My dear male nurse part 34

1.1K 39 0
                                    

နောက်တစ်နေ့မနက် လွှမ်းတို့လေးယောက်ရယ်၊ လင်လင်နှစ်ယောက်ရယ် ၊ထွဋ်ခေါင်ရဲ့ညီ၀မ်းကွဲတစ်ယောက်ရယ် အားလုံးပေါင်းပြီး ကမ္မဌာန်းကျောင်းသို့ လှူဖွယ်၀တ္ထုတွေကို ကပ်လှူဖို့သွားရောက်ခဲ့ကြသည်။ ကမ္မဌာန်းကျောင်းသို့ရောက်တော့ အရင်ဆုံး ဗုဒ္ဓမြတ်စွာဘုရားကို ရှိခိုးကန်တော့လိုက်ပြီးနောက် ကျောင်းထိုင်ဆရာတော်ကို ဦးခိုက်လိုက်ကြသည်။

"ဒကာလေးတို့က တောင်ကြီးပြန်တော့မှာပေါ့"

ဆရာတော်ဘုရားက မိန့်ကြားလာတဲ့အခိုက် ၀န်ရွက်က လက်အုပ်ချီပြီးပြန်ဖြေလိုက်သည်။

"တင်ပါ့ဘုရား တပည့်တော်တို့ ခွင့်ရက်အကြာကြီးမရလို့ပါဘုရား"

"အေးကွယ် အလုပ်ကတော့လုပ်နေရအုန်းမှာပဲလေ အစစအရာရာဂရုစိုက်ကြ အလုပ်လုပ်ရင်စေတနာလေးထည့်ပြီးလုပ် ပြီးရင် သရဏဂုံသုံးပါးကိုအမြဲတမ်းဆောက်တည်ကြ ကြားလား ဒကာလေးတို့"

"တင်ပါ့ဘုန်းဘုန်းဘုရား"

ဆရာတော်ဘုရားနဲ့ ၀န်ရွက်တို့ စကားပြောနေတာကို နားထောင်နေရင်း အနောက်ကရယ်သံတွေကြားနေတာကြောင့် လွှမ်းလှည့်ကြည့်လိုက်တော့ သက္ကရာဇ်နဲ့ထွဋ်ခေါင်ရဲ့ညီ၀မ်းကွဲဆိုသူတစ်ယောက်နဲ့ ခေါင်းချင်းဆိုင်ပြီး စကားတွေများနေကြသည်။ လွှမ်း လည်းအသိပေးသလိုပုံစံနဲ့ သက္ကရာဇ်ကို စိုက်ကြည့်ပေးလိုက်တော့ သူ့ကိုဒီအတိုင်းကြည့်နေတယ်ထင်ပြီး သွားဖြဲကာရယ်ပြလာသည်။ အကုန်လုံးက ရှေ့မှာရောက်နေပြီး လွှမ်းရယ် သက္ကရာဇ်ရယ် ထွဋ်ခေါင်ရဲ့ညီ၀မ်းကွဲဆိုသူရယ်က နောက်ဆုံးမှာထိုင်နေတာကြောင့် သူတို့စကားများနေတာကို ဘယ်သူကမှမသိကြတာပင်။ လူကြီးတွေစကားပြောနေတာကိုအခွင့်ကောင်းယူပြီး နောက်ဆုံးကနှစ်ယောက်က စကားများနေတာကြောင့် လွှမ်းမျက်မှောင်ကျုံ့ကာ အံကိုတင်းတင်းကြိတ်ထားမိသည်။ ကိုယ်တစ်ယောက်လုံးရှိနေတာတောင် အရေးမလုပ်ဘဲ တခြားတစ်ကောင်နဲ့ရယ်ရယ်မောမောပြောရလောက်အောင်ထိ အဘယ်စကားကများ အရေးပါနေပါသနည်း။

"စကားမများနဲ့"

အံကြိတ်သံဖြင့် နောက်လှည့်ပြီးပြောလိုက်တော့ ငြိမ်ကျသွားသည်။

My dear male nurse (Complete)Where stories live. Discover now