Unicode
------------
လကွယ်ရက်မို့ ကောင်းကင်သည်နက်ပြာရောင်မဲနယ်ခြုံလွှာကို တင်းတင်းကြပ်ကြပ်သိုင်းခြုံထားလေ၏။လရောင်ငတ်သော ကြယ်တာရာတို့သည် အခွင့်မသာတာကြောင့် လောကဓာတ်ကိုအလှမဆင်နိုင်ရှာ။ညလေအဝှေ့တွင် နှာဖျားဝသို့တိုးဝှေ့ကျီစယ်သော ညမွှေးပန်းရနံ့သည် နွမ်းနယ်ပန်းလျနေသောစိတ်အစုံကို အနည်းငယ်လန်းဆန်းသွားစေလေသည်။
မနှေးမမြန်သောအရှိန်ဖြင့်မောင်းနှင်လာသော ကားကလေးသည် ရွှေတောင်ကြားရပ်ကွက်ထဲသို့ရောက်ရှိလာပြီဖြစ်ကြောင်း ကျယ်ဝန်းသောခြံဝင်းနှင့်ပုံဆန်းသောလုံးချင်းတိုက်ကြီးများကသက်သေပြသည်။တစ်ဝမ်းကွဲညီဖြစ်သူ၏မင်္ဂလာပွဲကို အဖေဖြစ်သူ၏မျက်နှာကြောင့်လာရပေမယ့် ရင်းမောင်၏နှလုံးသည်းစိုင်တွင် လက်လွှတ်ဆုံးရှံးရခြင်းကြောင့်ဖြစ်ပေါ်လာသော ဝမ်းနည်းပူဆွေးသောကရောက်ခြင်းမုန်တိုင်းတို့သည်းထန်နေလေသည်။
တရိပ်ရိပ်ကျန်ခဲ့သောတိုက်တာတို့ထက် ရင်းမောင်၏အတွေးမြင်ကွင်းထဲတွင် ရုပ်ရှင်ရုံထဲမှာအချဉ်ပေါင်းစားရ၍ပျော်နေသော မျက်ဝန်းလေးတွေ၊စာတိုက်မှာတုန်းက ဟိုဟိုဒီဒီငေးမောနေတဲ့ သွင်ပြင်ဟန်မူရာကလေးတွေ၊ ပုဂံမှာတုန်းက မြင်းလှည်းတူတူစီးခဲ့ကြတဲ့ ပုံရိပ်ကလေးတွေ၊ တရုတ်စကားပန်းနံ့သင်းနေတဲ့ ကိုယ်ငွေ့ကလေးတွေကသာ နေရာယူကြီးစိုးထားလေသည်။ ဝတ္ထု၊ ရုပ်ရှင်တွေထဲက သေရာပါဆိုသောစကားဟာ စိတ်ကူးယဉ်ဆန်သော စကားလုံးမဟုတ်ကြောင်း ရင်းမောင်နားလည်ခဲ့ပြီဖြစ်သည်။
ရုတ်တရက်ဝေဝါးလာသောလက်ရှိမြင်ကွင်းကြောင့် ခေါင်းကိုအသာမော့ပြီး မျက်ရည်တွေကိုလျှံမကျလာစေဖို့ရင်းမောင်အမြန်ထိန်းလိုက်ရသည်။ နောက်ကြည့်မှန်ကနေတစ်ဆင့်လှမ်းကြည့်နေသော အဖေက သူ့အမူအရာကိုဆန်းစစ်နေပုံရသည်။
"သားမောင် နေလို့မကောင်းလို့လား"
"သက်သာနေပါပြီ အဖေ ကျောင်းဖွင့်ရက်ကျရင်အဆောင်ပြန်တော့မှာပါ"
"အေးပါ တစ်ခုခုဆိုရင် အဖေ့ကိုပြောကွာ အားမနာနဲ့ဟုတ်ပြီလား သားမောင်နဲ့ အဖေနဲ့ကမင်းအမေနဲ့လိုမျိုးလောက်အကြာကြီးအတူမရှိခဲ့တော့ တစ်ချု့အရာတွေကို သားမောင်ကိုယ်တိုင်ပြောမှသိမှာကွ ဖြစ်ချင်တာလုပ်ချင်တာရှိရင် အဖေ့ကိုတိုင်ပင် အဖေကအစွမ်းကုန်ဖြည့်ဆည်းပေးမယ် ဟုတ်ရဲ့လား
YOU ARE READING
"ငြိမ်"
Romanceဖြူစင်တဲ့ကလေးဘဝငယ်စဉ်ကတည်းက သန့်ရှင်းတဲ့စိတ်လိပ်ပြာဝိဉာဉ်တွေဟာ မသိစိတ်မှာချည်နှောင်မိခဲ့ကြပြီး ကံ့ကော်ခင်းသည့်မြေဝယ် အရောင်တွေပြောင်းသွားကြတဲ့အခါ... ငြိမ်သက်ခြင်းဆိုတာ ထာဝရမရှိတဲ့ လူ့ဘဝကြီးက အဲ့ဒီစိတ်လိပ်ပြာလေးတွေကို ကြမ္မာငင်စေဖို့အကြောင်းဖန်လာတဲ့...