Unicode
"ယနေ့အလှူရှင် ကိုကြီးမင်းကြည်ညို ကျန်းမာပါစေ ချမ်းသာပါစေ
ကိုယ်စိတ်နှလုံးရွှင်ပြုံးပါစေ""နားခိုရာ" မိဘမဲ့ဂေဟာတွင်းရှိ ထမင်းစားဆောင်ဆီမှ ဟိန်းခနဲထွက်လာသည့် ကလေးများ၏ ဆုတောင်းထောပနာပြုသံကြောင့် မဟော်ဦးစိတ်ထဲသိမ့်ခနဲဖြစ်သွားရသည်။နံဘေးမှာရပ်နေသည့်လူကိုငေးကြည့်တော့ မျက်ဝန်းတွေထဲမှာမျက်ရည်ကြည်တွေဝေ့နေတာမြင်လိုက်ရသည်။
အသက်အရွယ်အပိုင်းအခြားမျိုးစုံရှိသည့် ဒီဂေဟာလေးထဲကကလေးတွေအားလုံးဟာ မိဘမရှိဘဲ မိဘမဲ့နေကြသူတွေရှိသလို အမိအဖရှိပါလျက်နှင့် မိဘမဲ့နေကြသူတွေလည်းပါ၏။အတန်းပညာရေးဆုံးခန်းတိုင်သည်အထိ ဒီဂေဟာလေးမှာနေခွင့်ပေးထားပြီး လုပ်ငန်းခွင်ဝင်ချိန်ရောက်၍ ထွက်သွားချင်လျှင်လည်းထွက်သွားခွင့်ပေးထား၏။
နာမည်နှင့်လိုက်အောင် ဒီနေရာလေးက တကယ့်ကိုနားခိုရာအစစ်အမှန်ဖြစ်သည်ကို မဟော်ဦးခံစားမိပါသည်။ကလေးတွေစားနေသည့်အချိန် ပဲကုလားကြက်သားဟင်းပန်းကန်တွေထဲ ဟင်းရည်လိုက်ဖြည့်ပေးနေသည့် ထိုလူ့ကိုလှမ်းကြည့်ပြီး စိတ်ရင်းလေးကမဆိုးရှာပါလားဟု တွေးမိသေးသည်။ချည်ထည်လက်ရှည်အဖြူကို
လက်ခေါက်ကာဝတ်ပြီး ကချင်ပုဆိုးကွက်စိပ်အရောင်ရင့်ရင့်နဲ့တွဲစပ်ထားတော့ သူ့ရဲ့နဂိုရှိရင်းစွဲဖြူသောအသားကဝင်း၍နေတော့သည်။မြင်ရခဲသည့်အပြုံးတွေကဒီနေ့မှ စိတ်လိုလက်ရရှင်သန်နေသည်ကိုလည်းသတိထားမိသည်။အစိတ်အပိုင်းတစ်ခုချင်းစီကိုလိုက်ပြီးကြည့်နေမိသည့်ကိုယ့်ကိုယ်ကိုယ်သတိထားမိတော့မှ မျက်နှာတွေထူပူသွားမိသည်။ဒီနေ့မွေးနေ့ကိုသူတစ်ယောက်တည်းဖြတ်သန်းရမည့်အကြောင်းပြောလာသည့်အပြင် မိဘမဲ့ဂေဟာမှာအလှူလုပ်မည်ကိုပါပြောလာတော့ အခုအချိန်မှာ မိဘမဲ့ဖြစ်နေပြီဖြစ်သည့် မဟော်ဦး၏သနားစိတ်ကလေးက ရင်ထဲသို့ တိုးလှိမ့်၍ဝင်လာ၏။ ကလေးတွေကခုလိုမြိန်ရေယှက်ရေစားနေတာမြင်တော့လည်း မဟော်ဦးဒီနေ့လိုက်လာရကျိုးနပ်သည်ဟုခံစားမိသည်။
ရုတ်တရက်ဆိုသလို မျက်ဝန်းချင်းနှစ်ခုအကြည့်ချင်းဆုံသွားခိုက်တွင် ရယ်မြူးရိပ်သန်းသောအပြုံးလတ်လတ်ဆတ်ဆတ်တို့ကြောင့် မဟော်ဦးအကြည့်တွေကိုချက်ချင်းလွှဲပစ်မိသည်။အကြောင်းအရင်းမရှိတရစပ်ခပ်ထည့်မိသောဟင်းရည်တို့က စတီးဇလုံထဲကလျှံကျတော့ စားနေသည့်ကလေးလေးက အလန့်တကြားမော့ကြည့်သည်။မဟော်ဦးတစ်ယောက် ကလေးလေးကိုမချိပြုံးလေးသာပြုံးပြနိုင်လိုက်သည်။
YOU ARE READING
"ငြိမ်"
Romanceဖြူစင်တဲ့ကလေးဘဝငယ်စဉ်ကတည်းက သန့်ရှင်းတဲ့စိတ်လိပ်ပြာဝိဉာဉ်တွေဟာ မသိစိတ်မှာချည်နှောင်မိခဲ့ကြပြီး ကံ့ကော်ခင်းသည့်မြေဝယ် အရောင်တွေပြောင်းသွားကြတဲ့အခါ... ငြိမ်သက်ခြင်းဆိုတာ ထာဝရမရှိတဲ့ လူ့ဘဝကြီးက အဲ့ဒီစိတ်လိပ်ပြာလေးတွေကို ကြမ္မာငင်စေဖို့အကြောင်းဖန်လာတဲ့...