အခန်း (၁၅)
"သူများသွားပြောမနေနဲ့ သူများကရောက်တာဖြင့် ညည်းအိပ်ရာမထခင်ထဲက "
"မေမေ့ "
"အဟီး..အဟား ဟား "
ဆုလာဘ်မတို့ရဲ့ ရယ်သံက အိမ်ပေါ်မရောက်တဲ့ထိတောင် မတိတ်သေးပေ ။မိုးအိန္ဒြေဖြူရယ် နင်ကလုပ်လိုက်ရင်တလွဲတွေပဲ ဟယ်။
ရေချိုးမိုးချိုးပြီး ရှိသမျှအ၀တ်တွေမွေနှောက်ရှာရတော့၏။အရေးဟယ် အကြောင်းရယ်ဆို ၀တ်စရာဘာမှမရှိတော့ပေ ။
စပန့်ဂါ၀န်တွေနှင့် ကာတွန်း ၀မ်းစပ်ရောင်စုံတွေသာရှိ၏။ရှာမရသည့်အဆုံး ဟိုတစ်နေ့ကမှ အမေချုပ်ပေးထားသည့် ဒူးအောက်စပန့်လေထီးဂါ၀န်အ၀ဲလေးကိုသာ ၀တ်လိုက်ရတော့သည်။
နားအောက်မရောက်တစ်ရောက်ဖြစ်နေတဲ့ ဆံပင်အကုပ်ကို အလယ်ခွဲ ခွဲပြီးကျောက်အနီလေးတွေပါတဲ့ ကလစ်နှစ်ခုကိုဟိုဘက်ဒီဘက်ထိုးညှပ်ကာ အောက်ထပ်ကို အမြန်ဆင်းလာခဲ့တော့သည်။"ဘုရင်မကြီး ကြွလာပါပြီ "
"၀တ်မူန်မ ပေါက်ကရတွေပြောမနေနဲ့ "
"ပြင်လို့ပြီးပြီပေါ့ ငါကနင်ဒီနေ့ဆင်းမလာတော့ဘူးတောင်ထင်နေတာ ရှက်ပြီးတော့လေ "
"ဆုလာဘ် အဲ့အကြောင်းထပ်စကားမစနဲ့နော် "
"ဘာဖြစ်တုန်း ဖြူဖြူရယ် တို့တွေက သူငယ်ချင်းတွေပဲကို "
"ဟုတ်တယ် ဥက္ကာပြောလိုက် သူကတို့အဖွဲ့ကိုရှက်တာမဟုတ်လောက်ဘူး တစ်ယောက်သောသူကိုပဲ နေမှာ"
"ဟမ် ဘာစကားတွေပြောနေကြတာလဲ အမေရှိတယ်ဟဲ့ "
"အယ် ကောင်မလေး ရှက်နေတာ "
တစ်ကယ်ပါပဲ ရှက်နေပါတယ်ဆို ဟိုတစ်ယောက်ကလည်း လိုက်ရယ်နေတာ ဟာသမှတ်နေကြလားမသိဘူး ။
မီးဖိုထဲကလက်ဖက်သုပ်ပန်းကန်ကိုင်ပြီးထွက်လာတဲ့ မျိုးမြတ်ကို တော်တော်ကိုကျေးဇူးတင်မိနေတော့သည်။
ဒီအနေရခက်နေတဲ့အခြေနေကြီးကိုကယ်တင်လိုက်တဲ့ မျိုးမြတ် ကျေးဇူးကြီးမားပါပေတယ်။"ဟဲ့ ငါကဘာဖြစ်နေလို့လဲ နင်တို့လည်းငါ့ကိုပဲအပြစ်ပြောဖို့ချောင်းနေကြတာ"