Zawgyi
ခြံဝိုင်းထဲကိုပြန်ရောက်တော့ အတော်လေးကိုမှောင်နေပြီဖြစ်ကြောင်း အိမ်ထဲမှခပ်မှိန်မှိန်ဖြာထွက်နေသော ရေနံဆီမီးအိမ်၏အလင်းရောင်ကသက်သေပြုသည်။
ဝိုင်းထဲကမန်ကျည်းပင်အောက်မှာ စက်ဘီးကိုအသာရပ်ပြီး
ဒေါက်တင်နေခိုက်မှာပင်..."သားမောင် ဘယ်တွေသွားနေတာလဲကွယ်
အမေဖြင့်စိတ်ပူနေတာကွဲ့"အိမ်ပေါ်မှအသော့ပြေးဆင်းလာပြီးရင်းမောင်ရဲ့ပုခုံးနှစ်ဖက်ကိုအသာအယာဆုပ်ကိုင်၍ စိုးရိမ်တကြီးမေးလာသည့် အမေဖြစ်သူကို အဖြစ်အပျက်အစအဆုံးအား ရင်းမောင်အမှန်အတိုင်းရှင်းပြရန်သာဆုံးဖြတ်လိုက်သည်။
"သြော်...သားရယ် အမေ့မှာဖြင့်စိတ်ပူလိုက်ရတာ
သားလေးတစ်ခုခုဖြစ်သွားမှာစိုးရိမ်လို့ပါကွယ်...
နောက်ပြီး မေ့သားမောင်က အမေ့ကိုခွင့်မတောင်းဘဲဘာမှမလုပ်ဖူးပဲလေ...
ဒါပေမယ့် လမ်းပျောက်နေတဲ့ကလေးကိုကူညီလိုက်တဲ့
မေ့သားမောင်အတွက် အမေ သာဓုခေါ်ပါတယ်ကွယ်..."အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင် ဒီကနေ့ဖြစ်ပျက်သမျှကိုရင်းမောင်ရှင်းပြမိနေသည်မှာ
မည်မျှကြာသွားသည်မသိ။
ကောင်းကင်တွင် ခုံးမျက်စ သုံးရက်လကလေးပင်တစ်စွန်းတစ်စထွက်ပေါ်နေလေပြီ...။"သားမောင်...ရေသွားချိုးချည်လေ မှောင်တောင်နေပြီ"
"ဒီမှာ... "
လုံချည်စလွယ်သိုင်းထဲမှာ ပြွတ်သိပ်ထည့်လာသည့် မန်ကျည်းတောင့်တွေကို အမေ့လက်ထဲထည့်ပေးရင်း...
"မန်ကျည်းတောင့်ငါးပိကြော်လေး ကြော်လို့ရအောင်သားခူးလာခဲ့တယ်"
"ဟုတ်ပါပြီတော် ငါ့သားအကြိုက်ကိုအမေသိပါ့တော်
မနက်ဖြန်မနက်အစောထကြော်ပေးမယ် အခုတော့ရေချိုးလိုက်ဦး""ဟုတ်ကဲ့ပါ... အမေ"
လရောင်ဆမ်းတဲ့နွေညဦးယံတွင်ရေချိုးရသည်မှာ
ထင်သလောက်အေးစိမ့်မနေပေ။
သို့သော်စဥ့်အိုးနှင့်ကျောက်ဇလားအချို့ရှိရာဘေးတွင်
ပေါက်နေသည့်ပိတောက်ပင်ကိုညလေပြေသွေးချိန်တွင်တော့ရင်းမောင်စိမ့်ခနဲဖြစ်သွားတာတော့အမှန်...။
ကာဘော်လိပ်ဆပ်ပြာကိုအသာအယာပွတ်တိုက်ရင်း ထွက်လာသည့်ဆပ်ပြာအနံ့သည် ညနေကထိုကောင်လေးဆီမှရသော ကိုယ်နံ့လောက်ပင်မမွှေးဟုရင်းမောင်တွေးမိသည်။
YOU ARE READING
"ငြိမ်"
Romanceဖြူစင်တဲ့ကလေးဘဝငယ်စဉ်ကတည်းက သန့်ရှင်းတဲ့စိတ်လိပ်ပြာဝိဉာဉ်တွေဟာ မသိစိတ်မှာချည်နှောင်မိခဲ့ကြပြီး ကံ့ကော်ခင်းသည့်မြေဝယ် အရောင်တွေပြောင်းသွားကြတဲ့အခါ... ငြိမ်သက်ခြင်းဆိုတာ ထာဝရမရှိတဲ့ လူ့ဘဝကြီးက အဲ့ဒီစိတ်လိပ်ပြာလေးတွေကို ကြမ္မာငင်စေဖို့အကြောင်းဖန်လာတဲ့...