အခန်းငယ်လေးက သာမန်နေ့တွေထက်ပိုပြီး အထီးကျန်ဆန်စွာ တိတ်ဆိတ်လွန်းနေသည်ဟု ထင်မိသည်။ပြတင်းပေါက်ဆီမှတိုးဝင်လာသော နွေလေရူးက အပူငွေ့တွေကို အလုံးအရင်းနှင့်သယ်လာသည်။ မအေးမြပါ။ ပို၍သာလောင်မြိုက်လျက်ရှိသည်။လှမ်းမြင်နေရသော ကတ္တရာလမ်းပေါ်က အလျှံညီးညီး တံလျပ်တွေက ရင်ထဲကအပူမီးတွေကိုမှီနိုင်ရိုးလား။
မနေ့ညနေက ထမင်းနည်းနည်းစားထားပြီး ယခုတော့အစာမရှိသော ဝမ်းဗိုက်ကတဂွီဂွီအော်မြည်သံကိုလစ်လျူရှုကာ ကုတင်ပေါ်တွင်ခွေခွေလေးလှဲနေမိသည်။
နည်းနည်းလေးမှမလှုပ်ချင်။ဘာကိုမှမမြင်ချင်။နွေရဲ့အပေါင်းအပါတွေက သူ့ကိုသတ်
မည့်ကြံရာပါတွေဟု ထင်မိသည်။
မျက်လုံးကိုဖွင့်ကြည့်တော့လည်း မျက်နှာကြက်ကဗလာဟင်းလင်းအတိ။ဝပ်အားနည်းမီးသီးလေးတစ်ပွင့်သာ တန်ဆာဆင်ထား၏။မျက်လုံးကိုမှိတ်လိုက်ပြန်တော့လည်း ဖန်ဂေါ်လီညိုရောင်မျက်ဝန်းတွေနဲ့ ယုန်သွားလေးတွေကလွဲရင် နတ္ထိ ဘာမှမရှိ။မျက်နှာလေးမမြင်ရတာ ၄ရက်၊ ၁၀နာရီနဲ့၅၂မိနစ်ရှိပြီ။နံရံကပ်နာရီသံက တစ္ဆေတစ်ကောင်၏ခြေသံနှင့်တူသည်။ အခန်းပြင်ဆီက လူခြေသံနှင့်တူသောအသံတရှပ်ရှပ်ကိုလည်း ကြားလိုက်ရသည်။"ကျွီ..."
"ဟေ့ကောင် ရင်းမောင်"
တင့်ဆွေက လက်ထဲတွင် ချိုင့်တစ်လုံးဆွဲကာ အခန်းထဲသို့ဝင်လာသည်။ထို့နောက် ဘာစကားမှထပ်မဆိုသေးဘဲ အခန်းထောင့်ရှိပုံးထဲက ပန်းကန်ခွက်ယောက်တွေကို ယူပြီး စာကြည့်စားပွဲပေါ်သို့တင်ကာ နေရာချသည်။ထို့နောက် ချိုင့်ကိုတဆင့်ချင်းဖြုတ်ကာ ဝယ်လာသည့်ထမင်းထုပ်ကို ပန်းကန်ထဲသို့ ဖြည်၍ထည့်၏။
"ဟေ့ကောင် ထဦး နေ့လည်စာစားဖို့လုပ် ငါဝယ်လာတယ်"
"ဘာမှစားချင်စိတ်မရှိဘူးတင့်ဆွေ"
"ဟ မင်းကလည်းသိပ်တော့မဟုတ်တော့ဘူးကွ စားလည်းမစား ညညဆိုလည်းတော်ရုံနဲ့မအိပ် အဲ့ဒီစာတွေကိုပဲ ထိုင်ရေး ဟိုကမင်းပေးလို့ပေးမှန်းတောင်သိရဲ့လားမသိဘူး"
တင့်ဆွေပြောပြီးမှစကားလွန်သွားမှန်းသိလိုက်သည်။
"လာပါကွာ စားလိုက်ပါ ပြီးရင်အတန်းသွားတက်ရအောင် စာမေးပွဲကဖြေရတော့မှာ သိပ်မလိုတော့ဘူး မင်းအတန်းပျက်တာဘယ်နှရက်ရှိပြီလဲ"
YOU ARE READING
"ငြိမ်"
Romanceဖြူစင်တဲ့ကလေးဘဝငယ်စဉ်ကတည်းက သန့်ရှင်းတဲ့စိတ်လိပ်ပြာဝိဉာဉ်တွေဟာ မသိစိတ်မှာချည်နှောင်မိခဲ့ကြပြီး ကံ့ကော်ခင်းသည့်မြေဝယ် အရောင်တွေပြောင်းသွားကြတဲ့အခါ... ငြိမ်သက်ခြင်းဆိုတာ ထာဝရမရှိတဲ့ လူ့ဘဝကြီးက အဲ့ဒီစိတ်လိပ်ပြာလေးတွေကို ကြမ္မာငင်စေဖို့အကြောင်းဖန်လာတဲ့...