ပိုင်ပြည့် ရုံးမှာ သူ့ရဲ့ ပြောင်းလဲမှု မရှိတဲ့ တစ်နေ့တာကို ဖြတ်သန်းပြီး ကားမောင်းကာ အိမ်ကိုပြန်လာခဲ့သည်။
တိုက်ခန်း တံခါးကို ဖွင့်ဖွင့်လိုက်ချင်း Jackie က သူ့အပေါ်ကို ခုန်အုပ်လိုက်၍ သူလည်း နေရာမှာတင်ဖင်ထိုင်ရက် ပြုတ်ကျသွားပြီး Jackie ကိုပွတ်သပ်ပေးနေမိသည်။
" Jackie ..ငါ့ကောင်ကြီး Daddyမရှိတော့ ပျင်းနေတယ်မလား?"
Jackieက ဟုတ်မှန်ကြောင်း ထောက်ခံသလိုမျိုး သူ့ခေါင်းကို ပိုင်ပြည့် လည်ပင်းနဲ့ ပွတ်သပ်နေ၏။ပိုင်ပြည့်လည်း Jackieရဲ့ အစာခွက်ကို အစာပြန်ဖြည့်ပြီးတော့ အကျီလဲကာ သူ့ဗိုက်ကိုလည်း အစာဖြည့်ဖို့ ပြင်ဆင်လိုက်သည်။
ရေခဲသေတ္တာထဲမှာရှိတဲ့ ဟင်းသီးဟင်းရွက်တစ်ချို့နဲ့ ကြက်သားကို သုံးပြီး ကြက်ကုန်းဘောင် တစ်ပွဲကို ချက်လိုက်သည်။ပြီးတော့ အရည်သောက်အနေနဲ့ အချိန်မကုန်တဲ့ ကြက်ဥဟင်းချိုကို ငရုတ်ကောင်းမှုန့်လေး ခတ်ပြီး ချက်လိုက်၏။
စားပွဲပေါ်မှာ ကြက်ကုန်းဘောင်ကြော်နဲ့ ကြက်ဥဟင်းချိုက အငွေ့တထောင်းထောင်းနဲ့ စားချင်စဖွယ် ဖြစ်နေသည်။ပိုင်ပြည့်လည်း ဗိုက်ဆာဆာနဲ့ပဲ ချက်ထားသမျှ အကုန်စားပစ်လိုက်တော့သည်။သူထမင်းစားပြီး ပန်းကန်ဆေးကာ အလုပ်လုပ်ဖို့ အတွက် အခန်းထဲကို ၀င်လာခဲ့သည်။
နှစ်နာရီဆက်တိုက်လောက် အလုပ်လုပ်ပြီးတဲ့အချိန်မှာ မျက်ရိုးတွေကိုက်လာတာမလို့ laptopကို ပိတ်ပြီး အနားယူဖို့လုပ်လိုက်သည်။သူက အရင်ကတည်းက မျက်လုံး အားနည်းတာမလို့ laptopတို့ ဖုန်းတို့ကြည့်တိုင်း မျက်မှန်အမြဲတပ်ရ၏။
ပိုင်ပြည့် မျက်ရိုးကို အသာအယာ နှိပ်နေရင်း စစ်ချီ အကြောင်းကို စဉ်းစားနေမိသည်။အရင်ဘ၀တုန်းက သူ စစ်ချီကို မြင်မြင်ချင်း ချစ်ကြိုက်ခဲ့တာတော့ မဟုတ်ပေ။
စစ်ချီအတွက် သူ့ရဲ့ ပထမဆုံး ထင်မြင်ချက်က ထူးထူးခြားခြား ရှိမနေခဲ့ပါ။စစ်ချီက အင်တာဗျူးလာဖြေတုန်းက အရမ်းတုန်ရီပြီးကြောက်နေတာမလို့သာ သူသတိထားမိခဲ့ခြင်း ဖြစ်သည်။

ESTÁS LEYENDO
Till My Last Breath
Romanceဘာဆက်ဖြစ်မလဲ မသိနိုင်တဲ့ လောကကြီးမှာ ကြိုမမြင်နိုင်တဲ့ အနာဂတ်အတွက် ကတိတွေမပေးရဲပင်မဲ့ မင်းကိုတော့ ကိုယ့်နောက်ဆုံးထွက်သက်ထိ ချစ်နေမယ်ဆိုတာတော့ ကိုယ်ကျိန်ရဲတယ်။ ဘာလို့လဲဆိုတော့ အဲ့တာက ကတိတစ်ခုမဟုတ်ဘဲ အမှန်တရားတစ်ခု ဖြစ်နေလို့ပဲ....။ ...