Zawgyi
"အမြဲတမ်းပဲတွေ့နေချင်တယ် ...အချစ်ရယ် ....
ချစ်စကားလေးကြားနေချင်တယ်... အချစ်ရယ်
ချစ်လွန်းလို့ ရူးရမလောက်ထိအောင်ကွယ်..
သိပ်သိပ်ချစ်ရတဲ့.. နွဲ့တင်ရယ်...!!! "
ဦးချစ်ဆိုင်အတွင်းဝယ် ကိုထီး ၊တစ်နည်းအားဖြင့်နာမည်ရကာစပြုနေတဲ့ရှမ်းအဆိုတော် စိုင်းထီဆိုင်းရဲ့ရှမ်းသံဝဲ၀ဲအသံချိုအေးအေးလေးက မနက်ခင်းနေရောင်ခြည်တွေကြားတွင် မတိုးမကျယ်လေးပျံ့လွင့်နေသည်။
အဆောင်ထမင်းဟင်းနှင့်မတင်းတိမ်သည်မို့ ဦးချစ်ဆိုင်ဝင်ကာ ပဲအီကြာတစ်ပွဲကို ချိုဆိမ့်တစ်ခွက်နှင့်လွေးဖို့ ရင်းမောင်စောစီးစွာရောက်နှင့်နေရခြင်းဖြစ်သည်။
ဆိုင်ထဲတွင်ကား စုံတွဲလေး တစ်တွဲနှစ်တွဲရှိနေ၏။
တစ်တွဲမူကား ကောင်မလေးကကောင်လေးကို
စိတ်ဆိုးနေသည်ထင့်...။
နို့ဆီမပျော်သေးသော လက်ဖက်ရည်ခွက်ကိုကောင်လေးက
အသာမွှေနှောက်ပေးရင် ကောင်မလေးအရှေ့သို့ချပေးကာ ကိုထီးသီချင်းထဲကလို မည်မျှသိပ်သိပ်ချစ်ရကြောင်း ချော့မြူပြောဆိုနေလေသည်ကို
ရင်းမောင်အတိုင်းသားကြားနေရ၍ ခပ်ဖွဖွပြုံးမိသေးသည်။ထိုခဏ၌ ရင်းမောင်အတွေးထဲဝယ် မိမိလက်မောင်းကိုလာရောက်ဆုပ်ကိုင်သည့် လက်ချောင်းသေးငယ်လေးတွေရဲ့ပုံရိပ်တွေက
လွန့်လူးလာသည်မို့ အတွေးတွေကိုအချိုခပ်ပြီးသတ်ပစ်လိုငြား ချိုဆိမ့်လက်ကျန်ကို တစ်ကျိုက်တည်းမျှောချပစ်လိုက်မိသည်။"ဟယ်... ကိုကြီးဧက တစ်ယောက်တည်းလား"
"ဪ... နွေမော် ညီမလေး
လာ... ထိုင် ချိုဆိမ့်လား ပေါ့ဆိမ့်လား"သုံးဘီးကားလိမ္မော်ရောင်အမွေးပွလွယ်အိတ်ကို ပေါင်ပေါ်တင်ပြီး ခွေးခြေတစ်ခုပေါ်ဝယ် သိမ်သိမ်မွေ့မွေ့ထိုင်လိုက်သည့် ကောင်မလေးသည် ငြိမ်ပြေပြောပြသလို အညာသူလေးလို့မထင်ရက်လောက်အောင်ပင် မညို့တညိုကလေးဝင်းဖန့်ညက်ညောနေသည်မှာအမှန်။
တစ်မူထူးခြားနေတာကတော့ တန်ခူးလတွေမှာမှ တွေ့ရမွှေးရသည့်ပိတောက်ရနံလေးသည်
သူမထံမှ တစ်ချက်တစ်ချက်လွင့်ပျံလာတတ်ပါသေးသည်။

YOU ARE READING
"ငြိမ်"
Romanceဖြူစင်တဲ့ကလေးဘဝငယ်စဉ်ကတည်းက သန့်ရှင်းတဲ့စိတ်လိပ်ပြာဝိဉာဉ်တွေဟာ မသိစိတ်မှာချည်နှောင်မိခဲ့ကြပြီး ကံ့ကော်ခင်းသည့်မြေဝယ် အရောင်တွေပြောင်းသွားကြတဲ့အခါ... ငြိမ်သက်ခြင်းဆိုတာ ထာဝရမရှိတဲ့ လူ့ဘဝကြီးက အဲ့ဒီစိတ်လိပ်ပြာလေးတွေကို ကြမ္မာငင်စေဖို့အကြောင်းဖန်လာတဲ့...