Ep 30

115 8 2
                                    

Unicode

"ကံ့ကော်...ကံ့ကော်ဆိုတာ
နွေကြောင့်ဝေရတယ်
နွေကြောင့်ပဲကြွေရတယ်
နင့်ပိုးနေအောင်ချစ်ရတဲ့
မေတ္တာတွေကို ဝတ်ဆံထဲထည့်လို့
မင်းအတွက်ဝေပါတယ်
မင်းအတွက်ပဲကြွေပါတယ်"

ချစ်ရတဲ့
ကံ့ကော်

စာအိတ်ညိုညိုနဲ့ အတူ ကံ့ကော်ပွင့်လေးကိုကိုင်ပြီး ငြိမ်ပြေတိတ်ဆိတ်ငြိမ်သက်နေမိသည်။နေ့လည်ခင်းအတန်းပြန်တက်ချိန်မို့ အဓိပတိလမ်းဟာ ကံ့ကော်ရွက်တွေကလွဲလို့
တိတ်ဆိတ်လျက်ရှိသည်။လေရူးဟာ ကတ္တရာလမ်းပေါ်ကိုတရွတ်တိုက်လျှပ်တိုက်သွားတော့ လေပွေအသေးစားလေးတွေက ကြွေရွက်ကံ့ကော်တွေကို ကျီစယ်ဆော့ကစားသွား၏။ ဘယ်သူဘယ်ဝါ ဘယ်အရပ်ကလာမှန်းမသိသော ထိုစာတွေဟာ ငြိမ်ပြေ့ဆီကိုရောက်လာသည်မှာ ဒီနေ့နဲ့ဆိုလျှင် တစ်ဆယ့်ငါးရက်မြောက်ရှိပြီဖြစ်သည်။ ကံ့ကော်ဆိုသောသူသည် သေချာပေါက်ငြိမ်ပြေ့ကိုသိနေသည့်သူဖြစ်မည်။နောက်ပြီး ငြိမ်ပြေသွားလာတတ်သည့် အချိန်နှင့်နေရာတို့အား အသေအချာလေ့လာထားသူဖြစ်ပြီး ထိုစာအိတ်ညိုတွေကို ငြိမ်ပြေသတိမထားမိချိန်များတွင် ငြိမ်ပြေ့ဆီမရောက် ရောက်အောင်ထားခဲ့နိုင်သူဖြစ်၏။

ကန်တင်းတွင်လက်ဖက်ရည်မှာချိန် လက်ဖက်ရည်ခွက်နှင့်အတူရောက်လာသော စာတွေ၊ အတန်းထဲက ငြိမ်ပြေထိုင်နေကျစားပွဲခုံပေါ်၌ရှိနေတတ်သော စာအိတ်ညိုတွေ၊ စာကြည့်တိုက်မှငြိမ်ပြေငှားသော စာအုပ်တွေကြား၌ညှပ်‌၍ပါလာတတ်သောစာနှင့်ကံ့ကော်ပွင့်တွေ၊ ငြိမ်ပြေ့ထမင်းချိုင့်လက်ကိုင်ပေါ်တွင် အုန်းဆံကြိုးတွဲလွဲချည်ထားသော စာအိတ်ညိုတွေဟာ တိုက်ဆိုင်မှုမဟုတ်မှန်း ငြိမ်ပြေကောင်းကောင်းကြီးသိပါသည်။

"ပွမ် ပွမ် ပွမ်"

အနားသို့ရောက်လာကာ ကျယ်ကျယ်လောင်လောင်ထတီးသော ကားဟွန်းတီးသံကြောင့် အသိစိတ်နှင့်မသိစိတ်သည် တသားတည်းပြန်ဖြစ်သွားရသည်။

"ဘာတွေငေးနေတာလဲ ငြိမ်ကလေး
လာ တက် သွားရအောင် ဟိုမှာ ဂျက်စမင်စောင့်နေပြီ "

"ဟုတ်ကဲ့"

ကားကလေးသည် ပြည်လမ်းမကြီးပေါ်တွင် တရိပ်ရိပ်ပြေးနေလေ၏။
ကားအတွင်းလေထုက သိသိသာသာကြီးကိုအေးစက်နေလေသည်။
ကိုကြီးကြည်ညိုက ငြိမ်ပြေမရှိနေသည့်အလား ရှေ့ကယာဉ်ကြောအသွားအလာကိုသာ အာရုံစိုက်မောင်းနှင်နေလေ၏။
ဒီရက်ပိုင်းအတွင်း ကိုကြီးကြည်ညို၏ပုံစံသည် ရွှင်ရွှင်ပျပျပြန်ဖြစ်လာပုံရသည်။
အသားအရည်ပြန်ပြည့်လာပြီး အရင်ကထက်လည်း ပို၍ကြည့်ကောင်းလာသည်။
ငြိမ်ပြေ့အပေါ်ဆူဆူငေါက်ငေါက်လည်းသိပ်မလုပ်တော့။ဒီလိုဆိုတော့လည်း ငြိမ်ပြေသိပ်မနေတတ်ပေ။ကိုကြီးကြည်ညိုက ဆူဆူပူပူ‌လုပ်နေမှနေသာထိုင်သာရှိတာကတော့အမှန်ပင်ဖြစ်သည်။ဘယ်အရာတွေကများ ကိုကြီးကြည်ညိုကိုပြောင်းလဲပစ်လိုက်နိုင်တာပါလိမ့်။

"ငြိမ်"Where stories live. Discover now