Ep 18

107 9 3
                                    

Unicode

မကြာခင် မိုးကာလကုန်ဆုံးတော့မည်ထင်သည်။
လျှပ်စီးလက်သံ မိုးခြိမ်းသံတွေက ဆူညံပွက်လောရိုက်ကာ
မိုးဆိုသည်မှာလည်းအနည်းငယ်မျှပင်မစဲနိုင်ဘဲ ရက်ဆက်ရွာနေသည်မှာ လေးရက်မျှပင်ရှိတော့မည်။
ကျောင်းပိတ်ရက် နှစ်ရက်စလုံးကို အဆောင်မှာနေရင်း လိုင်ဘရီကငှားလာသည့် ဝတ္ထုရှည်နှစ်အုပ်ကို စိမ်ပြေနပြေသာဖတ်နေမိသည်။
မိုးသည်းနေသည့်တိုင် အပြင်ထွက်လမ်းသလားနိုင်သော ဟိုအကောင်တင့်‌ဆွေကိုတော့ ရင်းမောင်ခြေဖျားလက်ဖျားအကုန်ခါပါသည်။
ထုံးစံအတိုင်း ဦးချစ်ဆိုင်ထိုင်ပြီး စာကြောင်းပေကြောင်းနည်းနည်း အာပေါဝါယော ကများများလုပ်နေပါလိမ့်မည်။

အိပ်ရာထဲလှဲနေတာ အတော်ကြာပြီမို့ ကုတင်ပေါ်ကထကာ
အညာစောင်ကြမ်းကိုသပ်သပ်ရပ်ရပ်ခေါက်ပြီး ကုတင်ခြေရင်းမှာ‌ဖြန့်ထားလိုက်သည်။
အကြောဆန့်ရင်း ခေါင်းကိုဘယ်ညာရမ်းကြည့်တော့ အနည်းငယ်ရှုပ်ပွသလိုဖြစ်နေသည့် စာကြည့်စားပွဲကို
ရှင်းဖို့ပြင်လိုက်စဉ်အခန်းတံခါးကို တဒေါက်ဒေါက်လာခေါက်သံကြောင့် ရင်းမောင်လုပ်လက်စကိုပစ်ချထားခဲ့ပြီး တံခါးသွားဖွင့်ပေးလိုက်သည်။

"ဪ...ကိုကျော်ခေါင် လာလေ "

တံခါးလာခေါက်သူမှာ ရင်းမောင်တို့ရဲ့တစ်ခန်းကျော်မှ physicsမေဂျာက ကိုကျော်ခေါင်ဖြစ်နေသည်။

"မဝင်တော့ဘူး ရင်းမောင် အောက်ကဧည့်တွေ့ဆောင်ထဲမယ် မင်းရဲ့ဧည့်သည်ရောက်နေလေရဲ့
မင်းကြည်ညိုလို့ပြောခိုင်းလိုက်တယ်"

ဒီကောင်က ငါနဲ့တွေ့စရာဘာကိစ္စရှိလို့လဲ..
ရှင်းရှင်းပြောရရင်တွေ့စရာတောင်မလိုအပ်ပေ။
ပြောစရာစကားလည်းဘာအကြောင်းမှမရှိ...
သို့သော် တစ်ခုတည်းသောတွေ့စရာအကြောင်းကတော့
ငြိမ် နှင့်ပက်သက်နေလိမ့်မည်ဆိုတာ သေချာပါသည်။

"ကျွန်တော်သွားတွေ့လိုက်မယ် ကိုကျော်ခေါင်
ကျေးဇူးပဲဗျ အခုလိုလာပြောပေးလို့"

မလိုဘူး ရတယ်ဆိုသည့်ပုံစံမျိုးကိုပြလိုဟန်ဖြင့် လက်ကိုခါပြပြီး ကိုကျော်ခေါင်က သူ့အခန်းထဲသူပြန်ဝင်သွားလေသည်။
ရင်းမောင်လည်း စွပ်ကျယ်သာဝတ်ထားသည့် ကိုယ်ပေါ်တွင် တီရှပ်တစ်ထည်ကောက်စွပ်ထည့်လိုက်သည်။ တင်းရင်းနေသည့်ရင်အုပ်ပြင်ကျယ်ကျယ်က တီရှပ်အောက်တွင် အံဝင်ခွင်ကျဖြစ်သွားပြီမို့ ပုဆိုးပြင်ဝတ်ကာ အခန်းတံခါးစေ့ပြီး အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။

"ငြိမ်"Where stories live. Discover now