ်းရှာနေသည်။
"ဘာဖြစ်လို့လဲ"
သူမ ထပ်ရှာသည်။ လက်နှင့်နှိုက်စမ်းရုံဖြင့်အားမရ၍ ဇစ်ကိုအဆုံးထိဖွင့်ကာ မီးရောင်နားတွင် သေချာဖြဲရှာသည်။ သို့သော် သူမရှာနေသည့် သော့ မရှိ။
"ငါ...ငါ့သော့...မရှိတော့ဘူး"
သူမက တုန်လှုပ်နေတဲ့အမူအရာနှင့်ပြောသည်။
အိတ်ထဲက ပစ္စည်းတွေကို တနေရာတွင်တင်၍ အိတ်ထဲအကြိမ်ကြိမ်ရှာနေသည်။
"နင်ယူရော ယူလာလို့လား"
"အာ...ယူလာတယ်...ဒီအိတ်ထဲမှာပဲ သော့ထားနေကျကို...ဘယ်လိုလုပ်ပျောက်သွားလဲ မသိဘူး...တောက်!"
ဒေါသထွက်လာသောကြောင့် စန္ဒီ့အသံကျယ်လာ၏။ ဒီအတိုင်းရပ်နေလို့လည်းမဖြစ်။
"ကဲ စန္ဒီမရေ...နင့်သော့ကိုရှာမနေနဲ့...ငါနဲ့ပြန်လိုက်ခဲ့တော့"
"မလိုက်ပါဘူး"
"ဘယ်လို...နင့်မှာအထဲဝင်ဖို့သော့ရှိလို့လား"
"အခုတော့ မရှိသေးဘူးလေ...နောက်သေချာရှာရင်ထွက်လာမှာပါ...နင်လည်းပြန်တော့လေ...ပင်ပန်းရောပေါ့...ငါလိုက်မပို့တော့ဘူးသိလား...ငါ luggage ပါဖွင့်ပြီး အေးဆေးထိုင်ရှာ..."
"ဘာလဲ..ခြေနင်းပက်ကြီးထဲမှာ နင့်အဝတ်တွေအကုန်ဖွပြီး သော့ရှာမလို့လား"
"အေးလေ ဒီမှာ မရှာလို့ငါ ဘယ်မှာရှာရမှာလဲ"
"ငါ့အိမ်မှာ ရှာလေ"
"အမ်"
"မအန်နဲ့....လာ ငါနဲ့ပြန်လိုက်ခဲ့...ဟိုမှာ တညလုံး မအိပ်ဘဲရှာလို့ရတယ်....လာ"
"ဟဲ့ သော်တာ...သော်တာခွန်း"
စန္ဒီ့လက်ကိုဆွဲ၍ တဖက်က luggage ကိုမကာ အောက်ကိုဆင်းခဲ့တော့သည်။ စန္ဒီနိုင်ခမျာ သော်တာဦးဆောင်ရာသို့ လိုက်ရင်း လှေကားပေါ်ကပြုတ်မကျအောင်မနည်းထိန်းရသည်။
X
"အန်တီ မနက်ဖြန် ပြန်ရောက်ပြီ ဟုတ်လား"
ခိုင်အိ ဖုန်းထဲကနေ လန့်အော်လိုက်၍ တဖက်က ဒေါ်မိုးဦး လည်းလန့်သွားရသည်။
"ဘာဖြစ်လို့လဲ ခိုင်အိရဲ့..."
"ဘ ဘာမှမဟုတ်ပါဘူး အန်တီရဲ့...အန်တီ စန္ဒီ့ကိုပြောပြီးပြီလားဟင်"
"အေး အဲ့ဒါ မေးမလို့ သမီးရေ...စန္ဒီက ဖုန်းစက်ပိတ်ထားတယ်ချည်း ဖြစ်နေတယ်...အန်တီ့မှာ အခုထိအဆက်အသွယ်မရသေးလို့ စိတ်ပူနေတာ...သမီးသူငယ်ချင်းနဲ့ ခရီးအတူသွားတာမလား"
"ဟု ဟုတ်တယ်လေ အန်တီရဲ့...မနေ့ကညနေက ပြန်ရောက်ကြတာလေ..."
"မိန်းမရေ...စန္ဒီက မင်းကိုဖုန်းခေါ်တာမရလို့တဲ့....ညက သော်တာ့အိမ်မှာ အိပ်လိုက်ရတယ်တဲ့"
ခိုင်အိ ချက်ချင်း ခေါင်းကြီးသွားသည်။ စပီကာနားကို လက်ဖြင့်အသာအုပ်လိုက်ပြီး ထွန်းရှိန်ဝါကိုလှည့်ကြည့်ကာ ဆက်မပြောဖို့တားသည်။ သို့သော်....တဖက်မှာတော့ အကြီးအကျယ် အံ့သြသွားခဲ့သည်။
"ဟင် သမီး ခိုင်အိ...စောနက မောင်ထွန်းရှိန်ဝါဘာအော်ပြောလိုက်တာ"
"ဘ ဘာမှမဟုတ်ပါဘူး အန် အန်တီရယ်..."
"အန်တီ့ကိုမလိမ်ပါနဲ့ သမီး...အန်တီအကုန်ကြားလိုက်ပါတယ်...အန်တီ့သမီး စန္ဒီနိုင်...ဘယ်သူ့အိမ်မှာအိပ်တယ်လို့ပြောတာလဲ"
ခိုင်အိ ချွေးစေးများထွက်လာ၏။ လက်ဖျားမှာလည်းအေးစက်လာတော့သည်။
"အန်တီကိုပြောပြစမ်းပါ သမီးရယ်...အန်တီ့သမီးလေး ဘာတွေဖြစ်နေလဲ အန်တီ့ကိုအမှန်အတိုင်းပြောပြစမ်းပါ"
ဒေါ်မိုးဦးအသံတွေတုန်ယင်လာသည်။ မိုက်လုံးကြီးချင်သည့် သမီးကိုဒေါသလည်းထွက် စိတ်လည်းပူနှင့် အပူမီးတွေ ကြွတက်လာလေသည်။
ခိုင်အိတစ်ယောက်လည်း ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေတော့သည်။
X

မတော်တဆ 🤍💋❤Tempat cerita menjadi hidup. Temukan sekarang