Zawgyi
"ချလွင်... ချလွင်!!!! "
သံပန်းတံခါးမှာချိတ်ဆွဲထားတဲ့ လူခေါ်ခေါင်းလောင်းကို နှစ်ကြိမ်မြောက်လှုပ်ယမ်းပြီးသည့်နောက်တွင်တော့ ပုခုံးပေါ်မှာပ၀ါအနွမ်းလေးတင်ထားသည့်
ဘဘကြီးတစ်ယောက်သည် ပန်းပင်ရေလောင်းနေရာမှ ရေဂျားကိုအသာချပြီး တံခါးဆီသို့လျှောက်လာလေသည်။"ဒီက သူငယ်မလေးတို့က ဘယ်သူ့ကိုတွေ့ချင်လို့လဲကွဲ့"
"သမီးတို့က စံပယ်ညို့သူငယ်ချင်း
ယုထွေးနဲ့ခင်လေးငယ်ပါ ဘဘ..
ဟိုလေ.. ညို ကျောင်းမတက်တာနှစ်ရက်ရှိပြီမို့ နေထိုင်များမကောင်းလို့လားလို့ စိတ်ပူလို့လာခဲ့တာ ဘဘ""ဪ... သမီးညို သူငယ်ချင်းတွေလား..
လာလာ.. ညိုကလေး အိမ်ပေါ်ထပ်မှာရှိတယ် လာကြ"ညိုက မော်လမြိုင်သူဆိုပေမယ့် ရန်ကုန်မှာလည်း ညို့မိဘတွေဝယ်ထားသည့် ရွှေတိဂုံဘုရားနားကလူချမ်းသာရပ်ကွက်ထဲမှာ
အိမ်တစ်လုံးရှိသည်။
သို့သော် ညိုကထိုအိမ်မှာမနေ။
ခေတ်ဆန်ဆန်နဲ့လွတ်လွတ်လပ်လပ်ပါ့ပေါ့ပါးပါး အဆောင်သူဘ၀ကိုဖြတ်သန်းချင်သည်ဆို၍သာ ညို့မိဘတွေကအဆောင်မှာနေဖို့ခွင့်ပြုထားတာဖြစ်သည်။
ဒါကြောင့်မို့ ညိုကသမီးငယ်ဆိုသည့်အတိုင်း နွဲ့ဆိုးလေးတော့ဆိုးချင်ပေမယ့် လေးငယ်နဲ့ယုထွေးတို့နဲ့ဆိုလျှင်
အေးချမ်းသိမ်မွေ့သည့် အလိမ္မာလေးတစ်ယောက်သာ..။ပြီးခဲ့တဲ့သောကြာနေ့ညနေ ကျောင်းလွှတ်ကတည်းက အဆောင်မှူးဆီမှာ ညို့အမေကိုယ်တိုင်လက်မှတ်ထိုးပြီး လာခေါ်သွားစဉ်ကတည်းကအရေးကြီးကိစ္စ
တစ်စုံတစ်ရာရှိမှန်းတော့ လေးငယ်တို့ရိပ်စားမိပါသည်။
ညို့ကိုမေးဖို့ကလည်းအလျင်မမှီလိုက်တာကြောင့် မည်သည့်ကိစ္စဆိုတာမှန်း မသိခဲ့လိုက်ကြ...။
ညိုကျောင်းပျက်ရခြင်းက ထိုကိစ္စနှင့်များပက်သက်လေမလား..။ဘဘကြီးက ဧည့်ခန်းထိသာ လိုက်ပို့ပေးပြီး ခြံထဲသို့ပြန်ဆင်းသွားလေပြီ...။
ယုထွေး ဧည့်ခန်းကိုဝေ့၀ဲကြည့်တော့ ကျွန်းဆက်တီတစ်ခုပေါ်မှာ စာအုပ်ထူထူတစ်အုပ်ကိုအာရုံစူးစိုက်ပြီးဖတ်နေတဲ့ ယုထွေးတို့ထက်အသက်အနည်းငယ်မျှကြီးပုံရမည့် လူရွယ်တစ်ဦးသည် ခြေချိတ်လျက်ထိုင်နေလေသည်။
ဒီအိမ်ကိုလည်း ယခင်ကညိုပြောဖူး၍သာ ကြားဖူးပြီး တစ်ကြိမ်တစ်ခါမှ မရောက်ဖူးပေ..။
သို့သော် ထိုလူသည်ဖြစ်နိုင်တာကတော့ ညိုပြောပြောနေသည့် ညို့ရဲ့တစ်ဦးတည်းသော အကိုဆိုတာပေများလား..။
ညိုက အကိုရှိသည်ဟုသာပြောဖူးပြီး တစ်ခါမျှပင်မိတ်မဆက်ပေးခဲ့သလို ကျောင်းပြန်လာကြိုတိုင်း လေးငယ်တို့လည်းအဝေးကသာလှမ်းမြင်ဖူးသည်မို့ ယခုလိုအနီးကပ်မြင်ဖူးသည့်အခါ အနည်းငယ်မျှရှိန်သလိုပင်ဖြစ်ရသည်။
YOU ARE READING
"ငြိမ်"
Romanceဖြူစင်တဲ့ကလေးဘဝငယ်စဉ်ကတည်းက သန့်ရှင်းတဲ့စိတ်လိပ်ပြာဝိဉာဉ်တွေဟာ မသိစိတ်မှာချည်နှောင်မိခဲ့ကြပြီး ကံ့ကော်ခင်းသည့်မြေဝယ် အရောင်တွေပြောင်းသွားကြတဲ့အခါ... ငြိမ်သက်ခြင်းဆိုတာ ထာဝရမရှိတဲ့ လူ့ဘဝကြီးက အဲ့ဒီစိတ်လိပ်ပြာလေးတွေကို ကြမ္မာငင်စေဖို့အကြောင်းဖန်လာတဲ့...