1021 - 1025

150 11 0
                                    

အပိုင်း(၁၀၂၁)ဘေးထွက်ဆိုးကျိုး

     “သခင်မလေး"
    ထိုအချိန်၌ ခြံဝင်း၏ အပြင်ဘက်က အသံတစ်သံထွက်ပေါ်လာသည်။
     “ခေါင်းဆောင်က သခင်မလေးကယ်ထားတဲ့ သခင်လေးနိုးလာတဲ့အကြောင်း ကြားတယ်တဲ့…သူက သခင်လေးကို သူ့ကိုတွေ့ဖို့ခေါ်လာခိုင်းလိုက်ပါတယ်"

     “အဖေက ဘာဖြစ်ချင်နေတာလဲ"
    ယဲ့ရွှမ် အနည်းငယ်စိတ်မပါသလို မျက်မှောင်ကြုတ်သွားသည်။

     “ရွှမ်လေး…ညီမလေးက ယဲ့ကလန်ခေါင်းဆောင်ရဲ့ သမီးဖြစ်လိမ့်မယ်လို့ အစ်ကို မထင်ထားခဲ့ဘူး…အခုဒီအကြောင်းပြောမှ အစ်ကိုယဲ့ကလန်မှာနေတာလည်းကြာပြီ…ဒါကြောင့် ယဲ့ကလန်ခေါင်းဆောင်နဲ့တွေ့ဖို့ ခေါ်သွားပေးပါ"
      သွမ့်လင်းထျန် ပြုံးလိုက်သည်။

     သွမ့်လင်းထျန် ထိုသို့ပြောသော‌ကြောင့် ယဲ့ရွှမ်အတွက် ငြင်းစရာအကြောင်းမရှိပေ။
     သူမသည်  သွမ့်လင်းထျန်ကိုခေါ်၍ ယဲ့ကလန်၏ ဧည့်ခန်းမထဲ ဦးတည်လာခဲ့သည်။

        ယဲ့ကလန်၏ ဧည့်ခန်းမထဲတွင်…

     ယဲ့ကလန်ခေါင်းဆောင် ယဲ့ထင်သည် ဦးဆောင်ထိုင်ခုံတွင် ထိုင်နေသည်။ ယဲ့ထင်သည် အသက်ငါးဆယ်ဝန်းကျင်ခန့်ဖြစ်ပြီး သူ၏ ရုပ်ရည်သွင်ပြင်က သာမန်ဖြစ်သည်။
     သို့သော်လည်း တည်ကြည်သော မျက်နှာအမူအရာရှိပြီး ရာထူးကြီးမြင့်သူတစ်ဦး၏ ပုံသဏ္ဌာန်ရှိသည်။
     ညာဘက်အောက် ထိုင်ခုံတွင် အသက်လေးဆယ်ဝန်းကျင် သက်လတ်ပိုင်းလူတစ်ယောက် ထိုင်နေသည်။
    သက်လတ်ပိုင်းလူ၏ မျက်နှာအချိုးအဆစ်က ယဲ့ထင်နှင့် တူသော်လည်း သူ၏ မျက်နှာအမူအရာမှာ ရက်စက်မှုနှင့် မကြည်လင်မှုအနည်းငယ်စွန်းထင်းနေသည်။ သူက သာမန်လူတစ်ယောက်မဟုတ်ကြောင်းသိသာသည်။
     ထိုလူသည် ယဲ့ကလန်၏ တတိယအကြီးအကဲ ယဲ့ဟိုင်ဖြစ်ပြီး ယဲ့ထင်၏ ဖအေတူညီ ဖြစ်သည်။

      “အစ်ကိုကြီး…ကျုပ်ရွှမ်လေးအကြောင်းကို ဒီလိုမပြောချင်ပါဘူး… ဒါပေမဲ့ ရွှမ်လေးလို အပျိုစင်တစ်ယောက်က ယောက်ျားသားတစ်ယောက်ကို သူ့ရဲ့ ခြံဝင်းထဲခေါ်ထားတယ်…တကယ်လို့ ဒီကိစ္စသာ ချန်းကလန်ကို ပျံ့သွားမယ်ဆို သူတို့ အဲဒါကို လက်ခံမှာလား"
     ယဲ့ဟိုင် ကျယ်လောင်သောအသံဖြင့်ပြောလိုက်သည်။

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးWhere stories live. Discover now