အင်းလျားကန်ရေပြင်သည် လူသေကောင်ကြီးနှယ် မလှုပ်မယှက်ငြိမ်သက်လျက်ရှိသည်။ရင့်သောနွေ၏ ဝှေ့သောလေပြေတစ်ချက်တွင်တော့ လှိုင်းကြပ်ခွပ်ကလေးတွေက အနည်းငယ်လွန့်လူးသွားသည်။
ကုက္ကိုလ်ရွက်တွေကတော့ အညှာရင့်ပြီထင်၏။မိုးဖွားကျသလိုပင် တဖွဲဖွဲကြွေဆင်းကုန်ကြသည်။ရေဇလာပြင်ပေါ်တွင်မျောပါသွားကြသော ရွက်ကြွေတို့သည် အသုဘပို့လိုက်ကြသူများနှင့်တူသည်။
နည်းနည်းကလေးလှမ်းသော အကြော်တဲဆီမှ တလူလူထွက်နေသော မီးခိုးငွေ့တို့ကိုကြည့်ရင်း ရင်ဘတ်ထဲအနည်းငယ်တော့မွန်းကြပ်လာသည်။
ခြေထောက်နားက ကျောက်စရစ်ခဲ လေးငါးလုံးခန့်ကိုကောက်ယူပြီး ရေကန်မျက်နှာပြင်ပေါ်သို့တစ်လုံးချင်းကောက်ပစ်နေမိသည်။သူ လူသေကောင်ကြီးကိုလှုပ်နှိုးမိသွားသည်ထင်၏။ကြက်ခွပ်လေးတွေမဟုတ်ဘဲ လှိုင်းလုံးအသေးစားလေးတွေဖြစ်ပေါ်သွားသည်။
ရေပြင်ပေါ်ကနေဖြတ်တိုက်လာသော မတ်လအလယ်၏ အိုက်စပ်စပ်လေထုတစ်ခုသည် ချည်လုံချည်အနားစတွေကိုတွန်း၍ဖြတ်ကာတိုက်သွားလေတော့ လုံချည်စကလေထဲလွင့်ခနဲ လွင့်ခနဲ။
ရင်ထဲမှ အပူလုံးသည် ထိုလေထုထက်အဆမတန်ပူနေသည်ကိုတော့ ရင်းမောင်ငြင်းရခက်လိမ့်မည်။ငြိမ်ကလေးက သူ့ကိုချိန်းထားတာဟာ ဘာအတွက်ကြောင့်လဲ။ ထပ်ပြီးအဝေးမှာနေဖို့ ပြောမလို့လား။ဒါမှမဟုတ် သူ့ကိုချစ်တယ်လို့ပြောပြီး အဝေးတစ်နေရာကိုထွက်ပြေးကြမလို့လား။ဒုတိယတစ်ခု၏ဖြစ်နိုင်ခြေက အတော်လေးကိုနည်းတယ်ဆိုတာ ကြိုပြောစရာကိုမလိုပါ။ နောက်ပြီး ငြိမ်ကလေးဘဝကိုလည်းကမောက်ကမမဖြစ်စေလိုပါ။
သို့သော် ရင်းမောင်လည်း လွမ်း၍မသေရစ်လိုပါ။လက်ပတ်နာရီကလက်တံတွေက သွားတဲ့နှုန်းအရမ်းနှေးလွန်းနေသည်ဟုထင်မိသည်။
အခုဆိုရင် အတန်းအားလုံးကနောက်ဆုံးဘာသာကိုဖြေပြီး ပြန်ဖို့ပြင်သူကပြင် လည်ပတ်တဲ့သူတွေကလည်ပတ် အလွမ်းသယ်ကြသူတွေကအများသားပင်။
ရင်းမောင်တစ်ယောက်သာ နေမထိထိုင်မထိဖြစ်ကာ ကုက္ကိုလ်ပင်အောက်မှာ ရင်တမမနှင့်မတ်တပ်ကြီးရပ်နေရသည်မဟုတ်လား။
ငြိမ်ကလေးက လာတော့လာလောက်ပါတယ်လေ။
YOU ARE READING
"ငြိမ်"
Romanceဖြူစင်တဲ့ကလေးဘဝငယ်စဉ်ကတည်းက သန့်ရှင်းတဲ့စိတ်လိပ်ပြာဝိဉာဉ်တွေဟာ မသိစိတ်မှာချည်နှောင်မိခဲ့ကြပြီး ကံ့ကော်ခင်းသည့်မြေဝယ် အရောင်တွေပြောင်းသွားကြတဲ့အခါ... ငြိမ်သက်ခြင်းဆိုတာ ထာဝရမရှိတဲ့ လူ့ဘဝကြီးက အဲ့ဒီစိတ်လိပ်ပြာလေးတွေကို ကြမ္မာငင်စေဖို့အကြောင်းဖန်လာတဲ့...