Unicode
------------နီယွန်မီးတိုင်တွေသည် လေအဟုန်ခွင်း၍မောင်းသော ကားကလေး၏နောက်တွင် တဖြည်းဖြည်းမှိန်ဝါး၍သာကျန်ခဲ့လေသည်။
မင်္ဂလာဒုံဖက်သို့ပြန်မည့်ဒိုင်နာကားတွေဆီမှ စပယ်ယာများ၏အော်သံတွေကလည်း အဝေးမှာလွင့်ပျံကျန်ရစ်ခဲ့လေ၏။
အိုက်စပ်သော ညလေပူက ကားအတွင်းသို့ လှစ်ခနဲ လှစ်ခနဲခုန်ပေါက်ဝင်ရောက်လာတော့ ကားမောင်းနေရင်းကပင် အင်္ကျီကြယ်သီးနှစ်လုံးကိုဖြုတ်လိုက်မိသည်။ နားသယ်စပ်ကချွေးစက်တို့က လေပူကြောင့်ပင်အငွေ့ပျံသွားကြသည်။
စတီယာရင်ကိုကျွမ်းကျင်စွာမောင်းနှင်နေရင်းကပင် မျက်လုံးတို့ကသိန်းငှက်တစ်ကောင်လိုစူးရှစွာ လမ်းဘေးဘီဝဲယာကိုကြည့်နေမိသည်။
အခုထိအရိပ်အယောင်လေးကိုပင် မဖမ်းမိနိုင်သေး။ဝဲကျလာသော ဆံစတွေကိုခေါင်းပေါ်အသာသပ်တင်ရင်း သက်ပြင်းကိုဟင်းခနဲချမိသည်။
ကျောင်းနဲ့အိမ်ကိုသာအသွားအလာရှိသောဒီကလေးဘယ်တွေသွားတတ်သလဲဆိုတာ မင်းကြည်ညို တကယ်မသိပါ။ကျောင်းဆောင်ကလည်းပိတ်ရက်မို့ မဖွင့်ထားပေ။ အခုလည်း တောက်လျှောက်ရှာလာတာအင်းစိန်ဖက်ကိုတောင်ကျော်လာလေပြီ။ညသည်လည်းနက်သထက်နက်လာခဲ့ပြီ။ လမ်းပေါ်တွင်လည်း လူသွားလူလာသိပ်မရှိတော့။တစ်ညနေလုံးခေါင်းမီးတောက်လောက်အောင်ရှာဖွေနေတာမို့ အပူဇောကြောင့် ဆာရကောင်းမှန်းမသိခဲ့ပေ။အခုတော့ ဟာနေသောဗိုက်ကဆန္ဒပြကာ တဂွီဂွီမြည်နေလေသည်။ကားကိုလမ်းနံဘေးသို့ ဆတ်ခနဲဆွဲကွေ့ချကာ ရပ်ချလိုက်မိသည်။ထို့နောက်
လက်ဖဝါးဖြင့် မျက်နှာပြင်ကိုဖိပွတ်ကာ လေပူတစ်ချက်ကိုဟူးခနဲမှုတ်ထုတ်လိုက်မိပြန်သည်။
မင်းကြည်ညိုဘာဆက်လုပ်သင့်သလဲဆိုတာ ခေါင်းအေးအေးထားကာစဉ်းစားရမည်ဖြစ်သည်။
သေချာတာတစ်ခုက အမဖြစ်သူနှင့်ကတောက်ကဆဖြစ်ရာကနေ စိတ်အခန့်မသင့်ကြရုံသာဖြစ်မည်ထင်သည်။ဒါကြောင့်မို့ အိမ်ကနေခဏထွက်သွားရုံသာဖြစ်လိမ့်မည်။အမဖြစ်သူကို အသက်လောက်ချစ်သည့် ထိုကောင်လေးက ဒီရန်ကုန်မြို့ကနေထွက်သွားမှာမဟုတ်တာတော့သေချာ၏။ဒါကြောင့် ခဏစောင့်ကြည့်ပြီး လိုလိုမယ်မယ်လူပျောက်တိုင်ထားလိုက်သင့်သည်ဟုတွေးမိသည်။ပြီးမှ နီးစပ်တဲ့အသိတွေကနေတစ်ဆင့် ထပ်ပြီးစုံစမ်းရမည်။
![](https://img.wattpad.com/cover/241626639-288-k465673.jpg)
YOU ARE READING
"ငြိမ်"
Romanceဖြူစင်တဲ့ကလေးဘဝငယ်စဉ်ကတည်းက သန့်ရှင်းတဲ့စိတ်လိပ်ပြာဝိဉာဉ်တွေဟာ မသိစိတ်မှာချည်နှောင်မိခဲ့ကြပြီး ကံ့ကော်ခင်းသည့်မြေဝယ် အရောင်တွေပြောင်းသွားကြတဲ့အခါ... ငြိမ်သက်ခြင်းဆိုတာ ထာဝရမရှိတဲ့ လူ့ဘဝကြီးက အဲ့ဒီစိတ်လိပ်ပြာလေးတွေကို ကြမ္မာငင်စေဖို့အကြောင်းဖန်လာတဲ့...