Ep 3

284 24 2
                                    

Zawgyi

ညနေ ၄ချက်တီးဆိုသောအချိန်သည် ပူလွန်းသည်တော့မဟုတ် ...
အကျနေရဲ့ပူပြင်းမှုကို တမာပင်တန်းကြီးတွေ ထန်းပင်တန်းတွေရဲ့အရိပ်က ရင်းမောင်ကျောင်းပြန်လာရာလမ်းပေါ်တွင် အုပ်မိုးပြီး အနည်းငယ်ကွယ်ကာထားပေးသည်မို့ စက်ဘီးနင်းရတာ ချွေးစို့မနေပေ။

ရင်းမောင်တို့နေတဲ့မြင်းကပါနဲ့အတန်ငယ်လှမ်းသည့်
ပုဂံမြို့ထဲမှာရှိတဲ့တစ်ခုတည်းသောအတန်ငယ်အိုဟောင်း
နေသည့်မူလတန်းကျောင်းရှိရာသို့နေ့စဉ်စစ်ကျန်စက်ဘီးကိုအားကုန်နင်းလို့ ကျောင်းတက်နေရပေမယ့်
ရင်းမောင်ညည်းညူမနေမိခဲ့ပါ။
ဘုရားပရဝုဏ်လေးမှာယွန်းထည်ရောင်းလို့
ကျောင်းပိတ်ရက်တွေမှာ ရက်ကန်းစင်မှာရက်ကန်းရက်လို့ရတဲ့
ဝင်ငွေကလေးနဲ့ ကိုယ့်ကိုကျောင်းထားပေးနေတဲ့ အမေ့ကိုရင်းမောင်သနားသည်။
တစ်ခါတစ်ရံ အမေ့ကို အဖေဘယ်သွားသလဲလို့မေးတဲ့အခါ
အမေပြန်ဖြေသည်က ဟိုးအဝေးကြီးမှာလို့အမေပြန်ဖြေသည်။
ရင်းမောင်သိချင်သည်က ဟိုးအဝေးကြီးသည် မည်သည့်နေရာနည်း...။

မြို့ဟောင်းထဲသို့အဝင် ...အပါယ်ရတနာဘုရားနားအရောက်
မြေနီလမ်းပေါ်ကိုကွေးညွတ်ကျနေတဲ့ မန်းကျည်းပင်အိုကြီးနားအရောက်တွင်တော့ ရင်းမောင် စက်ဘီးကိုအသာရပ်လို့နှစ်ဖက်ခွထောက်နဲ့
ပင့်တင်ထောက်လိုက်သည်။
စာအုပ်အပြည့်ပါသည့်လွယ်အိတ်ထဲမှစာအုပ်တွေကို
စက်ဘီးနောက်ခုံမှာထုတ်တင်လိုက်ပြီး
ပုဆိုးကိုမြောင်နေအောင်ကျိုက်ပြီး လွယ်အိတ်အလွတ်ကိုကြိုးတိုတိုကလေးထုံးပြီးစလွယ်သိုင်းလိုက်သည်။
လူကြီးသုံးဖက်စာလောက်ရှိသည့်သက်တမ်းရင့်မန်းကျည်းပင်အိုကြီးပေါ်မှမန်းကျည်းတောင့်စိမ်းစိမ်းလေးတို့ကိုမော့ကြည့်ရင်းညနေစာထမင်းဝိုင်းလေးကမြိန်ဦးမယ်ဆိုတာ ရင်းမောင်တွေးပြီးပြုံးမိသေးသည်။

ခပ်တောင့်တောင့်အကိုင်းတစ်ခုပေါ်မှာနေရာတကျထိုင်ရင်း
မန်းကျည်းတောင့်ခူးနေတုန်း ငိုရှိုက်သံတိုးတိုးလေးတစ်ခုကို
ရင်းမောင်သဲ့သဲ့ကလေးကြားမိသည်။
သရဲ၊တစ္ဆေတော့မဟုတ်တန်ရာ...
နေတောင်ဝင်သေးသည်မဟုတ်။
ဒီမန်းကျည်းပင်မတက်ခင်ကလည်း ဘုရားဝင်းစောင့်၊ အပင်စောင့်နတ်ကြီးများကို ရင်းမောင်
ပုဆစ်ဒူးတုပ်ခွင့်ပန်ခဲ့ပြီးသားပင်....။
လွယ်အိတ်အပြည့်နီးပါးရနေပြီဖြစ်တဲ့ မန်းကျည်းတောင့်တွေကိုထွက်မကျစေဖို့အိတ်ကို
တင်းနေအောင်ထပ်မံချည်နှောင်လိုက်ပြီးမှ အပင်မှထိန်း၍ဆင်းလာခဲ့လိုက်သည်။

"ငြိမ်"Where stories live. Discover now