စစ်ချီ ဆိုင်ကနေ အိမ်ကို ဘယ်လိုပြန်ရောက်လာလဲဆိုတာကိုပင် မမှတ်မိနိုင်တော့ချေ။
ကော်ဖီဆိုင်မှာ အချိန်ဘယ်လောက်ကြာသွားလဲဆိုတာကို စစ်ချီမသိနိုင်တော့အထိ ထိုင်နေမိပြီး ဆိုင်ပိတ်တော့မယ်ဖြစ်ကြောင်း ဆုခြည်ရှင် လာပြောမှသာ စစ်ချီ အိမ်ပြန်ခဲ့ခြင်းဖြစ်၏။
ဆုခြည်ရှင်ကို နှုတ်ဆက်ပြီး ဆိုင်ကနေထွက်လာခဲ့ကာ ဘတ်စ်ကားပေါ်မှာလည်း လမ်းတစ်လျှောက်လုံး မီးရောင်စုံတွေနဲ့ လှပနေတဲ့ ညရှုခင်းကိုပင် စစ်ချီ မခံစားနိုင်ဘဲ ကျော်ဇင်ပြောသွားသည့် စကားများထဲမှ ရုန်းမထွက်နိုင် ဖြစ်နေခဲ့တော့သည်။
အသက်မပါတဲ့လူတစ်ယောက်လို စစ်ချီ တိုက်ခန်းထဲက ဆိုဖာပေါ်မှာ ပစ်လှဲလိုက်တော့သည်။ မီးမဖွင့်ထားတာမလို့ အခန်းတစ်ခုလုံး အမှောင်အတိကျနေကာ နာရီက လက်တံရွေ့လျားသံ တချက်ချက်နှင့် စစ်ချီရဲ့ သက်ပြင်းချသံတို့သာ အခန်းထဲမှာ ရောထွေးနေ၏။
"နှင်းတွေလည်း ကျနေပြီ~
ဒီဆောင်းမြောက်လေ မြူးသည်~
အခုတော့ သိပြီ ~
သူ့ကို ကိုယ်ချစ်သည်~"ဖုန်း ringtoneသံကြောင့် စစ်ချီ အိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ပြီး ကြည့်လိုက်တော့ ခေါ်ဆိုသူမှာ ပိုင်ပြည့်ပင်။ လက်ခံမလို့ လုပ်တုန်းမှာပဲ ကျော်ဇင်ပြောခဲ့သည့်"ငါ အဖွဲ့မှူးကို ကြိုက်တယ်"ဆိုသည့်စကားက စစ်ချီ အတွေးအာရုံထဲ ပြန်စိုးမိုးလာခဲ့လျှင် စစ်ချီဟာ လှုပ်ရှားမှုအစုံရပ်တန့်သွားတော့သည်။
ရင်ထဲ၀င်လာသည့် ခံစားချက်တစ်ချို့က အမည်မဖော်နိုင်ဘဲ အနီးစပ်ဆုံး ပြောပြရလျှင် ဆေးခါးကြီးသောက်လိုက်ရသလို ခါးခါးသက်သက်။ကိုင်ရမလား မကိုင်ရဘူးလား တွေဝေနေမိချိန်မှာပဲ ဖုန်းက ကျသွားတော့သည်။ အချိန်အတော်ကြာသည့်အထိ ဖုန်း ထပ်မံခေါ်ဆိုခြင်း မရှိပေ။
ပိုင်ပြည့်က အမြဲအဲ့လိုပင်။ ဖုန်းတစ်ခါ ခေါ်လို့ မကိုင်တော့လျှင် နောက်တစ်ခါ ဘယ်တော့မှ ထပ်မခေါ်ဘဲ တစ်ဖက်လူ ပြန်ခေါ်မှာကို စောင့်တတ်၏။
တစ်ခါက စစ်ချီ ထိုအကြောင်းအရာကို မေးကြည့်တော့..
"ဖုန်းကို မကိုင်မချင်း ခဏခဏ ခေါ်နေရင် တစ်ဖက်လူက စိတ်အနှောင့်အယှက် ဖြစ်မှာပေါ့ စစ်ချီရ။ ဖုန်းခေါ်ထားတာကို တစ်ဖက်လူသိရင် တော်ရောပေါ့" ဟု အဖြေပြန်ပေးခဲ့၏။
ESTÁS LEYENDO
Till My Last Breath
Romanceဘာဆက်ဖြစ်မလဲ မသိနိုင်တဲ့ လောကကြီးမှာ ကြိုမမြင်နိုင်တဲ့ အနာဂတ်အတွက် ကတိတွေမပေးရဲပင်မဲ့ မင်းကိုတော့ ကိုယ့်နောက်ဆုံးထွက်သက်ထိ ချစ်နေမယ်ဆိုတာတော့ ကိုယ်ကျိန်ရဲတယ်။ ဘာလို့လဲဆိုတော့ အဲ့တာက ကတိတစ်ခုမဟုတ်ဘဲ အမှန်တရားတစ်ခု ဖြစ်နေလို့ပဲ....။ ...