အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်

573 37 0
                                    

Chapter - 43

ဘန်က ဆာစီးနီယာကို ထူမပေးလိုက်သည်။ သူမခြေထောက်များမှာ အလွန်အားနည်းနေသဖြင့် ဖေးမမည့်သူမပါဘဲ မတ်တပ်ပင်မရပ်နိုင်။ သူမမှာ ရွေးချယ်စရာမရှိ သူ့အပေါ်ပဲ မှီထားလိုက်ရသည်။ သူ၏ လက်များဖြင့် ဖက်သိုင်းကာထားသည်မှာ သူမအတွက် မည်သည့်အန္တရာယ်မှ မကျရောက်လာနိုင်တော့အောင်ပင် စိတ်လုံခြုံမှုပေးနိုင်သည်။

"ကိုယ်တို့ ဆေးကုတဲ့နေရာကို ချက်ချင်းသွားကြရအောင်"

သူ့အပေါ် တွယ်ရာမဲ့စွာ မှီထားရသော ဆာစီးနီယာမှာ သူမအလေးချိန်ကြောင့် ဘန် လေးနေမည်ကိုစိတ်ပူနေသည်။ သို့သော် ဘန် ကတော့ သူမကို ငှက်မွှေးလေးပမာပင် အသာအယာ ဖက်ကိုင်ထားသည်။ ဘန်က ညင်သာစွာ လက်တစ်ဖက်ဖြင့် သူမကိုခါးကို သိုင်းဖက်ထားပြီး လက်တစ်ဖက်က သူ့အိတ်ကပ်ထဲမှ လက်ကိုင်ပဝါထုတ်ကာ သူမရဲ့ နဖူးလေးကို ဖိပေးထားသည်။ လက်ကိုင်ပဝါကို ကိုင်ဖိထားသော သူ့ရဲ့လက်မှာ အကြောများထောင်ထနေသော်လည်း သူ့အထိအတွေ့မှာ အလွန်ဂရုစိုက်ပြီး အညင်သာဆုံးပင်ဖြစ်နေသည်။

ဘန်သည် ဆာစီးနီယာကို အခုလိုလုပ်သည့်သူအား ချက်ခြင်းသတ်ပစ်ချင်အောင် စိတ်တိုနေသော်လည်း သူမသည်ဟာ ပထမ အရေးအကြီးဆုံးပင်။ ယခုသူမမှာ သွေးထွက်နေဆဲဖြစ်ပြီး အသက်ရှူသံမှာလည်း အစောကတည်းကပင် တိုးညှင်းနေခြင်းမှာ သူ့ကို ပြာယာခတ်အောင်ကို ပူပန်နေစေသည်။ သူမရဲ့ နီညိုရောင် မျက်လုံးများမှာ မှေးမှိန်ပြီး အသက်ကင်းမဲ့ကာ မျက်နှာသည်လည်း အလွန်ပင် ဖြူဖျော့နေသည်။

"ဆာစီးနီယာ?"

ဆာစီးနီယာက တိုးတိတ်စွာ အသက်ရှူရင်း သူမရဲ့လက်ချောင်းများက သူ့ဝတ်ရုံအနားကို ဆွဲထားဆဲပင်။ သို့သော် သူမထံမှ ဖြေသံမကြားရ။ ဘန်မှာ ကိုယ့်ကိုကိုယ်သာ အပြစ်တင်နေသည်။ သူမ မထိခိုက်မိခင်ကတည်းက သူမကိုကာကွယ်ပေးခဲ့သင့်သည်။ သူဖြစ်ပျက်ခဲ့သမျှအကုန်လုံးကို ဖြစ်မလာအောင် တားဆီးနိုင်ခဲ့သင့်သည်။ သူသာ ကာကွယ် တားဆီးနိုင်ခဲ့လျှင် သူမအခုလို သွေးများစီးကျနေရမည်မဟုတ်။

'ကိုယ်လွန်ခဲ့တဲ့သုံးနှစ်က ဖမ်းမိမခံခဲ့ရသင့်ဘူး'

သူမဘေးမှာသာ သူရှိနေခဲ့လျှင် အခုလိုဖြစ်မည်မဟုတ်ပေ။ ဘန်သည် ဖြစ်ပျက်ခဲ့သမျှအကုန်လုံးအတွက်တာဝန်ရှိသော ယခင် မြို့စားမင်း ကန်ဒရစ်အပေါ်  ဒေါသထွက်မိသည်။ သူ့ကြောင့်သာ အားလုံး အခုလိုဖြစ်ကြရသည်။ သို့ပေမယ့် ဘန်က သူ့ကိုယ်သူ ပိုစိတ်ဆိုးရသည်။ သူ့လည်ပင်းမှာတောင့်တင်းလာပြီး သွေးများတိုးလာနေသည်။

အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်Where stories live. Discover now