"ကဲ....ဘယ်လိုဖြစ်လို့ studyကာလကြီးကို ရာဇူးထဲရောက်လာရတာလဲ ကိုကို...
ဂျက်စမင်အချိန်မရဘူး သန်ဘက်ခါစာမေးပွဲရှိတယ်"စံပယ်ညိုက သောက်လက်စ ဇီးဖျော်ရည်ခွက်ကို ပိုက်ဖြင့်တစ်ငုံမျှစုပ်သောက်ရင်း အလောတကြီးဆိုသည်။
တောင်ငူကန်တင်းကအရှည်ကြီးဆိုင်ထဲမှာ စာကျက်သယောင်ယောင် လေပွသယောင်ယောင် ကောင်လေးတစ်ချို့ရှိသလို ကောင်မလေးခေါ်လို့ငူငူငိုင်ငိုင်စာဖတ်နေရသော ကောင်လေးမျိုးလည်းတွေ့ရပါ၏။"ကိုကို...ဘာဆက်လုပ်ရမလဲ"
"လုပ်ချင်တာလုပ်"
"မရွဲ့စမ်းပါနဲ့ မိဂျက်စမင်ရာ.."
"မသိဘူးလေ ကိုကိုကဘာကိုဆိုလိုနေမှန်းမှ ဂျက်စမင် မသိတာလေ စာမရသေးလို့ရူးချင်နေပါတယ်ဆိုမှ
ကိုကိုကတစ်မှောင့်""တော်ပါပြီ အဆောင်ပြန်လိုက်ပို့ပေးမယ် စာသေချာကျက်ဦး"
ဒွိဟဖြစ်နေသော အသွင်သဏ္ဍာန်တို့သည် ကိုကို့မျက်နှာထက်တွင် အုံ့မှိုင်းညို့မှောင်နေသောတိမ်စိုင်တွေကဲ့သို့ မှုန်မှိုင်းပြလျက်ရှိ၏။
"ဟယ်...ညို "
"အို...မမသဇင် လာ ထိုင်ပါဦး
ရာဇူးထဲဘယ်လိုရောက်နေတာတုန်း
ဘာလဲ...ချစ်သူစာမကျက်မှာစိုးလို့ လာခိုးချောင်းတာပေါ့လေ""မဟုတ်တာ...ဒီကလေးမတော့ တောက်တီးတောက်တဲ့တွေ
ရာဇူးထဲမှာ တို့မောင်လေးရှိတယ်လေ ပထမနှစ်လေးပေါ့
စာမေးပွဲရှိတယ်ဆိုတော့ အစားအသောက်ပျက်မှာပဲဆိုပြီး
အကြော်အလှော်လေးတွေလာပို့ရင်း အရှည်ကြီးဆိုင်ကလက်ဖက်ရည်လေး
သောက်ချင်လို့ဝင်ဝယ်တာ
ဒါနဲ့ သူက....""ဪ မိတ်ဆက်ပေးရဦးမယ် ...ဒါက ညို့ ရဲ့အကို မင်းကြည်ညိုတဲ့ မမတို့ကျောင်းကပဲ "
"တွေ့ရတာဝမ်းသာပါတယ် တို့က ဒေါက်တာ သဇင်ဦးပါ အိုဂျီ အမ်အက်စ်စီ(M.Sc) ပြီးထားတာမကြာသေးပါဘူး"
"တွေ့ရတာဝမ်းသာပါတယ် မမ ကျွန်တော့်နာမည် မင်းကြည်ညိုပါ"
တောက်လျှောက်တိတ်ဆိတ်ငြိမ်သက်နေသော အကိုဖြစ်သူက
မသဇင်ကိုနွေးနွေးထွေးထွေးနှုတ်ဆက်ပါသည်။
တကယ်တော့ မမသဇင်ကိုသိကျွမ်းခဲ့တာက လေးရဲ့အမျိုးသမီးရောဂါကို မမဆီမှာသွားပြတုန်းကဖြစ်သည်။
မမသဇင်ကသိပ်လှသလို အရမ်းလည်းသဘောထားပြည့်သည်။
မြန်မာဆန်ဆန် ရင်ဖုံး ၊
နက်မှောင်သောဆံနွယ်ရှည်ရှည်ဖြင့် ကျက်သရေအတိပြီးသော သဇင်ပန်းမကိုဋ်တစ်ပွင့်ကိုပြပါဆိုလျှင် မမသဇင်ဦးကိုလက်ညှိုးထိုးပြရမည်ဖြစ်သည်။
ကိုကို့ကိုတစ်လှည့် မမသဇင်ကိုတစ်လှည့်ကြည့်ရင်း ညို့အတွေးထဲသို့ အတွေ့တစ်ချို့ဖျတ်ခနဲဝင်လာပါ၏။
YOU ARE READING
"ငြိမ်"
Romanceဖြူစင်တဲ့ကလေးဘဝငယ်စဉ်ကတည်းက သန့်ရှင်းတဲ့စိတ်လိပ်ပြာဝိဉာဉ်တွေဟာ မသိစိတ်မှာချည်နှောင်မိခဲ့ကြပြီး ကံ့ကော်ခင်းသည့်မြေဝယ် အရောင်တွေပြောင်းသွားကြတဲ့အခါ... ငြိမ်သက်ခြင်းဆိုတာ ထာဝရမရှိတဲ့ လူ့ဘဝကြီးက အဲ့ဒီစိတ်လိပ်ပြာလေးတွေကို ကြမ္မာငင်စေဖို့အကြောင်းဖန်လာတဲ့...