"ဂျုံး ဂျုံး ဂျက် ဂျက် ဂျုံး ဂျုံး ဂျက် ဂျက်"
အရှိန်လျှော့ကာ မောင်းနှင်လာသော ရထားသည် ဘူတာတစ်ခုတွင် ရပ်နားတော့မည်ဖြစ်ကြောင်းအချက်ပြလိုက်သည့်နှယ်။
အားလုံးလှုပ်လှုပ်ရွရွဖြစ်ကာ ပတ်ဝန်းကျင်ကိုစူးစမ်းကြတာမို့ အသံဗလံတွေက ဆူဆူညံညံဖြစ်နေလေသည်။
တဖြည်းဖြည်းနီးကပ်လာသော ဘူတာရုံဆီမှ ထမင်းဟင်းရောင်းသံ ရေရောင်းသံ မုန့်ရောင်းသံတွေက ကြွပ်ကြွပ်စီစီထွက်ပေါ်လာလေသည်။ဘူတာ၏ သစ်သားဆိုင်းဘုတ်တွင်ရေးထားသည်က ဆေးပြယ်လုစစာလုံးလေးတွေဖြစ်သည့် ညောင်ဦးဆိုသည့် အမည်ဖြစ်သည်။
"အားလုံးပဲ ဆင်းကြမယ်ဟေ့ ကိုယ့်အထုပ်ကိုယ်စစ် မိန်းကလေးတွေလည်း ကိုယ့်ပစ္စည်းတွေစုံ၏မစုံ၏စစ်ကြနော် တော်ကြာမှပျောက်တယ်ဆိုရင် ဘာမှလုပ်မရဘူး"
ဆရာ၊ဆရာမတွေရဲ့ လောဆော်မှုကြောင့် ပါလာသော ကျောပိုးအိတ်ကိုကောက်လွယ်ရင်း လက်တစ်ဖက်တွင် ငြိမ်ပြေရဲ့အထုပ်တွေကိုဆွဲပြီး နောက်တစ်ဖက်က ငြိမ်ပြေ့လက်ဖဝါးနုနုလေးကိုကောက်ကိုင်လိုက်သည်။ဒီပစ္စည်းလေးကတော့ တစ်သက်စာပျောက်လို့မှမဖြစ်ပဲကိုး။
"လူတွေတအားရှုပ်တယ် အကို့လက်ကိုသေချာကိုင်ထား"
ရင်းမောင်လက်ကိုခပ်တင်းတင်းဆုပ်ကိုင်ရင်း ကောင်ကလေးက သူ့ရဲ့မူပိုင်အပြုံးနုနုလေးတွေဖြင့်ေမာ့ကြည့်ကာပြုံးပြပါ၏။ဘူတာရုံအပြင်ဖက်တွင်ရပ်ထားသည့် နွားလှည်း ၊ မြင်းလှည်းတွေက ကြိုသူပို့သူအပြည့်ဖြင့် မြိုင်လျက်ရှိသည်။ညောင်ဦးပညာရေးရုံးမှစီစဉ်ပေးသောနွားလှည်းတွေပေါ်မှာအသီးသီးနေရာယူကြပြီးနောက် ဘူတာရုံမှစတင်ထွက်ခွာခဲ့ကြတော့သည်။
ညောင်ဦးတိုက်နယ်မြို့ကလေးသည် အညာအငွေ့အသက်တွေရစ်ခြုံသိုင်းထားသည်မို့ထင်သည်။ ဆောင်းတွင်းနေသာနေသည့်တိုင် ထင်သလောက်မအေးစိမ့်နေသည်ကတော့အမှန်။သို့သော်ညဖက်များတွင်တော့ အညာသည်မညှာတာတတ်လောက်အောင်ပင် အရိုးကွဲမတတ်အေးသည်ဟု ငြိမ်ပြေကြားဖူးပါသည်။ရိုးပြတ်တွေပေါ်လှည်းဘီးတစ်ခါရွေ့တိုင်း မြှောက်မြှောက်တက်သွားသည့်ခံစားချက်က ရန်ကုန်မြို့ပေါ်မှာ ဘတ်စ်ကားအခန့်သားစီးခဲ့ရသူတွေအဖို့ အတွေ့အကြုံအသစ်ဖြစ်နေသလို ရယ်မောစရာဟာသလေးတွေလည်းဖြစ်နေပြန်ပါသည်။
မြေနီလမ်းကလေးတွေပေါ် လှည်းဘီးရာထင်တော့ တလိပ်လိပ်တက်လာသည့် ဖုန်လုံးတွေက သီချင်းလေးတစ်ပုဒ်ကိုအပြေးသတိရမိစေပါ၏။
YOU ARE READING
"ငြိမ်"
Romanceဖြူစင်တဲ့ကလေးဘဝငယ်စဉ်ကတည်းက သန့်ရှင်းတဲ့စိတ်လိပ်ပြာဝိဉာဉ်တွေဟာ မသိစိတ်မှာချည်နှောင်မိခဲ့ကြပြီး ကံ့ကော်ခင်းသည့်မြေဝယ် အရောင်တွေပြောင်းသွားကြတဲ့အခါ... ငြိမ်သက်ခြင်းဆိုတာ ထာဝရမရှိတဲ့ လူ့ဘဝကြီးက အဲ့ဒီစိတ်လိပ်ပြာလေးတွေကို ကြမ္မာငင်စေဖို့အကြောင်းဖန်လာတဲ့...