Chapter 56
"အိုး ဆာစီးနီယာ ကြည့်ပါအုံး"မေက ကလေးလို ခုန်ပေါက်နေရင်း အော်ပြောလိုက်သည်။ သူမမျက်လုံးများမှာ အပျော်များဖုံးလွှမ်းကာ အရောင်တောက်ပနေသည်။ ဗားန်မှာလည်း ထိုသို့ပင်ထပ်တူဖြစ်ကြောင်း မထုတ်ဖော်ပြသော်လည်း ဆာစီးနီယာက မြင်နေရသည်။
"ဗားန် ညီမကြည့်ချင်ရှိရင်လည်း ကြည့်လို့ရတယ်နော်"
"ကျွန်မ တကယ်ကြည့်လို့ရလားဟင်"
"ညီမရဲ့ အားလပ်ချိန်ပဲလေ ရတာပေါ့"
ခွင့်ပြုချက်ရသည်နှင့် ဗားန်သည် မျက်လုံးပြူးကာ မေကဲ့သို့ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ဆာစီးနီယာနှင့်တကွ မေနှင့်ဗားန်သည် မြို့တော်အလယ်ရှိ ဖာဘီယမ်းလမ်းပေါ်တွင်ဆက်လျှောက်လှမ်းနေကြသည်။ ဖာဘီယမ်းလမ်းမှာ မြို့တော်၏ ဗဟိုဈေးကြီးပင်ဖြစ်သည်။ နိုင်ငံတကာမှ ပစ္စည်းမျိုးစုံကို တွေ့နိုင်မြင်နိုင်သည်ဟု ပြောလျှင်လွန်မည်မထင်။ ဆာစီးနီယာနှင့် ဘန်တို့နေထိုင်ခဲ့သည့် မူလိန်းရွာမှထွက်သော သစ်သားလက်မှုပစ္စည်းများကိုလည်း ဤလမ်းပေါ်ရှိဈေးတွင် တွေ့နိုင်သည်။ ထို့ကြောင့် လမ်းတစ်လျှောက်တွင် လူအများ၏ စိတ်အာရုံကိုအလွယ်တကူ ဖမ်းစားထားနိုင်သည့် မျက်စိကျစရာ စိတ်ဝင်စားစရာများနှင့်ပြည့်နှက်နေသည်။ ဗားန်နှင့်မေကို ကလေးများသဖွယ် မျက်လုံးဒေါက်ထောက်ကြည့်ရင်း ဆာစီးနီယာမှာ ခပ်ဖြည်းဖြည်းလျှောက်လာခဲ့သည်။
"တိုက်မိပြီးလဲနေအုံးမယ်နော် မေ"
"ဘာမှမဖြစ်ပါဘူး။ ဆာစီးနီယာ ဒီရတနာကို ကြည့်ပါအုံး"
ဆာစီးနီယာက မေတစ်ယောက် စိတ်လှုပ်ရှားပြီး ယုန်တစ်ကောင်လို ခုန်ဆွခုန်ဆွဖြစ်နေသည်ကို ပြုံးကြည့်နေလိုက်သည်။ စံအိမ်ကြီးထဲတွင် စိတ်အိုက်သလို အသက်ရှူမဝသလိုခံစားရသောကြောင့် လမ်းလျှောက်ထွက်လာခဲ့သော်လည်း မေ ဒီလောက်ပျော်မြူးနှစ်ခြိုက်နေလိမ့်မည်ဟုမထင်ခဲ့။ သူမသာသိခဲ့လျှင် အစောကတည်းက ခေါ်လာခဲ့မည်ပင်။
"ဝိုး.. လှလိုက်တာနော်"
နှင်းဆီပွင့်ပုံ ရင်ထိုးလေးကိုကြည့်ရင်း ဗားန်မှာ ညို့ငင်ဖမ်းစားခံထားရသလို တီးတိုးရေရွတ်နေသည်။
YOU ARE READING
အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်
General Fictionအချစ်တို့ရေ နောက်ထပ်အသစ်လေးတစ်ပုဒ် ကြေညာမို့ပါရှင်... ဒီခါတော့ Chinese novel မဟုတ်ပဲ Korean novel လေးပါ စင်ဒရဲလားဇာတ်လမ်းထဲက စုန်းမကြီးရဲ့ ခန္ဓာကိုယ်ထဲကူးပြောင်းသွားခဲ့တဲ့ ဆာစီးနီယာနဲ့ နာမည်တောင်မရှိတဲ့ကောင်ကလေးတစ်ယောက်တို့ရဲ့ တွေ့ဆုံကြုံကွဲလေး...