Unicode
ဆေးရုံဝင်းထဲကိုခြေချလိုက်သည်နှင့် လွင့်ပျံလာသည့် ပိုးသတ်ဆေးအနံ့က ခပ်စူးစူး...။ဆေးရုံရှေ့မှာရောင်းသောအသီးသည်ဆီမှဝယ်လာတဲ့ ပန်းသီးနှင့် လိမ္မော်သီးတွေထည့်ထားသည့်
ကြွပ်ကြွပ်အိတ်လေးကိုဆွဲလို့ ညို ဆေးရုံထဲသို့ အပြေးကလေးလှမ်းဝင်လာလိုက်သည်။မိန်းမဝတ်လက်ပတ်နာရီကို တစ်ချက်ငုံ့ကြည့်မိတော့ ညနေ လေးချက်တီး....။"ဟော... ညို သမီးလေး လာ ဒီမှာညည်းဦးလေးက ဆန်ပြုတ်ပဲစားချင်တယ်ပြောနေလို့ တီငယ်ဆေးရုံရှေ့ထွက်ဝယ်လိုက်ဦးမယ် "
"ညို သွားဝယ်ပေးမယ်လေ တီတီငယ်"
"နေပါစေ... ဒီမှာသမီးဦးလေးနဲ့ ခဏနေခဲ့ချည် တီငယ် အခုပဲပြန်လာခဲ့မယ်"
ပိုက်ဆံအိတ်ကို ချိုင်းကြားညှပ်လို့ အခန်းအပြင်ဖက်ထွက်သွားပြီဖြစ်တဲ့ တီငယ့်ကိုငေးကြည့်ပြီး ညို အတွေးတစ်ခုဝင်လာရသည်။ ဒေါ်ယဉ်ယဉ်ထိပ်ထားနှင့် ဒေါ်ခင်ခင်ထိပ်ထားတို့သည် ညီအစ်မအရင်းတွေများဟုတ်ပါ့မလား
ဆိုသည့်အတွေးလေးပင်.....။"သမီး...."
"ရှင်..."
ကုတင်ခေါင်းရင်းကိုကျောမှီလို့ ဖျော့တော့စွာထိုင်နေသည့် ဦးလေးမင်းထင်ရဲ့ခေါ်သံကြောင့် ညို့အတွေးစကလေးပြတ်သွားရသည်။လက်ထဲမှာကိုင်ထားဆဲဖြစ်သည့် အသီးထုပ်ကို ကုတင်ဘေးက သစ်စားဗီရိုအသေးစားလေးပေါ်တင်တော့ တီတီငယ်မနေ့ကယူလာဟန်တူသည့် ရေနွေးဓာတ်ဘူး၊ဟောလစ်ပုလင်းနဲ့ ဇလုံတစ်ချို့ကိုတွေ့လိုက်ရသည်။ကားနဲ့တိုက်မိမလိုဖြစ်စဉ်က ဦးလေးလက်ထဲပါလာသည့်ကျောပိုးအိတ်အနွမ်းသည် အဝတ်အစားတစ်ချို့နှင့် ပုဆိုးတစ်ထည်စနှစ်ထည်စပါသည်ထင်ပါသည်။ကုတင်ခြေရင်းကတန်းပေါ်တွင်လှမ်းထားသည့် ရေခြောက်လုစ ပုဆိုးခပ်နွမ်းနွမ်းကသက်သေ...။
"သမီး နာမည်က...."
"စံပယ်ညိုပါရှင့်...."
"နာမည်နဲ့လူနဲ့လည်းတယ်လိုက်သကိုး စံပယ်ပွင့်လေးလို လှရက်လိုက်တာ ဒါကြောင့်လည်းမောင်ကြည်ညိုက သူ့နှမကိုစိတ်မချတာထင်ရဲ့...
ဦးလေးနာမည်ကတော့ ဦးမင်းထင်..."
YOU ARE READING
"ငြိမ်"
Romanceဖြူစင်တဲ့ကလေးဘဝငယ်စဉ်ကတည်းက သန့်ရှင်းတဲ့စိတ်လိပ်ပြာဝိဉာဉ်တွေဟာ မသိစိတ်မှာချည်နှောင်မိခဲ့ကြပြီး ကံ့ကော်ခင်းသည့်မြေဝယ် အရောင်တွေပြောင်းသွားကြတဲ့အခါ... ငြိမ်သက်ခြင်းဆိုတာ ထာဝရမရှိတဲ့ လူ့ဘဝကြီးက အဲ့ဒီစိတ်လိပ်ပြာလေးတွေကို ကြမ္မာငင်စေဖို့အကြောင်းဖန်လာတဲ့...